အပိုင်း (၁၈)

3.8K 395 3
                                    

အတန်းတူသူငယ်ချင်းတွေ တွေ့ကြသည်ဆိုတာက စားသောက်ဆိုင်တစ်ခုရဲ့အခန်းကျယ်ကိုငှါးရမ်းကာ ဝိုင်းဖွဲ့စကားပြောကြ သောက်ကြရုံတင်။ သို့သော်လည်း ဆူညံသည့်ပတ်ဝန်းကျင်ကိုမုန်းသည့် နွေငုဝါအတွက်ကတော့ အတော်ကိုစိတ်ပျက်စရာကောင်းလို့နေသည်။

ရွှေရည်ကတော့ သူ့ရှေ့ကအမျိုးသားကိုရေပက်မဝင်အောင် စကားတွေပြောနေပေမဲ့ ငုဝါကတော့အခြေအနေအရ ခုံပေါ်ထိုင်နေရုံတင်။ မမှတ်မိတဲ့သူတွေကို လူမှုရေးအရပြုံးပြပြီးပြီမို့ အရေးမပါသည့်စကားတွေကိုတော့ ပြောမနေချင်ပေ။

ဟိုကြည့်ဒီကြည့်လုပ်နေရတာ ပျင်းလာတာကြောင့် ဖုန်းကိုပွတ်နေလိုက်သော်လည်း တစ်စုံတစ်ယောက်က ပခုံးကိုအသာအယာပုတ်လိုက်တာကြောင့် မော့ကြည့်လိုက်တော့ အံ့ဩသင့်သွားမိသည်။

"ကိုခိုင်ခန့်မော်"

"ဟုတ်ပါတယ်..မတွေ့ရတာကြာပြီနော် ငုဝါ"

ခန့်ညားပြီးကြည့်ကောင်းသောအမျိုးသားဟာ အရင်တုန်းကလိုပဲမပြောင်းလဲသော နွေးထွေးသည့်အပြုံးတွေခိုတွဲလျက်။ စစ်တပ်ကေလို့နောက်ပြောင်ခေါ်ဖူးသည့် ဆံပင်ကေကလည်းမပြောင်းလဲသလို လူကလည်းမပြောင်းမလဲကြည့်လို့ကောင်းနေဆဲပင်။

"ဟယ်လို ကိုခိုင်ခန့် မတွေ့ရတာကြာပြီနော် ထိုင်ပါဦး"

"ရွှေရည်လဲပိုလှလာတယ်"

အင်း..စကားချိုချိုတွေကိုလည်းပြောတတ်မြဲပဲကို။

"ဘယ်တုန်းကပြန်ရောက်တာလဲ"

"သိပ်မကြာသေးပါဘူး နှစ်လကျော်လောက်တော့ရှိပြီ"

ရွှေရည်ရဲ့စကားကိုအမေးအဖြေလုပ်နေသော ထိုအမျိုးသားဟာ အဖြေကိုတော့ငုဝါကိုကြည့်ကာဖြေပေးနေသည်။

"ဒီပွဲကို ငုဝါလာလိမ့်မယ်လို့ ကိုယ်မထင်ထားဘူး ဒါပေမဲ့ ကံစမ်းကြည့်လိုက်တာ ကိုယ်တကယ်ကံကောင်းသွားတာပဲ"

"အမယ်လေး မနည်းခေါ်လာရသူက ကျွန်မပါနော်"

ရွှေရည်စကားကို ထိုလူကရယ်လိုက်ကာ ငုဝါကိုငဲ့စောင်းကြည့်ရင်းပြောလာသည်။

You And IWhere stories live. Discover now