အပိုင်း(၁၉)

2.8K 193 13
                                    

"ပန်းခက်နွယ်"

"..."

"နင်မိဘမျက်နှာကိုအိုးမဲသုတ်လိုက်တာလားဟမ် ပြောစမ်း"

ထိုအသံများသည် ပန်းခက်နွယ် ဟူသောမိန်းမပျိုလေး၏မိခင်ဖြစ်သူထံမှထွက်ပေါ်လာသောအသံများပင်။

"ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ"

"အမေရယ်တိုးတိုးပြောပါ"

"မပြောနိုင်ဘူးအေ နင်ကဘုရားမကြိုက်နတ်မကြိုက်တဲ့အရာကိုကျူးလွန်ထားတာလေ"

"..."

"ပြောစမ်းပါဉီး ငါ့မွေးထားတာသမီးမိန်းကလေးဟဲ့သမီးမိန်းကလေး ငါမွေးထားတဲ့သမီးကမိန်းမတစ်ယောက်နဲ့မေတ္တာမျှတယ်ဆိုတာဖြစ်သင့်ရဲ့လား"

"အို...အမေကလည်း အဲ့တာမဖြစ်သင့်တဲ့ကိစ္စတစ်ခုမှမဟုတ်တာ"

"ငါပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြရတော့မှာလဲဟမ် နင်ကသိပ်ကိုဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်ကြီးကိုကျူးလွန်ထားတော့ငါကပတ်ဝန်းကျင်မှာသိပ်ကိုမျက်နှာပန်းလှနေတော့မှာပါပဲအေ"

ရွဲ့ကာစောင်းကာပြောလာသောမိခင်ဖြစ်သူ၏စကားများကြောင့်စိတ်ညစ်ရသည့်ကြားမှပြုံးစိစိပင်ဖြစ်မိသည်။မည်သို့ပင်ဖြစ်စေကာမူမိဘဟူသောတုနှ်ိုင်းမဲ့ပုဂ္ဂိုလ်များသည်သားသမီးများ၏ဘက်တော်သားများဖြစ်သင့်သည်မဟုတ်ပါလား။ပတ်ဝန်းကျင်ဟုအမည်တပ်တာကဲ့ရဲ့ရှုံ့ချနေသောလူများကြားထဲမှသားသမီးများအားသူတစ်ပါးတံထွေးခွက်မဖြစ်စေရန်မားမားမတ်မတ်ရပ်တည်၍ကာကွယ်သင့်သည်မဟုတ်ပါလား။ယခုတော့ထိုကဲ့သို့မဟုတ်ပေ။

"အမေကကိုယ့်သားသမီးရဲ့နှလုံးသားရေးရာထက်ပတ်ဝန်းကျင်နဲ့သိက္ခာကိုပိုပြီးဉီးစားပေးနေတာလား"

"နင်ငါ့ကိုပြန်ခံမပြောနဲ့"

"ပြန်ခံပြောနေတာမဟုတ်ပါဘူးအမေ သမီးရှင်းပြနေတာပါ အဲ့ဒီအချက်ကိုလည်းအမေ့ကိုနားလည်စေချင်ပါတယ် ပြန်ခံပြောတာနဲ့ရှင်းပြတယ်ဆိုတာမတူညီဘူးဆိုတာကိုပေါ့"

"တော်စမ်းပါအေ သမီးမိုက်ကမအေဖြစ်သူကိုအပြစ်လုပ်ထားပြီးကြီးကြီးကျယ်ကျယ်တွေလာပြောနေသေးတယ်"

ပန်းပန်လျက်(Complete)Where stories live. Discover now