အခန်း (၁၂)

11.5K 606 18
                                    

~ ဖွဲ့နှောင်ရစ်သည် ~ အခန်း (၁၂)

အခုဆို သန့် အိမ်မှာ နားနေတာ သုံးရက်မြောက်ဖြစ်သည်။ အဖျားလည်း အတော်သက်သာနေပြီဖြစ်သည်။ ခင်မင်းလည်း သန့်အနားနေပေးကာ ကုမ္ပဏီ မသွားရ။ သန့်ကိုယ်စား ကောင်းမြတ်ကပဲ အလုပ်ကိစ္စ တာဝန်ယူပေးသည်။

အခန်းထဲ သန့်နားနေရင်း ခင်မင်းအိပ်သည့်နေရာဘေးတွင် ခင်မင်း၏ဖတ်လက်စ စာအုပ်ကိုတွေ့သည်။ စာအုပ်က မောင်ဆုရှင်ဘာသာပြန်သည့် ပင်လယ်ပြာနှင့် တံငါအို ဆိုသည့်စာအုပ်။ ဘယ်ဆိုးလို့လဲဟု သန့်တွေးမိသည်။

ထို့အပြင်စာအုပ်နဲ့အတူ ဖိုင်လိုမျိုးတစ်စုံတစ်ခုတွေ့၍ ယူကြည့်လိုက်သည်။ လုပ်ငန်းသုံးဖိုင်အထူလိုမျိုးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် စက္ကူအထူ အချောစားနှင့် ပရင့်ထုတ်ထားသည့် နိုင်ငံခြား ပန်းချီကားတွေ။ အို ဟုပင် အသံထွက်သွားကာ သန့် တအံ့တသြ စပ်စုနေမိသည်။

ပန်းချီကားတွေက အစုံပင်။ ဗင်းဆင့်ဗန်ဂိုး ကားတွေ၊ဂျင်ဆန်ပေါ့လော့ ကားတွေ၊ နောက်ပြီး အင်ဒရူးဝိုင်းယက်၊ပေါလ် ဂေါ်ဂင် တို့ရဲ့ကားတွေ။ထို ပန်းချီကားတွေကို ပရင့်ထုတ်ထားပုံရကာ ကာလာပရင်တာနဲ့ပေမယ့် အရည်အသွေးက အရမ်းကြီး ကောင်းမနေပေ။ သို့ပေမယ့် ပုံတွေက အရမ်းလည်း ဆိုးဝါးမနေပဲ ကြည့်လို့၊ ခံစားလို့ ကောင်းပါသည်။ သန့် ခင်မင်းကို အော်ခေါ်မိသည်။

"ဒေါ်ခင်မင်း"

"ဒေါ်ခင်မင်းရေ"

ခင်မင်းက ရေချိုးခန်းထဲမှ အတွင်းအင်္ကျီတွေလျှော်နေရာမှ ထွက်လာကာ
"အမယ်လေး၊ဘယ်လိုဖြစ်တာလဲ။ ဒီလောက်အော်နေတာ"

"သြော် ကိုယ်က အပြင်မှာ မှတ်လို့။ လာပါဦး ဒီနား"

"ဘာဖြစ်တာလဲ"

"ဒါတွေ "မ" လုပ်ထားတာလား"

"ဟုတ်တယ်လေ ။ဒါ တို့ ဖိုင်ကို မင်းက ဘာလုပ်တာလဲ"

"မဟုတ်ဘူး။ဒီနားမှာတွေ့လို့ ယူကြည့်မိတာ။"မ" က ပန်းချီကားတွေ စိတ်ဝင်စားတာလား"

"ဟုတ်တယ်။တို့ကြိုက်လို့"

"ပရင့်ထုတ်ထားရလောက်တဲ့အထိ ကြိုက်တာလား"

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now