မင်္ဂလာပွဲရက်က တစ်ဖြည်းဖြည်းနဲ့ ခုနှစ်ရက်အလိုကို ရောက်ရှိလာသည်။ အီခါတို့တစ်မိသားစုလုံး မသ်ိမသာနှင့် အလုပ်များနေကြသည်။ အဖေဇူးက ခုရက်ပိုင်းတောသို့တစ်ရက်ခြားတစ်ခါသွားကာ အီခါ့မင်္ဂလာလက်ဖွဲ့အဖြစ် အသားခြောက်များ များများထည့်ပေးနိုင်ရန်ပြင်ဆင်နေသလို အမေအီသည်လဲ အီခါကြိုက်သည့် နှမ်းကပ်မုန့်လုံးနှင့် ခါရုတို့မိသားစုအတွက် ဝိုင်အိုးများစွာကို ပြင်ဆင်ပေးနေသည်။
အီခါသည်တော့ သူ့ခင်ပွန်းလောင်းလေအေးပေးစက်ကြီးခါရုအတွက် အဝတ်သုံးစုံချုပ်လုပ်ပြီးသည်မှာ မကြာသေးပေ။ အစက အဝတ်မချုပ်တတ်မှာ သူစိုးရိမ်နေခဲ့သော်လည်း တစ်ကယ်အဝတ်ချုပ်သည့်အခါ မူလအီခါရဲ့မှတ်ဥာဏ်တွေနှင့် သူ့လက်အစုံသည်လဲ ခဏသာတုံ့ဆိုင်းသွားပြီးနောက် ကျွမ်းကျွမ်းကျင်ကျင် ချုပ်တတ်လာသည်။
အီခါ ခုချုပ်နေသည်မှာ ယောက္ခမအတွက် အပေါ်ထပ်လက်ရှည်အိင်္ကျီဖြစ်သည်။ သူ့ကမ္ဘာတွင် အဝတ်တစ်ထည်ချုပ်ဖို့မပြောနှင့် အဝတ်ပြဲတစ်ခုတောင်မဖာထေးဖူးတာကြောင့် အဝတ်စချုပ်ကာစက အီခါ System စုတ်ကို မေတ္တာပို့မိသည်က အခါခါဖြစ်သည်။
'' အီခါလေး...အဝတ်ချုပ်တာ ထားခဲ့တော့၊အမေတို့ ထမင်းစားကြမယ်....သားအဖေကို သွားခေါ်လာခဲ့...''
အမေအီ ထမင်းဟင်းပြင်ရန် မီးဖိုးခန်းဘက်သွားပြီး အီခါသည်လဲ နေလှန်းထားသည့် အသားခြောက်တွေကို နေရောင်ရှိရာဘက် ရွှေ့လှန်းနေသည့် အဖေဇူးဆီ သွားခေါ်ခဲ့သည်။
မိသားစုသုံးယောက် ထမင်းစားပွဲတွင်စုံပြီးနောက် အမေအီ့လက်ရာ ပဲရွက်ဟင်းရည်နဲ့ ကြက်ဥကြော်၊အသားခြောက်ကြော် တို့ကို မြိန်ရေရှက်ရေစားတော့သည်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးလက်ရာက အမေ့လက်ရာလို့ပြောကြသည်ကို သူခုမှသဘောပေါက်တော့သည်။
အဖေဇူးသည်လဲ စကားနည်းပြီးကြင်နာတတ်သည့် အဖေဖြစ်သည်။ အမေအီလို ထုတ်ဖော်ချစ်မပြတတ်သော်လည်း အီခါကို အရမ်းချစ်ကြောင်းသိမြင်နိုင်သည်။ ဒီအမျိုးသားကြီးနဲ့အမျိုးသမီးကြီးကို မိဘတွေအဖြစ် အီခါသတ်မှတ်ထားပြီဖြစ်တာကြောင့် မင်္ဂလာပွဲရက် နီးကပ်လာလေ ခွဲခွာရဖို့နီးလာပြီဆိုပြီး ငိုချင်မိလေဖြစ်သည်။
