မနက်ခင်းအလင်းရောင် ကောင်းစွာဝင်နေသော အိပ်ခန်းကျယ်ကြီးထဲတွင် စိတ်အလိုမကျဖြစ်စွာ ညီးညူနေသံတို့ပေါ်ထွက်နေကြသည်။
" မကောင်းဘူး သွားစမ်း "
အပေါက်အပြဲများစွာရှိနေသော Jean ဘောင်းဘီတစ်ထည်သည် ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားပြီး သူ့နည်းတူ ကြမ်းပြင်ပေါ်ရောက်နှင့် နေပြီးသော အင်္ကျီဘောင်းဘီများဖြင့် သွားရောက်ပူးပေါင်းသွားသည်။
" ဒါလည်း မကောင်းဘူး သွားစမ်း "
" ဟ...Tae သွားမှာက မနက်ဖြန်နော် "
" ငါသိပါတယ် ခဏလေးပါ "
J.m သည် ယောင်း၏အိပ်ရာပေါ်တွင် မှောက်အိပ်နေရင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ ခရီးဆောင်အိတ်တစ်လုံးဖြင့် ယောင်းဒီလိုအလုပ်ရှုပ်နေတာ သုံးရက်လောက်ရှိနေပြီဖြစ်ပြီး ယောင်း၏ အခန်းတစ်ခုလုံးသည်လည်း သူဖွထားသော အဝတ်အစားများဖြင့် ခြေချစရာ နေရာပင်မရှိတော့ပေ။
" j.m လာ shopping ထွက်ရအောင် "
" ထပ်ပြီးတော့!! မင်းတော့ကွာ!!! "
J.m က သည်းမခံနိုင်လွန်းသည့်အသံဖြင့် အော်ဟစ်လိုက်ရင်းက မတ်တပ်ရပ်နေသော ယောင်းဆီသို့ ခေါင်းအုံးဖြင့် လှမ်းပစ်ပေါက်လိုက်သည်။ လွန်ခဲ့သော တစ်ပတ်အလိုလောက်ကတည်းက သူတို့၏ ထွက်လို့မပြီးနိုင်တော့သော shopping သည် ဒီတစ်ဘဝလုံးစာ ဝတ်နိုင်စားနိုင်ဖို့အတွက်တောင် လုံလောက်နေပြီဖြစ်ပါသည်။
" မကောင်းသေးဘူးကွ မကောင်းသေးဘူး "
" ဘာကမကောင်းတာလဲ "
" ငါ့မှာရှိတာတွေလေ တစ်ခုမှ အဆင်မပြေဘူး ပြဿတွေများနေတယ် "
" ပြဿနာက အဝတ်အစားတွေမှာရှိတာမဟုတ်ဘဲ မင်းဆီမှာ ရှိနေတာမဟုတ်ဘူးလား "
J.m စကားကို ကြားသည့်အခါ ယောင်းက သူ့ခေါင်းသူခပ်ကြမ်းကြမ်းကုတ်လိုက်ပြီးနောက် အိပ်ရာပေါ်က j.m ၏ဘေးနေရာသို့ ဝုန်းခနဲ ဝင်လှဲချလိုက်သည်။
" J.m အကယ်၍ကွာ မင်းကိုကလေးတုန်းကပဲ တွေ့ဖူးတဲ့သူနဲ့ အခုအရွယ်ကျမှ ပြန်တွေ့ရမယ် ဆိုပါတော့...မင်းဆိုရင် ဘယ်လိုပုံစံမျိုး ဝတ်စားထားပြီး ပြန်တွေ့ချင်လဲ "