" ဒါဆို ကိုကို ကိုယ်တိုင် ဆေးထည့်ပေးပါလား "
အမည်တပ်ရခက်သော လှိုက်ဖိုမှုတစ်ခုက ယွန်းဂီ၏ နှလုံးသားကို နှိုးဆွလိုက်သည်။ ဒုတ်ခနဲ ခုန်မြည်သံနှင့်အတူ ယွန်းဂီ၏ နှုတ်ခမ်းမှ အမည်နာမတစ်ခု ပွင့်အံကျလာသည်။
" ယောင်း! "
ဒဏ်ရာတွေကြားမှ ပီပီပြင်ပြင်အပြုံးလေးတစ်ခုကို မြင်လိုက်ရသည့်အခါ သူ့အထင်မှာ ပို၍သေချာသွားကြောင်း ယွန်းဂီသိလိုက်ရတော့သည်။
" ကိုကိုလေးက တကယ် လူညာကြီး "
ယောင်းဆီမှ နောက်ဆက်တွဲ ကြားလိုက်ရသည့် အပြစ်တင်စကားကြောင့် ယွန်းဂီ၏ ခေါင်းက အောက်သို့ ငုံ့ကျသွားသည်။
ဟုတ်ပါသည်။ ဘယ်လိုလုပ်ပြီးများ သူ့ရဲ့ယောင်းကလေးကို ချက်ချင်း မမှတ်မိနိုင်ရပါသလဲ။ ယောင်းက မမှတ်မိရင်တောင် သူက ပြောပြပေးရမည့်သူ မဟုတ်ပါလား။ သူ့ရဲ့ကလေးလေးကို နွေးနွေးထွေးထွေးမကြိုဆိုမိတဲ့အပြင် ဘာကြောင့်များ သူစိမ်းတစ်ယောက်လို ဆက်ဆံမိခဲ့ပါလိမ့်။
" အဲ.. ကျနော်က စတာ... "
စကားမဆုံးခင် ဦးစွာပွေ့ဖက်ခံလိုက်ရသည့်အတွက် ယောင်းအနည်းငယ် လန့်ဖြန့်သွားမိသည်။ ကိုကိုသည် ရင်ခွင်သေးသေးလေးနဲ့ မဆန့်တော့သော ယောင်း၏ကိုယ်လေးကို ရသလောက် တင်းကြပ်နေအောင်ဖက်ထားပြီး သူ၏ အလွမ်းတွေကို ပြောပြနေခဲ့သည်။
ယောင်းကလည်း ကိုကို့၏ပခုံးပေါ်သို့ ခေါင်းကို မှီတွယ်ကာ တင်းတင်းကြပ်ကြပ်ပြန်ပွေ့ထားလိုက်သည်။ ကိုကို့ရဲ့ နွေးထွေးမှုတို့က သူ့တစ်ကိုယ်လုံးကို စီးဝင်လာသည့်အခါ အမှန်တကယ်ပင် အိမ်ကို ပြန်ရောက်လာရသည့် ခံစားမှုမျိုးကို သူခံစားလိုက်သည်။
" ယောင်းက တကယ်ပဲ လူကြီးဖြစ်နေပြီ "
ကိုကိုက သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်ကာ မယုံကြည်နိုင်သလို ရေရွတ်နေပြန်သည်။ ကိုကို့၏ မျက်ဝန်းတို့တွင် ဝမ်းသာမှုကြောင့် ရစ်ဝိုင်းလာသော မျက်ရည်စတစ်ချို့ကိုလည်း လှမ်းမြင်နေရသည်။
" ဒါပေမဲ့ ငယ်ရုပ်ကလေးအတိုင်းပဲကို မမှတ်မိဘူးတဲ့ ကိုကိုလေးက သိပ်ညံ့တာပဲမလား "