"မေမေ.....နို့ဆန်ပြုတ်လေး သား အရမ်းကြိုက်တယ်၊နဲနဲလောက် ထပ်သောက်လို့ရလား ဟင် "
အီခါ့မျက်နှာလေးအား မော့ကြည့်ကာ ချစ်စဖွယ်တောင်းဆိုနေသည့် ပေါက်စီလုံးလေးကြောင့် အီခါမှာဘယ်လိုလုပ်ပြီး ထပ်မကျွေးပဲနေနိုင်ပါ့မလဲလေ။
"ကောင်းပြီ၊ အများကြီးမရဘူးနော် ပေါက်စီလုံးလေး၊သားရဲ့ ဗိုက်လေးက လိုတာထပ်ပိုထည့်ရင် နေမကောင်းဖြစ်တတ်တယ်။နေမကောင်းဖြစ်ရင် ခုလိုအရသာရှိတဲ့အစားစာတွေ ပေါက်စီလုံးလေး စားလို့ရမှာမဟုတ်ဘူး "
အီခါပြောတော့ သားပေါက်စီလုံးက သူ့ရဲ့ဖရဲသီးဗိုက်လေးကို ငုံ့ကြည့်နေလေသည်။ ထို့နောက် အီခါပြောတာတွေကို နားလည်အောင်ကြိုးစားပြီး သိသွားသည့်အမူအယာလေးတွေကြောင့် အီခါမှာ ရှားရှားပါးပါးပျော်ရွှင်သွားရလေသည်။
"မေမေ ပြောတာ နားလည်တယ်မလား "
"ဟုတ်....သားဗိုက်လေး နေမကောင်းမဖြစ်အောင် နဲနဲပဲထပ်စားတော့မယ် မေမေ "
သားရဲ့အဖြေကို အီခါကျေနပ်သွားပြီး ခေါင်းလုံးလုံးလေးကို ပွတ်ပေးပြီးနောက် သားရဲ့ပန်းကန်လေးထဲ နို့ဆန်ပြုတ်လေး ထည့်ပေးလိုက်၏။
"မေမေ.....ဖေဖေ ပြန်မလာသေးဘူးလား "
သားရဲ့ အမေးကြောင့် ပြုံးနေသည့်အီခါ့မျက်နှာလေး နွမ်းလျသွားရ၏။ သူ့လူကြီးကို အီခါ အရမ်းသတိရသည်။လေအေးပေးစက်ရော၊မီးလင်ဖိုကြီးအဖြစ်ပါ သူ့အတွက်ရှိနေပေးသည့် သူ့ခင်ပွန်းကို အီခါ အရမ်းလွမ်းသည်။ သုံးလဆိုတဲ့အချိန်လေးက ဘယ်လောက်မှာကြာလိုက်တယ်လို့မထင်၊ မျက်စိတစ်မှိတ်အတွင်းကို နှစ်လကျော်လာခဲ့ပြီ။
တစ်ဖက်ရန်သူက ပြန်မွေးဖွားလာသူမို့ အီခါ့မှာ မပေါ့ဆရဲ။သူ့ခင်ပွန်းကိုလဲ ကွေ့ပတ်ပြီး ပြောထားရသည်။ထိုသူက နတ်ဘုရားစွမ်းအားတစ်ခုကြောင့် အနာဂတ်ကိုကြိုမြင်ခဲ့သူဖြစ်ကြောင်း၊လုံး၀မပေါ့ဆသင့်ကြောင်းပေါ့။
မျိုးနွယ်စုတစ်စုလုံးအတွက် တာ၀န်တွေကများပြားလှသည်။ပျားတွေလို နေ့မနားညမနား အလုပ်လုပ်ခဲ့ကြရသည်။ လူမှာ လူဆိုးလူကောင်းဒွန်တွဲနေတက်သည် မဟုတ်လား။
