'' ယောင်္ကျား.... ''
အဘွားခီ အိမ်မှပြန်လာကထဲက ညရောက်သည်အထိ အရင်ထက်ငြိမ်သက်နေသည့် သူ့လေအေးပေးစက်ကြီးကို အီခါခေါ်လိုက်သည်။
ရင်ခွင်ထဲအိပ်ပျော်နေသည့် ပေါက်စီလုံးလေးကို စောင်သေချာခြုံပေးလိုက်ပြီး အိပ်ယာအတွင်းဘက်တွင်သိပ်ထားကာ သူ့လူကြီးရင်ခွင်ထဲ အီခါဝင်ရောက်ခိုလှုံလိုက်သည်။
မျိုးနွယ်စုအကြားအမြင်ဆရာမပြောခဲ့သည်တို့က ခါရု အတွေးတွေ ထဲ ဝင်ရောက်နေသည်။ အဘွားခီရဲ့ ကြိုတင်နမိတ်တွေထဲ အနာဂတ်နေ့ရက်တစ်ရက်မှာ မျိုးနွယ်စုထံ တစ်ခြားမျိုးနွယ်စုမှနယ်ချဲ့ကျူးကျော်လာဖွယ်ရှိကြောင်းနဲ့ သူ့ဇနီးလေး နာကျင်နေမှု၊သူ့ရဲ့မကူနိုင်မကယ်နိုင် ပူဆွေးဝမ်းနည်းနေမှု၊ ဇုခီရယ်ရဲ့ထူးဆန်းတဲ့အပြုံး စသည့်ရှေ့ပြေးနမိတ်တွေက ခါရုကို အတွေးများစေသည်။မျိုးနွယ်စုလုံခြုံရေးအတွက် ကျူးကျော်လာသူတွေကို ခါရုအသက်ရှင်သမျှ ရှုံးနိမ့်သွားအောင် တိုက်ခိုက်နိုင်သည်။
ခါရု စိုးရိမ်နေမိသည်က သူ့ဇနီးလေးကိုနာကျင်အောင် ဘယ်သူလုပ်တာလဲ၊သေချာတာကတော့ ဘယ်သူလုပ်လုပ် ထိုသူကို ခါရု သေတာထက်ပိုဆိုးတဲ့ပြစ်ဒဏ်ပေးမှာဖြစ်သည်။ဇုခီရယ်ကို ခါရုမနှစ်သက်၊ သူ့အပေါ် မရိုးသားတဲ့စိတ်ထားရှိတာလဲသိသလို သူ့ဇနီးလေးကို မုန်းတီးသည့်အကြည့်တွေနဲ့စူးစိုက်ကြည့်နေခဲ့တာကိုလည်း နှင်းမုန်းတိုင်းတိုက်ခဲ့သည့်ရက်တွေထဲကတစ်ရက်မှာ ခါရုမြင်ခဲ့သည်။
အဘွားခီက အသက်အရွယ်ရလာလို့ သူ့အကြားအမြင်အာရုံတွေ ချို့ယွင်းသွားတာလည်း ဖြစ်နိုင်တာကြောင့် ဇုခီရယ်ဆိုသည့်ကောလေးကို အပြစ်မမြင်ထားဖို့ သေချာပြောလာခဲ့သော်လည်း ခါရုကအဖြေပြန်မပေးခဲ့။သူ့ပိုင်ဆိုင်ရာလေးကို မထိသရွေ့ ခါရုမျက်ကွယ်ပြုထားလို့ရနိုင်သော်လည်း ထိလာခဲ့ရင်တော့ ခါရုရက်စက်တာ ကိုယ်တွေ့ကြုံရမည်ဖြစ်သည်။
သူ့ဇနီးလေးရဲ့ စိုးထိတ်မှုတွေရောထွေးနေသည့် ခေါ်သံလေးနဲ့အတူ ရင်ခွင်ထဲရောက်လာသည့် ဇနီးလေးကို အသာထွေးပွေ့ပြီး အင်းဟုအသံပြုကာ ဇနီးလေးရဲ့ နားဖျားသေးသေးလေးကို ငုံစုပ်ကာအသံမြည်အောင် နမ်းလိုက်သည်။ လည်တိုင်သွယ်သွယ်လေးထက် သူ့နှာခေါင်းတို့အခြေချကာ အရာထင်သည်အထိ စုပ်ယူနမ်းရှိုက်မိသည်။
