ဘဲလ်နှုတ်ခမ်းက ထွက်လာတဲ့ အမည်နာမမှာ သူ့ကမ္ဘာဟာ ချာချာလည်သွားသလိုပါပဲ။ သူ့တို့အသံက တော်တော်ကျယ်သွားတာကြောင့် အဲရစ်နဲ့စတီဗင်ရော သောက်ကလေးရော ဧည့်ခန်းထဲ ပြန်ရောက်လာတယ်။
''ကဲ.. ဘာတွေဖြစ်နေကြပြန်ပြီလဲ။ ချန်ယောနဲ့ဘဲလ်ကတော့လေ ခုထိ နေသားမကျသေးဘူးလား''
''ဘတ်ခ်ဟျွန်း!''
''အင်း... ချန်ယော''
''မင်းမျိုးရိုးက ဘာလဲ''
''ဟင် ဘာမေးတာလဲ ဘေဘေးနားမလည်ဘူး။ ဗြောင်ဘတ်ခ်ဟျွန်းလေ ချန်ယောရဲ့''
''တောက်!! ဘယ်အချိန်ထိများ ငါ့ကို အရူးလုပ်နေဦးမှာလဲ!!''
မျက်နှာပျက်သွားတဲ့ သောက်ကလေးက သူ့နားအပြေးရောက်လာပြီး သူ့လက်တွေကို ဆွဲလို့ကိုင်လာတယ်။
''မဟုတ်ဘူးနော် ချန်ယော ထင်သလိုမဟုတ်ပါဘူး မဟုတ်ပါဘူးနော်''
''ငါက ဘာထင်ရမှာလဲ ဟမ် ပြောစမ်းပါ ချွဲဘတ်ခ်ဟျွန်းရဲ့''
''ဘေဘေးက -''
''တော်စမ်းပါ!!''
လက်ကို ပုတ်ချလို့ အော်တဲ့အခါ ဘဲလ်က သူ့အင်္ကျီကို ဆွဲပြီး လက်ရွယ်တယ်။
''မဟုတ်ပါဘူး ဘဲလ်ရယ်။ မလုပ်ပါနဲ့ သားမှားတာပါ သားမှားတာပါ''
ဝန်ခံနေတဲ့စကားလုံးတွေနဲ့အတူ သူ့ရင်မှာတဆစ်ဆစ်နာလာရတာ။ သောက်ကလေးရဲ့အရူးလုပ်ခံရသမျှထဲ ဒီတစ်ခါရိုက်ချက်က အတော်ပြင်းပါတယ်။ ဘယ်သူ့ကိုမှ ဖွင့်ဟမပြောဖူးခဲ့တဲ့ အတိတ်ကို ဒီကလေးထံ ယုံယုံကြည်ကြည်ရင်ဖွင့်ခဲ့တာကိုမှ။
သူ့ခါးကို လာဖက်တဲ့အခါ ပုခုံးကို ဆောင့်တွန်းလွှတ်ပစ်လိုက်မိတယ်။ ဘယ်လိုစိတ်နဲ့များ ဒီဖက်တွယ်မှုကို လက်ခံရမလဲ။ ရခဲ့တဲ့မေတ္တာတွေကရော စစ်မှန်ပါရဲ့လား။
''ဟေ့လူ။ အဲ့လက်က ဘာလို့ပါရတာလဲ''
စတီဗင်ကပါ ဒေါသအဟုန်နဲ့ သူ့နားရောက်ချလာတယ်။ ဦးလေးလုပ်သူကို ဆွဲလိုက် စတီဗင်ရှေ့ဝင်ကာလိုက် သူ့ကိုလှည့်ပြီး တောင်းပန်စကားမနားတမ်းပြောလိုက်နဲ့ ငိုယိုနေတဲ့သောက်ကလေးကတော့ သူတို့အမြင်မှာ နစ်နာသူပေါ့။ ဒီပတ်ဝန်းကျင်မှာ ဆက်နေလို့ မဖြစ်တော့ကြောင်း သဘောပေါက်လိုက်တဲ့နောက် ပြေးထွက်ခဲ့မိပါတော့တယ်။