"ဟိတ် တူတူပြန်မှာနော်""ဟာ.."
ယူဂျင်းက ကန်တင်းမှာ ဟွမ်ဝန်းနဲ့အတူ ထမင်းစားနေတုန်း ဘယ်ကနေဘယ်လိုခုန်ပေါက်ရောက်လာမှန်းမသိတဲ့ ဂယူဘင်းက ရောက်လာပြီး သူ့ဟာသူအေးဆေး ထမင်းစားနေတဲ့ ယူဂျင်းရဲ့ ဆံပင်ကို ဆွဲဖွသွားသည်။
ထိုမြင်ကွင်းကို ဟွမ်ဝန်းက သဘောမတွေ့တာကြောင့် ယူဂျင်းကိုမေးတော့တယ်။
"မင်းနဲ့ ကင်မ်ဂယူဘင်းက ဘယ်လိုသိသွားကြပြန်တာလဲ..မင်းကို မပေါင်းနဲ့လို့ ငါသတိပေးထားတဲ့ဟာကို"
အဲ့တော့မှ ယူဂျင်းက ထိုသတိပေးစကားကို နားထဲပြန်ကြားယောင်လာဟန် ပါးစပ်ကလေးဟမိသွားရသည်။
ဟွမ်ဝန်းက အခုထိ ယူဂျင်းက ဂယူဘင်းကို စာသင်ပေးနေတယ်ဆိုတာကို မသိသေးပါ။ နောက်တစ်ချက်က ယူဂျင်းက နဂိုတည်းက စကားမရှုပ်တတ်တဲ့လူစားမျိုးမို့ သူ့မှာဖြစ်ပျက်နေတဲ့ ကိစ္စအဝဝကို လိုက်ပြောပြဖို့လဲ အစီစဉ်မရှိတာကြောင့် အတန်းဖော်ဖြစ်တဲ့ ဟွမ်ဝန်းကို မပြောပြခဲ့တာဖြစ်တယ်။
ပြီးတော့ ဟွမ်ဝန်းနဲ့ကလဲ သိတာဖြင့်၊ကျောင်းဖွင့်တာနဲ့ဆိုရင် နှစ်လတောင်မပြည့်သေးတာကို။
ဟွမ်ဝန်းနှင့် ယူဂျင်းက ကျောင်းမှာဆိုရင် အတူသွား ၊အတူလာကြပေမဲ့ ဟွမ်ဝန်းကသာ စကားတွေအများကြီးပြောပြီး ယူဂျင်းက ခေါင်းညိမ့်နားထောင်သူသာ။
"ဖြေဦးလေ..ဘယ်လိုသိတာလဲလို့"
ဟွမ်ဝန်းက စားနေတဲ့ထမင်းကိုတောင် ဆက်မစားတော့ပဲ ကိုင်ထားတဲ့ဇွန်းကို ချကာ ယူဂျင်းရဲ့ ပုခုံးကိုဆွဲကာ လှုပ်ယမ်းမေးလာတဲ့အခါ ယူဂျင်းစိတ်အဆင်မပြေတော့ပါ။
တစ်ခါတစ်လေ ဟွမ်ဝန်းက ယူဂျင်းအတွက် အသေးစားအရှုပ်အထုတ်တစ်ခုလိုပါပဲ။
"ကင်မ်ဂယူဘင်းက မကောင်းပါဘူးဆိုမှ...မင်းအတွက်ပြောတာနော်"
*ဒုန်း*
ထိုအချိန် ယူဂျင်းတို့ စားပွဲရှေ့ပေါ်ကို ဂယူဘင်းက သူတန်းစီပြီးယူလာတဲ့ ထမင်းပန်းကန်ကို ဆောင့်ပြီး တင်လိုက်တော့ ယူဂျင်းက ရုတ်တရက်ဆိုတဲ့အခိုက်အတန့်မှာ တုန်တက်သွားရသည်။