Unicode
22//
"အသေးလေး ၁၀ လပိုင်းထဲမှာ ကိုယ် UK ခဏပြန်မယ် ဒယ်ဒီကိုသွားခေါ်ရမယ် အိမ်မှာမင်းနဲ့မာမီ နှစ်ယောက်ထဲကျန်မှာ အဲ့ဒါမင်း အလုပ်ကိုခွင့်တိုင်ထားဦး နောက်လည်း မာမီ့ကို မင်းပဲဂရုစိုက်ရမှာ ကိုယ်ကအားတော့မှာ မဟုတ်ဘူး"
အိပ်ယာနိုးစအချိန်မှာ ကြားလိုက်ရတဲ့ စကားကြောင့် သာသာ စိတ်ထဲ တမျိုးဖြစ်သွားသည်။သူအရင်ရက်ကမှ သာ့သာ့ကို စိတ်ချပါ လို့ ပြောခဲ့တာလေ။
ဟုတ်နေပါပြီ။ ဦးစွမ်းပြောတာတွေ မှန်နေပြီ။ဦးမော်ကွန်းက တကယ်လက်ထပ်တော့မှာပဲ။သာ့သာ့ကို စကားလုံးလှလှတွေ သုံးပြီး ချန်ထားခဲ့တော့မှာ။
"ခင်ဗျား လိမ်တယ် ၊ လူယုတ်မာ"
စိတ်ထဲမှာ ဝမ်းနည်းမှုက နေရာအပြည့်ယူလာသည်။ဘာကြောင့်မှန်းမသိ တခြားသူစိမ်းတစ်ယောက်ဆီ ဦးမော်ကွန်းကိုမပေးလိုက်ချင်။သာ့သာ့အနားမှာပဲ တသက်လုံးထားချင်သည်။
သာသာ အသက်တွေကြီးပြီး မိသားစုရှိလာခဲ့ရင်တောင် ဦးမော်ကွန်းကို အနားမှာရှိစေချင်သည်။သူ့အရိပ်အောက်မှာပဲနေပြီး သူ့မျက်နှာကိုပဲ အမြဲတမ်း မြင်နေရချင်သည်။
သူသာ သာ့သာ့ အနားမှာ ရှိနေခဲ့လျှင် ဒေါသထွက်လည်း သည်းခံမည်။ဆူရင်လည်း ငြိမ်နေမည်။ရိုက်ရင်လည်း အောင့်ခံမည်။ဆုံးမရင်လည်း နာခံမည်။သူဘာလုပ်လုပ် သာသာ ခွင့်ပြုသည်။
တခုပဲ ခွင့်မပြုချင်။သူ သာသာ အနားကထွက်မှာကို။
သာသာအိပ်ယာခင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဦးမော်ကွန်းနှင့် ကျောခိုင်းလိုက်သည်။တလှိမ့်ချင်းကျလာတဲ့ မျက်ရည်တွေကို အိပ်ယာခင်းနှင့် ဖိသုတ်ရင်းမှ ဦးမော်ကွန်း စကားကို စောင့်ရင်း ငြိမ်နေလိုက်သည်။
"ဟင်..မင်းဘာတွေပြောနေတာလဲ ကိုယ်ကဘာလိမ်လို့လဲ"
မော်ကွန်း စာအုပ်ဖတ်နေရင်းမှ ဖတ်လက်စ စာမျက်နှာကို မှတ်လိုက်ပြီး စားပွဲပေါ်ပြန်တင်ထားလိုက်သည်။ထို့နောက် သူအိပ်နေတဲ့ ကုတင်ခြေရင်းတွင်ဝင်ထိုင်လိုက်သည်။