Part [4]

432 20 1
                                    

Sponsor

[ Part 4 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve



*** 

လမ်းမပေါ်ကနေ ဖြတ်သန်းလာတဲ့ မူယွန့်ရဲ့ကားက အဆောက်အအုံရှေ့မှာ ရပ်လိုက်တဲ့အခါ ကြိုတင်ရပ်စောင့်နေကြတဲ့လူတွေက ပြေးလာကြတယ်။ မူယွန်က ကားထဲကမဆင်းသေးဘဲ အတွင်းရေးမှူးယောက အရင်ဆင်းသွားပြီး သူတို့ရဲ့နောက်ကလိုက်လာတဲ့ သက်တော်စောင့်တွေက ကားဆီကိုအပြေးလာပြီး အဲ့ဒီလူတွေကို ဖယ်ရင်း ပတ်ပတ်လည်မှာ ဝိုင်းလိုက်ကြတယ်။
ရုပ်ရှင်ကုမ္ပဏီဝန်ထမ်းတွေဖြစ်တဲ့ အဲ့ဒီလူတွေရဲ့မျက်နှာမှာ ပဟေဠိဆန်တဲ့အကြည့်တွေနဲ့ ပြည့်နှက်နေပြီး အတွင်းရေးမှူးယောနဲ့ စကားပြောပြီးတဲ့နောက် အဆောက်အအုံထဲ ဝင်သွားတော့မှသာ သက်တော်စောင့်တစ်ယောက်က ကားတံခါးကို လာဖွင့်ပေးတယ်။
မူယွန်က သူ့ရဲ့လက်ပတ်နာရီကို ဖြေချလိုက်တော့ အတွင်းရေးမှူးက အလိုက်တသိ ဆေးထိုးအပ်ကို ပြင်ဆင်ထားတယ်။
ဆေးက လျင်မြန်စွာ အစွမ်းပြလာပြီး ခေါင်းကိုက်လာတာကြောင့် မူယွန်က နားထင်ကိုဖိပြီး မော့ကြည့်လိုက်တော့ ထုတ်လုပ်ရေးကုမ္ပဏီရဲ့နာမည်ကို အဆောက်အအုံသေးသေးလေးမှာ ရေးထားပြီး ယူအီရင်းက အဲ့ဒီမှာ ရှိနေတယ်လေ။ ဝင်လာတဲ့အတွေးကြောင့် ခေါင်းကိုက်နေတာတွေတောင် ပျောက်ကင်းသွားသလို ထင်ယောင်ထင်မှားဖြစ်သွားတယ်။

“ဝင်ကြရအောင်”

မူယွန်က ပြောလိုက်တော့ သက်တော်စောင့်တွေက စတင်လှုပ်ရှားလာပြီး မူယွန်လည်း ခြေလှမ်းစလိုက်တယ်။

“မင်္ဂလာနံနက်ခင်းပါ CEO ကျွန်တော်က ဒီရုပ်ရှင်ရဲ့ဒါရိုက်တာပါ…..”

မူယွန် အဆောက်အအုံထဲကို ဝင်လာတာနဲ့ သူ့နားကို ကပ်လာတဲ့ဒါရိုက်တာက သူ့ရှေ့မှာရပ်ပြီး နှုတ်ဆက်လာပေမဲ့ မူယွန်က သူ့ကို အာရုံမစိုက်ဘဲ ကျော်သွားပြီး ဓာတ်လှေကားထဲကို ချက်ချင်းဝင်သွားလိုက်တော့ အတွင်းရေးမှူးယော၊ အခြားလက်ထောက်တွေနဲ့ သက်တော်စောင့်တွေကပါ ဓာတ်လှေကားထဲကို ဝင်လာကြတယ်။

ကုမ္ပဏီအရာရှိတွေနဲ့ ဒါရိုက်တာကပါ ဓာတ်လှေကားထဲကို ဝင်ဖို့ကြိုးစားလာပေမဲ့ သက်တော်စောင့်တွေက သူတို့ကို တားဆီးထားတယ်။

“ယူအီရင်းက ဒီမှာရှိတယ်လို့ ပြောတာမလား”

“ဟုတ်ကဲ့ ပထမဆုံး ဖုန်းခေါ်ဆိုကတည်းက ဒီမှာရောက်နေပြီလို့ ပြောပါတယ်”

ခပ်ကျဥ်းကျဥ်းဓာတ်လှေကားက လေးထပ်မြောက်ကို ရောက်တဲ့အခါ တံခါးပွင့်သွားတယ်။ တံခါးပွင့်တာကို အတည်ပြုပြီး ထွက်သွားတော့မဲ့မူယွန်က သူ့ရှေ့မှာ ရပ်နေတဲ့လူကို တွေ့လိုက်တဲ့အခါ ရပ်တန့်သွားတယ်။

“မစ္စတာ ယူအီရင်း”

“ မတွေ့ရတာကြာသွားပြီနော်။ ခင်ဗျား ကျွန်တော့်ကို လာရှာမယ်လို့ တကယ်မမျှော်လင့်ထားဘူး”

ယူအီရင်းက ဓာတ်လှေကားတံခါးရှေ့မှာ ရပ်နေခဲ့တယ်။
သူက စင်္ကြံနံရံကို ကျောမှီရင်း ပြုံးနေပေမဲ့ စိတ်အခြေအနေကောင်းတဲ့ပုံတော့မပေါ်ဘူး။ မူယွန်က အတွင်းရေးမှူးတွေနဲ့ ပတ်ဝန်းကျင်အနေအထားကို တစ်ချက်ကြည့်လိုက်တော့ သူတို့တွေက မူယွန့်ရှေ့က ဓာတ်လှေကားနားမှာရှိနေကြပြီး ဘေးပတ်ဝန်းကျင်နဲ့ ရုံးခန်းအတွင်းပိုင်းကို အကဲခတ်နေကြတယ်။
အတွင်းရေးမှူးက ဓာတ်လှေကားခလုတ် နှိပ်လိုက်တာကို မြင်လိုက်ရတဲ့နောက် မူယွန်က ယူအီရင်းဘက်ကို ပြန်ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ လှေကားကနေ တက်လာတဲ့သူတွေက လေးထပ်ကို ရောက်လာကြတယ်။
ဒီနေရာမှာ မျက်လုံးတွေ၊နားတွေ အများကြီးပဲ။

“အထဲကိုသွားပြီး အေးအေးဆေးဆေး ပြောကြရအောင်”

မူယွန်က ယူအီရင်းနားကို ကပ်ပြီး လက်ကောက်ဝတ်ကနေ ဆွဲကိုင်လိုက်ရင်း ဘာရုံးခန်းလဲဆိုတာတောင် မစစ်ဆေးဘဲ မြင်လိုက်ရတဲ့ အနီးဆုံးတံခါးကိုဖွင့်ပြီး အထဲကို ဆွဲခေါ်သွားလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ဘာအခန်းလဲဆိုတာ အရေးမကြီးပါဘူးလေ။
တစ်ဆက်တည်းမှာပဲ ထုတ်လုပ်ရေးကုမ္ပဏီကလူတွေနဲ့ ဒါရိုက်တာကပါ လိုက်ဝင်လာဖို့ ကြိုးစားခဲ့ပေမဲ့ သက်တော်စောင့်တွေရဲ့တားဆီးခြင်းကို ခံလိုက်ရပြန်တယ်။
တံခါးပိတ်လိုက်ပြီးတာတောင် အပြင်မှာ အနှောင့်အယှက်အနည်းငယ် ရှိနေသေးပေမဲ့ မူယွန်ရော ယူအီရင်းရော အဲ့ဒါကို ဂရုစိုက်မနေပါဘူး။ ကြားရလောက်တဲ့နေရာအထိ အခန်းနားကို ကပ်မလာအောင် အတွင်းရေးမှူးယောက ကိုင်တွယ်ပါလိမ့်မယ်။
မူယွန်က ယူအီရင်းရဲ့လက်မောင်းကို လွှတ်ပေးလိုက်တော့ ယူအီရင်းက မူယွန်ကိုင်ထားတဲ့လက်မောင်းကို လှုပ်ခါပြီး ဆိုဖာပေါ်ကို ဝင်ထိုင်လိုက်ကာ မူယွန့်ကို မော့ကြည့်လိုက်တယ်။

“မင်းက ငါတွေးထားတာထက် အချိန်ပိုယူခဲ့တာပဲ”

“ကျွန်တော်က အနည်းဆုံးတစ်ခေါက်လောက်တော့ ခင်ဗျား လာတွေ့မယ်ထင်နေတာ”

“ငါ့ကို လွမ်းနေတာလား”

မူယွန်တစ်ယောက် မမျှော်လင့်ထားတဲ့အသံပေါက်အောင် ကြိုးစားပြီးပြောနေရတယ်...။
ယူအီရင်းက သူ့ကို တွေ့ချင်တယ်လို့တွေးလိုက်တာနဲ့ အရိုင်းဆန်စွာ ခုန်ပေါက်လာတဲ့ နှလုံးသားကို ဖိပြီး ပုံမှန်အသံဖြစ်အောင် ကြိုးစားပြီးပြောနေရတယ်။ သူက မူမပျက်အောင်ကြိုးစားပြီး ပြောလိုက်တော့ ကံကောင်းစွာနဲ့ ယူအီရင်းက သူ့ရဲ့မေးခွန်းကို အများကြီး လျှောက်မတွေးခဲ့ဘူး။

“ခင်ဗျားလာရင် ကျွန်တော်က ခင်ဗျားနဲ့ အတူတူအိပ်ပြီး တူညီတဲ့တုံ့ပြန်မှု ပြန်ပေးမလို့ပါပဲ”

ယူအီရင်းက ပေါ့ပေါ့ပါးပါး ပြောလာတဲ့အတွက် မူယွန် ရယ်လိုက်မိပေမဲ့ ရယ်လိုက်တဲ့အချိန်မှာပဲ စိတ်သက်သာရာရသလို ခံစားလိုက်ရတယ်။ ယူအီရင်းက ဟာသတစ်ခုလို ပေါ့ပေါ့ပါးပါးပြောလာခဲ့ပေမဲ့ မူယွန်ရဲ့ရယ်သံတွေက ဟာသတစ်ခုကို ရယ်နေတဲ့ပုံ သိပ်မပေါက်ပါဘူး။ မူယွန်က ယူအီရင်းကိုသာ အရင်တွေ့ဖြစ်ခဲ့ရင် သူ့ကို ချစ်သွားမိလိမ့်မယ်ထင်တယ်။
အရင်တွေ့တာနဲ့ အရင်တွေ့အောင်လုပ်တာက အံ့အားသင့်စရာကောင်းလောက်အောင်ကို ကွဲပြားပါတယ်။ အရင်တွေ့တာက အမြဲတမ်း စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။

“ကံမကောင်းစွာနဲ့ပဲ အဲ့ဒီလို မဖြစ်ခဲ့ဘူး”

“ကျွန်တော်သိပါတယ်။ ခင်ဗျားက ကျွန်တော် အရှုံးပေးမှာကို စောင့်နေပြီး ရွေးချယ်ဖို့ ဖိအားပေးနေတာကြောင့် ဒါက အစကတည်းက မမျှတတဲ့ ကစားပွဲပဲ၊ အင်း…..ကျွန်တော် ရှုံးတာကို လက်ခံပါတယ်”

“ဒါကို ဝန်ခံလိုက်ဖို့ အတော်လေးရှည်လျားတဲ့ အကြောင်းပြချက်ပဲ”

“ဒါကို အတော်လေး သည်းခံနေရတယ်၊ အမှန်အတိုင်းပြောရရင် ခင်ဗျားရဲ့မျက်နှာကို ပိတ်ထိုးလိုက်ချင်တယ်”

“ဒီလိုလုပ်ဖို့ကိုတော့ အားမပေးချင်ဘူး၊ ငါက မလုပ်ချင်ရင်တောင် ငါ့အနေအထားကြောင့်…… မင်းအတွက် ဆိုးကျိုးတွေ ဖြစ်လာလိမ့််မယ်”

“ကျွန်တော်လည်း အထက်တန်းလွှာပိုင်ရှင်တစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့သတင်း ထပ်ပြီးလွှင့်ဖို့ စိတ်ကူးမရှိပါဘူး၊ တစ်ခါကြုံဖူးပြီးသားလေ”

ယူအီရင်းက ပခုံးတွန့်ပြလာပြီး မူယွန်က ယူအီရင်းနဲ့မျက်စောင်းထိုးနေရာမှာ ဝင်ထိုင်ရင်း တံခါးဘက်ကို ကြည့်လိုက်တယ်။
အပြင်ဘက်ကလူတွေက အခန်းထဲက စကားဝိုင်း အဆုံးသတ်မဲ့အချိန်ကို စောင့်နေကြပြီး မူယွန့်မှာလည်း နောက်ထပ်လုပ်ဆောင်ရမဲ့အချိန်ဇယားရှိပါသေးတယ်။ သူက ကြိုမပြောဘဲနဲ့ ဒီမှာ ကြာကြာနေရင်တောင် အတွင်းရေးမှူးယောက ညှိယူပေးမှာဆိုပေမဲ့ အဲ့ဒီလောက်လည်း မလွယ်ဘူးလေ။
မူယွန်က အဲ့ဒါကိုသိပေမဲ့လည်း ထပြီးတော့ သူတို့ကို မခေါ်လိုက်ချင်ဘူး။  ဒီအတောအတွင်း မူယွန်ထင်ထားတာက ယူအီရင်းကို အဲ့ဒီလောက်ကြီး မတွေ့ချင်ဘူးဆိုတာပဲ။ အများကြီးမတွေ့ရလည်း အဆင်ပြေပြီး တစ်ခါလောက် အသံကြားလိုက်ရရင်ပဲ ကောင်းပါတယ်ပေါ့။ ဒါပေမဲ့ သူနဲ့တွေ့တဲ့အခါ ခံစားနေရတာတွေက လွင့်ပြယ်သွားပြီး သူနဲ့မတွေ့ခင်တုန်းက သူ့အတွက် ပုံမှန်အတိုင်း ထူးခြားမနေပေမဲ့ သူနဲ့တွေ့လိုက်ရတဲ့အခါမှာတော့ ခံစားချက်တွေက ပိုကောင်းလာသလိုပါပဲ။
သူ့အကြည့်တွေက ယူအီရင်းရဲ့မျက်နှာကနေ မခွာနိုင်ဘဲ နှလုံးခုန်သံကလည်း နည်းနည်းပိုမြန်လာပြီး အာရုံအလုံးစုံက သူ့ဆီမှာ စုပြုံနေသလို သူ့မျက်နှာကို မြင်နေရတာနဲ့တင် ပျော်နေမိပြီ။
ယူအီရင်းရဲ့ပုံစံက နောက်ဆုံးတစ်ခေါက် တွေ့တုန်းကနဲ့ သိသိသာသာ ကွာခြားနေတယ်။ ဆံပင်ညှပ်လိုက်တာကြောင့် ဖြစ်နိုင်သလို နောက်ဆုံးအကြိမ်တွေ့တုန်းက ဆံပင်က အနက်ရောင်ဖြစ်နေပေမဲ့ ဒီနေ့မှာတော့ ခပ်ပွပွလှိုင်းတွန့်သဏ္ဌာန် အနည်းငယ်ကောက်ထားပြီး အရောင်ကိုလည်း အညိုဖျော့ရောင် ဆိုးထားတယ်။ အဲ့ဒီပုံစံကလည်း ကြည့်ကောင်းနေပြီး ချစ်စရာကောင်းတဲ့ခွေးပေါက်လေးလို့တောင် မူယွန် တွေးနေမိတယ်။ အကာအကွယ်ယူဖို့အတွက် တပ်ထားပုံရတဲ့ ခပ်ထူထူကော်ကိုင်းမျက်မှန်နဲ့လည်း ကြည့်ကောင်းနေပြီး ဘေးတိုက်အနီးကပ်ကြည့်လိုက်တော့ မှန်မပါပေမဲ့ ချစ်စရာကောင်းနေပြန်တယ်။

“ကျွန်တော့်မျက်နှာမှာ အပေါက်ဖြစ်တော့မယ်”

ယူအီရင်းက အကြည့်ချင်းဆုံပြီး ပြောလာတော့ မူယွန်က အနည်းငယ် ရှက်သွေးဖြာပြီး ပန်းရောင်သန်းသွားပေမဲ့ အဲ့ဒါက သိပ်မကြာဘဲ ယူအီရင်းကို ကြည့်လိုက်တော့ ယူအီရင်းက ရှေ့ကို ကိုင်းကာ ဒူးပေါ်ထောက်ထားတဲ့ လက်ပေါ်ကို မေးတင်ထားရင်း ရယ်နေလေတယ်။

“ကျွန်တော့်မျက်နှာက အဲ့ဒီလောက်တောင် ကြည့်ကောင်းတာလား”

“အရင်ရက်တွေက ပြောပြီးပြီထင်တယ်”

“အိုး….ဟုတ်တာပေါ့၊ လှတယ်လို့ ပြောခဲ့တာပဲ”

ယူအီရင်းက အနည်းငယ် ခေါင်းညိတ်ပြလာပြီး မူယွန်ရဲ့အကြည့်တွေကတော့ တဖျတ်ဖျတ်ခတ်နေတဲ့ သူ့ရဲ့မျက်ဝန်းရွဲကြီးတွေဆီမှာသာ။

“ကျွန်တော့်ရဲ့မျက်နှာကိုပဲ ကြိုက်တာလား၊ တခြားအရာတွေက ကြောက်စရာကောင်းနေတာလား၊ ခင်ဗျားက omega တစ်ယောက်ဖြစ်ပြီး ကျွန်တော်က alpha တစ်ယောက်ဖြစ်တာမလို့ တစ်ခါတလေမှ တွေ့ပြီး ခန္ဓာကိုယ်ချင်း နှီးနှောတာက ပိုပြီး အဆင်ပြေမယ်ထင်တယ်၊ ခင်ဗျားရော အဲ့ဒီလို မထင်ဘူးလား၊ ခင်ဗျား မလုပ်ချင်တဲ့ အချိန်ဇယားတွေကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးမနေဘဲ ခင်ဗျားလိုအပ်ချိန်တိုင်း သာယာချင်တိုင်း ကျွန်တော့်ကို ခေါ်လိုက်လို့ရပါတယ်”

“နောက်ဆုံးအကြိမ် တွေ့ကတည်းက ငါ သိချင်နေတာ”

ယူအီရင်းကို ပြန်ဖြေလာခြင်းမရှိဘဲ မူယွန်က မေးခွန်းနဲ့ ပြန်တုံ့ပြန်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ရဲ့တခြားအရာတွေက ကြောက်စရာကောင်းနေတာလားဆိုတာက မူယွန့်ရဲ့အဆင့်အတန်းကို အခြေခံပြီး ပြန်ဖြေဖို့ရာ မတန်တဲ့မေးခွန်းတစ်ခုပဲ။

“ဘာလဲ”

“မင်းက စပွန်ဆာကို အများကြီးမုန်းတယ်ဆိုရင် ဘာလို့ ငါ့ကို စပွန်ဆာမပေးရင် မတွေ့ဘူးလို့ ပြောခဲ့တာလဲ”

“ခင်ဗျားကို လူအိုကြီး တစ်ယောက်လို့ထင်ပြီး မပတ်သက်အောင် ကြိုးစားခဲ့တာလို့ အရင်တစ်ခေါက်က ပြောခဲ့တယ်လေ”

“ငါက လူအိုကြီးတစ်ယောက်ဖြစ်ပြီး ယူအီရင်းကို စပွန်ဆာပေးဖို့ ကြိုစားခဲ့မယ်ဆိုရင်ရော”

ယူအီရင်းက မူယွန်ရဲ့မေးခွန်းကို တစိမ့်စိမ့်တွေးပြီးတဲ့နောက်မှာတော့ ပခုံးတွန့်ပြလာတယ်။

“အဲ့ဒီအသက်ကြီးပြီး ညစ်ပတ်တဲ့အယုတ်တမာတွေက အရင်ဆုံး စပွန်ဆာပေးဖို့ ပြောလိုက်ရင် ကျွန်တော်တို့ကို စျေးပေါတဲ့လူတွေလို ညည်းညူပြီး ကမ်းလှမ်းမှုကို ပယ်ဖျက်သွားမယ်ဆိုတာ လောင်းကြေးထပ်ရဲတယ်၊ အဲ့ဒီလူယုတ်မာတွေက ပိုက်ဆံအကြောင်းပြောကတည်းက ဒေါ်လာတွေ ဆင့်တွေကို တွက်ချက်နေလိမ့်မယ်၊ အင်း ခင်ဗျားသာ မဟုတ်ခဲ့ရင်…. ကျွန်တော်က CEO ဆိုးကို ပြုမူတဲ့အတိုင်း ပြုမူမိမှာပဲ”

မူယွန်က ဒီမတိုင်ခင်က ယူအီရင်းရဲ့အပြုအမူတွေကို ပြန်စဥ်းစားရင်း ရယ်လိုက်ပြီး ဆိုဖာပေါ်ကို သက်သောင့်သက်သာနဲ့ မှီချလိုက်တယ်။

“ကျွန်တော့်မှာ CEO ဆိုးကို မေးစရာအများကြီးရှိတယ်”

“ဖြေဖို့ မခက်ခဲရင် ပြန်ဖြေပေးမယ်”

“sex လုပ်ဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ဘာလို့ ကျွန်တော့်အတွက် ပိုက်ဆံတွေ အများကြီး သုံးနေတာလဲ၊ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို မဟုတ်ဘဲ ကျွန်တော့်ကို တကယ်သဘောကျလို့ဆိုပြီး ကြိုးစားတွေးကြည့်ရင်တောင် တကယ်ကြီး တွေ့ချင်တဲ့ပုံမပေါ်ဘူးလေ....”

“အင်း....”

မူယွန်က ယူအီရင်းအပေါ် ဘာလို့ အချိန်တွေ ပိုက်ဆံတွေအများကြီး ရင်းနှီးမြှပ်နှံနေလဲဆိုတာ အတော်ကြာ စဥ်းစားနေမိတယ်။
တကယ်တော့ ပိုက်ဆံက အရေးမကြီးပါဘူး။ သူ့မှာ ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာတောင် တိတိကျကျမသိရလောက်တဲ့အထိ ပိုက်ဆံတွေ အများကြီးရှိပြီး တခြားသူတွေလို စျေးကြီးတဲ့ပစ္စည်းတွေ ဝယ်စုတတ်တဲ့ ဝါသနာလည်း မရှိတာကြောင့် ပိုက်ဆံသုံးတာကို ဝါသနာတစ်ခုလို့ ပြောလို့မရပြန်ဘူး။ ဒါပေမဲ့ အချိန်ကတော့ မတူပါဘူး။
သူ့ရဲ့အချိန်ဇယားကို အများကြီးပိုင်းဖြာပြီး လူတွေနဲ့တွေ့ရတယ်၊ အစည်းအဝေးတွေလုပ်ရတယ်။ မနက်အစောမှ အိပ်ရာဝင်ရပြီး အိပ်ချိန်အများကြီးမရှိသေးခင်မှာပဲ ပြန်ထလာရတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အလုပ်သွားရတယ်။
သူ့ရဲ့နေ့စဥ်ဘဝက အချိန်ဇယားတွေနဲ့ ပြည့်ကျပ်နေတဲ့ အစီအစဥ်ကြီးတစ်ခုလိုပါပဲ။  ဒါပေမဲ့ သူက ယူအီရင်းရဲ့ကြော်ငြာရိုက်ကွင်းကို ကြည့်ဖို့ အချိန်နှစ်ရက်သုံးခဲ့တယ်။ အခုတောင်မှ သူ့ရဲ့အချိန်ဇယားက ပြည့်ကျပ်နေပြီး အခုချက်ချင်းထသွားရင်တောင် တချို့ကို ဖျက်သိမ်းရတော့မှာလေ။ ဒါပေမဲ့ သူတို့က ဒီနေရာမှာပဲဆက်ထိုင်နေပြီး တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းသတိချပ်ရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်စေတဲ့ ထွေထွေထူးထူးမရှိတဲ့ စကားဝိုင်းကို ရှေ့ဆက်နေကြတယ်။ ဒါက တကယ်ကို ဘာသဘောပါလိမ့်။

“ငါလည်း မသိဘူး”

ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ သူက ဒီနေရာကနေ ထမသွားချင်သေးဘူး။ ဒါက နာရီပေါင်းများစွာ အင်အားအပြည့်နဲ့ ပြေးနေတုန်း ခဏရပ်လိုက်သလိုမျိုးပဲ။ သူရပ်လိုက်ရင် ပင်ပန်းပြီး ခြေထောက်တွေက လေးလံသွားမှာဖြစ်တာကြောင့် ထပ်ပြေးချင်မှာ မဟုတ်တော့ဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အားတွေ လျော့ကျသွားပြီး မြဲမြံနေတဲ့တင်းအားတွေကလည်း လျော့ကျသွားသလို ခံစားရပေမဲ့ ပင်ပန်းတယ်လို့တော့ မခံစားရဘူးလေ။ တိတိကျကျပြောရရင် ယူအီရင်းရဲ့ရှေ့မှာဆိုရင် စိုးရိမ်လာမိပေမဲ့ အလုပ်လုပ်လို့ရလာတဲ့ ဖိအားနဲ့တော့ မတူပါဘူး။
ယူအီရင်းကို ကြည့်လိုက်ရင် ရလာတဲ့ဖိအားကို သဘောကျသလို သူ့ရဲ့ကျောရိုးတွေက ညောင်းညာပြီး ရင်အုပ်တွေက တင်းကျပ်လာတာကြောင့် ထပ်ပြီး မပြေးချင်တော့ပါ။

“အင်း ကျွန်တော် စိတ်ဆိုးနေတုန်းပဲ”

“အဲ့ဒါကြောင့်မလို့ ငါ့ကို ခေါ်တာလား၊ ဒီလိုမျိုး ဖြစ်လာအောင်လား”

“ဒီနေရာမှာ ဒါကိုမလုပ်ရင် လုပ်စရာမရှိဘူးလေ မဟုတ်ဘူးလား၊ CEO အတွက် ကျွန်တော်က ခန္ဓာကိုယ်နဲ့ မျက်နှာပဲ သုံးနိုင်လို့ sex လုပ်ဖို့ ပြောရင်တောင်မှ ကျောက်တုံးတစ်တုံးလိုပဲ မလှုပ်ဘူးလေ၊ ကျွန်တော်တို့က အခုလို မျက်နှာချင်းဆိုင်ပြီး စကားပြောရုံပဲဆိုတော့ လူတွေကို ပိုက်ဆံနဲ့ ကစားတတ်တဲ့ CEO အတွက် ကံဆိုးတာပေါ့”

“ဟားဟားဟား”

မူယွန်က ညင်ညင်သာသာရယ်မောလိုက်ပြီး ယူအီရင်းကတော့ စိတ်တိုတိုနဲ့ တောက်ခေါက်လိုက်တော့ မူယွန်က ပြုံးပြုံးလေးနဲ့ စုတ်သပ်လာတယ်။ နှုတ်ခမ်းနှစ်ခုကြားက လျှာကို ပြန်ကြည့်လိုက်မိတော့ နမ်းတဲ့နေ့ကို ပြန်သတိရသွားတယ်။

‘အဲ့ဒါက အနမ်းလေးတစ်ပွင့်ပဲကို…..’

မူယွန်က ယူအီရင်းရဲ့နှုတ်ခမ်းကနေ အကြည့်မခွာနိုင်ဖြစ်နေပြီး အီရင်းက သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း ဆိုဖာပေါ်ကို ကျောမှီချလိုက်တယ်။

“ဒါပေမဲ့ ခင်ဗျားနိုင်ပါတယ်၊ ဘယ်လိုလုပ် ဒီလောက် အရေးပေးရဲရတာလဲ၊ ကျွန်တော်ကတော့ တကယ်ကြီး လောင်သွားတော့မယ်တောင် ထင်နေတာ၊ rut period အတွင်းမှာတောင် လာထိပါးတာ မအံ့ဩတော့ပါဘူး”

“rut period အတွင်းလား”

ခုနက ပြုံးနေတဲ့ မူယွန်ရဲ့အမူအရာက တောင့်တင်းသွားပြီး စကားအဆုံးမှာ အသံအနည်းငယ် ကျယ်သွားတယ်။ ဆိုဖာကို ကျောမှီထိုင်နေတဲ့ အီရင်းက ခေါင်းထောင်လာပြီး မူယွန့်ကို ကြည့်လိုက်တော့ သူ့ရဲ့သာမန်ကာလျှံကာအကြည့်တွေမှာ သံသယအချို့ရှိနေတယ်။

“ဟုတ်တယ် rut ဖြစ်တဲ့အချိန် သူလာတော့ ဒီနေရာကနေ ချက်ချင်းထွက်သွားဖို့ သူ့ကို ကျွန်တော် ကျိန်ဆဲလွှတ်လိုက်တယ်”

“မင်း ဆေးမသောက်ဘူးလား”

“အဲဒါကို အတတ်နိုင်ဆုံး ဆေးမသောက်ဘဲနေလို့ရအောင် ဂရုစိုက်နေတာ”

“rut ကာလကို ဒီအတိုင်းကျော်ဖြတ်တယ်ဆိုတဲ့ သဘောလား”

“ကျွန်တော့်ကိုယ်ကျွန်တော်တော့ အဲ့ဒီလို မခံစားရဘူး၊ rut ကာလအတွင်းမှာ ဘယ်သူနဲ့မှ မတွေ့ချင်လို့ တရားထိုင်လေ့ရှိပြီး တစ်ခါတလေမှာတော့ အိပ်ဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး သောက်တယ်”

“အဲ့ဒါက မင်းရဲ့ကျန်းမာရေးကို မထိခိုက်စေဘူးလား”

“နေမကောင်းဖြစ်လို့ နှစ်ပတ်လောက် အိပ်ရာထဲလှဲနေရတယ်”

မူယွန်က ယူအီရင်းကို ခဏကြည့်ပြီး မတ်တတ်ရပ်လိုက်တော့ ယူအီရင်းက မူယွန့်လှုပ်ရှားမှုအတိုင်း လိုက်လာသလို မူယွန်က တံခါးဆီသွားပြီး ဖွင့်လာတယ်။ အတွင်းရေးမှူးယောက ဘာမှပြောစရာမလိုဘဲ သူတို့ဘာသာ စာချုပ်ချုပ်ကြမဲ့သူတွေကို ခေါ်ဝင်လာတယ်။
မူယွန်က စားပွဲထိပ်မှာ ထိုင်နေပြီး ယူအီရင်းရယ်၊ ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်၊ ဒါရိုက်တာနဲ့ ယူအီရင်းရဲ့ မန်နေဂျာ၊ ဥက္ကဌတို့ ရှိနေကြတယ်။
စာချုပ်က အထွေအထူးမဟုတ်ပါဘူး။
ထွက်ပြေးရလောက်အောင် စိတ်ပျက်နေတဲ့ လူတစ်ယောက်အနေနဲ့ ယူအီရင်းက စာချုပ်ကို  နာနာခံခံနဲ့ တိတ်တဆိတ် အဆုံးသတ်လိုက်တယ်။ အခြေအနေတွေက ယူအီရင်းကို ဆွဲဆောင်ဖို့ မျက်နှာသာပေးစိစစ်ထားတာဖြစ်ပြီး သူ့ရဲ့ရှေ့မှာ အကြိမ်ပေါင်းများစွာ ရွတ်ပြထားကြတာကြောင့် ဖတ်ကြည့်စရာတောင် မလိုတော့ဘူး။

“ဒီနေရာနဲ့ ဒီနေရာမှာ လက်မှတ်ထိုးပေးပါ...”

ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင် ညွှန်ပြနေတဲ့နေရာတိုင်းကို ယူအီရင်းက ဘာတစ်ခွန်းမှမဆိုဘဲ လက်မှတ်ထိုးပေးနေပြီး စာရွက်အသီးသီးက လက်မှတ်ထိုးရမဲ့အကွက်တွေမှာ လက်မှတ်ထိုး လက်ဗွေနှိပ်ပြီးတဲ့နောက်မှာတော့ ယူအီရင်းက မကြည်မသာနဲ့ လက်မှာပေနေတဲ့ မင်တွေကို သုတ်နေတယ်။ မျက်ခုံးတွေတွန့်ချိုးထားပြီး သူ့ရဲ့လက်ပေါ်မှာ သူ မကြိုက်တဲ့အရာရှိနေသလိုမျိုး အကြမ်းပတမ်းသုတ်နေတော့ မူယွန်က အဲ့ဒီကြမ်းတမ်းမှုကြောင့် သူ့ရဲ့လက်တွေ ထိခိုက်ပျက်စီးသွားမှာ စိုးရိမ်နေတယ်။

“ရိုက်ကူးရေးက ဘယ်ချိန်စမှာလဲ”

“ရိုက်ကွင်းတည်နေရာကစလို့ အရာအားလုံး ပြင်ဆင်ထားပြီးသားမလို့ ယူအီရင်းသာ စိတ်မရှိရင် မနက်ဖြန်ချက်ချင်းစပါမယ်”

“ဘာဖြစ်လို့ အဲ့ဒီလောက် အလျင်လိုနေတာလဲ၊ လက်မှတ်ထိုးပြီးရုံရှိသေးတာကို နားပါရစေဦး”

ယူအီရင်းက သူတို့အေဂျင်စီCEO နဲ့ ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်တို့ရဲ့စကားဝိုင်းကို ရုတ်တရက် ကြားဖြတ်ပြီး ပွင့်ပွင့်လင်းလင်းပြောလာတယ်။
လက်သုတ်ထားတဲ့တစ်ရှူးကို စားပွဲပေါ်ပစ်တင်ပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ဆိုဖာကို ကျောမှီချလိုက်ပြီး အဲ့ဒါကို ပစ်လိုက်သလိုမျိုး တဲ့တိုးပြောလာတယ်။
ယူအီရင်းရဲ့စကားကြောင့် ထုတ်လုပ်ရေးကုမ္ပဏီ CEO က  သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကို တွန်းအားပေးပြီး ပြုံးဖို့အားထုတ်ခဲ့ပေမဲ့ အပြုံးက မပီပြင်ရှာဘူး။

“ဒါပေမဲ့ အခုတလော  ယူအီရင်းမှာ အချိန်ဇယားမရှိဘူးမလား”

“ဒါပေမဲ့ လူတွေက သူတို့ကိုယ်သူတို့ ပြင်ဆင်ဖို့ လိုတယ်လေ မဟုတ်ဘူးလား၊ ဒီနေ့မှ လက်မှတ်ထိုးပြီးတာကို ချက်ချင်းကြီးရိုက်မယ်ဆိုတာက ရက်စက်ရာမကျဘူးလား၊ CEO ဆိုးရော အဲ့ဒီလို မထင်ဘူးလား”

ယူအီရင်းက ရုတ်တရက် မူယွန့်ဘက်ကိုလှည့်ပြီး ခေါ်လိုက်တော့ အားလုံးရဲ့မျက်လုံးတွေက ယူအီရင်းဆီကနေ မူယွန့်ဆီကို ရောက်သွားတယ်။
သက်သောင့်သက်သာထိုင်ပြီး ယူအီရင်းရဲ့မျက်နှာကို ခံစားနေတဲ့မူယွန်က အနည်းငယ် စိတ်ပျက်သွားပြီး မတ်တတ်ရပ်လိုက်ရင်း ယူအီရင်းကို ကြည့်လိုက်တော့ ခုနက စိတ်ဆိုးပြီး မချေမငံဖြစ်နေတဲ့မျက်နှာထားက ပျောက်သွားပြီး လှပစွာ ပြုံးပြလာတယ်။
သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်နေတဲ့ပုံစံနဲ့ သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်နေတော့ မူယွန်က မျက်ခုံးတစ်ဖက် ပင့်လိုက်မိတယ်။

“ဘယ်လိုထင်လဲ CEO ဆိုး”

“ဟင် အင်း”

မူယွန်က ယူအီရင်းကိုကြည့်ရင်း သူလိုချင်တဲ့အရာကို ခန့်မှန်းနေပြီး အဲ့ဒါက သတိပြုမိဖို့ မခက်ခဲဘဲ ထင်ရှားနေတဲ့အဖြေပါပဲ။ မူယွန် အခုစိုးရိမ်ရမှာက ယူအီရင်းရဲ့ဆန္ဒတွေကို နားထောင်ပေးရမလား ယူအီရင်းရဲ့နောက်ကျောကို ဓားနဲ့ထိုးရမလားဆိုတာပါပဲ။ ယူအီရင်းက ပြုံးပြီး သူ့ကိုကြည့်နေတယ်။
ယူအီရင်းက မူယွန်ထုတ်ပြဖို့တုံ့ဆိုင်းနေတာကို သိတဲ့သူတစ်ယောက်ဖြစ်ပြီး လူတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ယူအီရင်းရဲ့ဆန္ဒကို လိုက်လျောလိုက်တာက အကျိုးရှိပေမဲ့….။
မူယွန်က ပြုံးပြီး ယူအီရင်းရဲ့မျက်ဝန်းတွေဆီ ပြန်ကြည့်လိုက်တယ်။

“ကျွန်တော်ကတော့ ရိုက်ကူးရေးကို တတ်နိုင်သမျှ မြန်မြန်စစေချင်တယ်၊ အဲ့ဒီအတွက် အချိန်ပေးထားတာ ကြာပြီလေ….”

အီရင်းရဲ့နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ်မဲ့ကျသွားပြီး မူယွန်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကတော့ ဆန့်ကျင်စွာပဲ အပေါ်ကို ကွေးတက်သွားတယ်။

“CEO ဆိုး ကျွန်တော်ပြောခဲ့တာကို မကြားဘူးလား”

“ဟင့်အင်း အခု မင်းကြားလိုက်သလိုပဲ၊ မကြာသေးခင်က ယူအီရင်းရဲ့အချိန်ဇယားနဲ့ ဘဝကို ကျွန်တော်လည်း သိထားတာမလို့ နောက်ထပ် အနားယူဖို့ လိုတော့မယ်မထင်ဘူး၊ တကယ်တော့ အနားယူတာက များလွန်းနေပြီလို့တောင် ထင်တယ်”

“အဲ့ဒါဆိုရင် ရိုက်ကူးရေးကို ဒီတစ်ပတ်အတွင်း စတာပေါ့”

ယူအီရင်း ထပ်မပြောသေးခင်မှာပဲ ထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်က ပြောလာတဲ့အတွက် ယူအီရင်းက ဘာမှပြန်မပြောဘဲ မူယွန့်ကို စိုက်ကြည့်နေတယ်။

Swara Webnovel Translation

SponsorWhere stories live. Discover now