" ယောင်းကလေး ကြီးလာရင် ဘာလုပ်မှာလဲ "
" ဖိုးဖိုးလို လယ်သမားကြီးလုပ်မယ် "
" ဘာလို့လဲကလေးရဲ့ ပညာတတ်ကြီး မဖြစ်ချင်ဘူးလား "
" လယ်သမားကြီးပိုဖြစ်ချင်တယ် "
ကျူရှင်တွေ သိပ်များတဲ့ သူ့ကိုကိုတွေအိမ်ပြန်မရောက်မချင်း ဖိုးဖိုးနဲ့အတူတူ လယ်ထဲလိုက်သွားရတတ်တဲ့ယောင်းကလေးအတွက် သူ့မျက်စိထဲမှာ အခန့်ညားဆုံးအလုပ်က လယ်သမားအလုပ်ဖြစ်နေပုံပေါ်သည်။
" ကိုကိုလေးက ယောင်းကို ပညာတတ်ကြီးဖြစ်စေချင်တာ
" ပညာတတ်ကြီးက ကိုကိုလေးလုပ်လေ...ယောင်းက ဖိုးဖိုးလိုပဲ လယ်သမားကြီးလုပ်ပြီး ကိုကိုလေးကို ပိုက်ဆံတွေအများကြီးရှာပေးမှာပေါ့ "
၇ နှစ်အရွယ်ကလေးလေးရဲ့ စကားတတ်ပုံကို ၁၅ နှစ်အရွယ်လူပျိုလေးက လိုက်လို့မမီပါ။
" ကိုကိုကြီးလို ဒယ်ဂူမြို့ပေါ်မှာ ကျောင်းသွားမတက်ချင်ဘူးလား "
" ကိုကိုလေးကရော "
" တက်ချင်တာပေါ့ "
ယောင်းကလေးက နှုတ်ခမ်းဆူသွားသည်။ ကိုကိုကြီး အိမ်ကထွက်ပြီး ဒယ်ဂူမြို့ပေါ်ကို တက္ကသိုလ်ကျောင်းတက်ဖို့သွားတဲ့နေ့က သူ့ကိုကိုလေး တိတ်တိတ်ကလေး ငိုနေခဲ့တာကို သူမှတ်မိပါသည်။ ကိုကိုလေးလည်း ထိုသို့သွားလျှင်တော့ သူကတိတ်တိတ်လေး ငိုမည်မဟုတ်ဘဲ အကျယ်ကြီးအော်ငိုပစ်မိမည်ထင်သည်။
" ဘာလို့ငြိမ်သွားတာလဲ ကောင်စုတ်လေး "
" မသိဘူး ကိုကိုလေးကို စိတ်ကောက်တယ် "
" ဟာဗျာ "
သူ့ကိုကိုလေးအပေါ် နွဲ့ဆိုးဆိုးနေကျဖြစ်သော ယောင်းကလေးသည် တထစ်ရှိလျှင် ထိုကဲ့သို့တန်းပြီး စိတ်ကောက်တတ်ပါသည်။ ထိုအခါ သူ့ကိုကိုလေးကအညင်သာဆုံးပြုံးလိုက်ရင်းက သူ့ကိုစိတ်ရှည်လက်ရှည် ချော့မြူဖို့စတင်ရတော့သည်။
ယွန်းဂီက စက်ဘီးနောက်ခုံပေါ်မှာ ယောင်းကလေးကိုခေါ်တင်သွားပြီး သူလက်ညိုးထိုးတောင်းဆိုသမျှ မုန့်ထုပ်တိုင်းကို ဝယ်ပေးရလိမ့်မည်။ ယောင်းကလေး စိတ်ကျေနပ်တဲ့အထိ အတူတူဆော့ပေးပြီး ဘာလုပ်တမ်းဆော့ဆော့ သူ့ကိုပဲ အမြဲအနိုင်ပေးရလိမ့်မည်။ ပုံဆွဲစာအုပ်ကြီးကိုဖွင့်ပြီး ယောင်းကလေးစိတ်ကောက်နေပုံဟု ခေါင်းစဉ်တပ်ကာ နှုတ်ခမ်းဆူနေသည့် ဝက်ဝံတစ်ကောင်ရဲ့ပုံတူတွေ အများကြီးဆွဲပြပြီး ကလေးလေးကို ရယ်အောင်စလိမ့်မည်။