" ယောင်းပါ....ကိုကို့ရဲ့ ယောင်းကလေး "
အခုတစ်ခေါက်တွင် တိတ်ဆိတ်မှု၏ ကိန်းအောင်းရာက ယွန်းဂီထံတွင် ဖြစ်သည်။
ဖုန်းကို ကိုင်ထားလျက် တောင့်တင်းစွာ ရပ်နေသော ယွန်းဂီကို ယွန်းဂျယ်နှင့် မမအွန်ဂျောင်းတို့က ထူးဆန်းစွာကြည့်လိုက်ကြပြီး ဘာဖြစ်လို့လဲဆိုသည့် သဘောမျိုးဖြင့် မျက်နှာရိပ် မျက်နှာကဲပြကာ မေးနေကြသည်။
" ယောင်း "
ယွန်းဂီက အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ မပွင့်တပွင့်ဆိုလာသည်။
" တကယ်ပဲ ယောင်းလား "
တစ်ဖက်မှ အဖြေစကားကို မကြားခင် ခပ်ရှရှ ရယ်သံလေးကို အရင်ဆုံး ကြားလိုက်ရသည်။ ယွန်းဂီ၏ စကားကြောင့် ယွန်းဂျယ်နှင့် မမအွန်ဂျောင်းတို့၏ မျက်လုံးများသည်လည်း ပြူးကျယ်ဝိုင်းစက်သွားလျက်က မတိုင်ပင်ထားဘဲ နှစ်ယောက်စလုံးက ယွန်းဂီ၏အနားသို့ တိုးကပ်လိုက်ကြသည်။
" ဆုတောင်းတိုင်းပြည့်ဝရမယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ယောင်း ကင်မ် ထယ် ယောင်းပါတဲ့... "
" ဟုတ်တယ် ယောင်းကလေးပဲ "
" ယောင်းကလေး... ယောင်းကလေး ကိုကိုကြီးကိုရော မှတ်မိလား ကိုကိုကြီးလေ "
ယွန်းဂီသည် သူ့နားသူ မယုံနိုင်အောင် ဖြစ်နေစဉ် ယွန်းဂျယ်ကတော့ အံ့ဩဝမ်းသာစိတ်ဖြင့် ယောင်းကို နှုတ်ဆက်နေပြီဖြစ်ပြီး မမအွန်ဂျောင်းကတော့ ဒီအကြောင်းကို မေမေသူနာပြုဆီ သတင်းပို့ဖို့ အိမ်ထဲသို့ အမြန်ပြေးဝင်သွားပြီဖြစ်သည်။
ယောင်းသည် မထင်မှတ်ဘဲ ကြားလိုက်ရသော ကိုကိုကြီး၏အသံကြောင့် အံ့အားသင့်မိသွားသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကိုကိုကြီးကို သူ မေ့တေ့တေ့ဖြစ်နေခဲ့ပါသည်။
ငယ်ငယ်က သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သော မိသားစုအားလုံးကို ယောင်း ချစ်သည်မှာမှန်သော်လည်း ကွဲကွာပြီးသည့် နောက်ပိုင်းရက်များတွင်တော့ သူ့အနားတွင် အရိပ်တကြည့်ကြည့်ဖြင့် ပြုစုယုယပေးခဲ့သော ကိုကိုလေးတစ်ဦးတည်းကသာ သူ့စိတ်ထဲတွင် စွဲကျန်နေလျက်ရှိလေပြီး သူအတမ်းတမိဆုံးဖြစ်ခဲ့ရသည် မဟုတ်ပါလား။