အခန်း (၁၃)

3.8K 411 5
                                    

"နွေဦးကာလဆိုရင် အညာဒေသက အလှဆုံးဖြစ်မယ် ဆောင်းဆိုရင်တော့ တောင်ပေါ်ဒေသတွေပေါ့"

"မိုးရာသီကြတော့ရော"

"မိုးရာသီက သူ့သဘာဝကိုကလှတာလေ ဒေသမရွေးဘူး"

အရှေ့ကလမ်းပြကားဟာဆိုရင်လည်း ခပ်ဖြေးဖြေးပဲမောင်းနေတာကြောင့် သူတို့လည်းခပ်ဖြေးဖြေးပဲလိုက်နေကြသည်။ သျှင်းမြတ်၏အမေဖြစ်သူနေသောနေရာဟာ မြို့နှင့်အလှမ်းဝေးသော ရွာတစ်ခုမှာဖြစ်သည်။

ထို့ကြောင့် အစထဲက သျှင်းမြတ်က ရွာခံဖြစ်သော ကျန်းမာရေးမှူးကိုချိတ်ကာ ဆေးပေးခန်းတစ်ခုကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ အခုကြတော့ ရွာကိုသွားဖို့အတွက် ကျန်းမာရေးမှူးတို့ ခွေးဘီလူးကားလေးက လမ်းပြပြီး သူတို့ကနောက်ကလိုက်ကြသည်။

မုံရွာကနေ ထွက်ထွက်ချင်းမှာ တစ်ဆက်တည်းတည်ရှိသော အလုံမြို့ကိုဖြတ်ရသည်။ စစ်တပ်နှင့်ကပ်လျက်ရှိသော မြို့ဖြစ်သလို ရွာတွေကကိုးကွယ်သည့် နတ်ကွန်းတွေရှိတာကြောင့် အလုံဘိုးတော်ပွဲဆိုရင် အရမ်းစည်ကားသည်ဟုကြားဖူးသည်။

အလုံမြို့ပြင်ရောက်တာနှင့်တွေ့ရတာက လမ်းဘေးတစ်ဖင်တစ်ချက်စီမှာပေါက်နေသော တမာပင်တွေနဲ့ ကုက္ကိုလ်ပင်တွေ။ အပင်ကြီးတွေဖြစ်ပြီး အရိပ်ရသလို လမ်းဘေးတစ်ဖက်တစ်ချက်စီမှာ စီတန်းပေါက်နေတော့ တကယ်ပင် ကြည့်လို့ကောင်းသည်။

အညာနဲ့တမာတွေက တကယ်ပင်ခွဲလို့မရတာပင်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိတာဆိုတော့ အလုံကထွက်တာနှင့် စစ်တပ်ဝန်းတွေချည်းတည်ရှိသည်။ လှတော့လှပေမဲ့ စောက်မြင်ကပ်စရာကောင်းသောနေရာပင်။

စစ်တပ်ပိုင်နယ်မြေတွေကိုကျော်သွားရင်တော့ စိတ်ချမ်းသာဖွယ် လယ်ကွင်းတွေ တမာပင်တွေကို စတင်မြင်လာရသလို နွားတွေဆိတ်တွေ သိုးတွေဟာလည်း အုပ်လိုက် စားကျက်ကွင်းတွေမှာ အစာရှာနေကြသည်။ နွားကျောင်းသား ဆိတ်ကျောင်းသားတွေကတော့ လွယ်အိတ်လွယ် ခမောက်ဆောင်းကာ တုတ်တစ်ချောင်းနှင့် နွားအုပ် ဆိတ်အုပ်နောက်ကနေ လမ်းကြောင်းပေးနေလေသည်။

You And IWhere stories live. Discover now