Part [ 9 ]

383 18 1
                                    

Sponsor

[ Part 9 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

***
[တစ်ခါကို ဝမ်နှစ်ထောင်လား]

တုန်ခါလာတဲ့ဖုန်းသံကြောင့် မူယွန်က သူ့ရဲ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူလိုက်ပြီး အလျင်အမြန်ကာလိုက်တယ်။ ဘယ်သူကမှ သူ့ရဲ့ဖုန်းကို ချောင်းမကြည့်ပေမဲ့ သူက ရှက်ရွံ့စွာနဲ့ လိုက်ကြည့်လိုက်တော့ ထူးဆန်းတဲ့ သူ့ရဲ့အမူအရာကြောင့် အစည်းအဝေးခန်းထဲက လူတွေက သိချင်စိတ်နဲ့ သူ့ကို ကြည့်လာကြတယ်။

“ဆက်လုပ်ပါ”

မူယွန်က ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပေမဲ့ အစည်းအဝေးတစ်လျှောက်လုံး သူ့ရဲ့ဖုန်းက အဆက်မပြတ် တုန်ခါနေတယ်။

[အထဲကို ထည့်ရင် ဝမ်သန်းတစ်ရာပေးမှာလား]

[ခင်ဗျားက ဒီလိုပဲ ပိုက်ဆံနဲ့ ပစ်ပေါက်နေကျလား၊ အခွန်စစ်ဆေးခံရတဲ့အချိန်ကျရင် အဆင်ပြေမှာလား]

[နောက်တစ်ကြိမ် heat တက်မှာက ဘယ်တော့လဲ]

[အဆင်မြှင့်ထားတဲ့ ဟိုတယ်ခန်းက နေရာကျယ်ပြီး တိတ်ဆိတ်ပေမဲ့ တစ်ခါပဲလာပေးပါ၊ ခင်ဗျားရဲ့ဝမ်တစ်သန်းကို အလဟဿမဖြစ်စေရပါဘူး]

[ပိုက်ဆံတွေစုပြီး ကျွန်တော့်ကို ပေးလို့ရတယ်]

အစည်းအဝေးပြီးလို့ မူယွန်တစ်ယောက် ဖုန်းထုတ်ကြည့်လိုက်တော့ ဆင်တူတဲ့စာတိုပေါင်းများစွာကို တွေ့လိုက်ရတာကြောင့် ဖုန်းကို ခဏလောက်ကြည့်ပြီး ရယ်မိသွားတယ်။ အခုလို ရှက်စရာကောင်းတဲ့စာတွေကို မျက်နှာပြောင်တိုက်ပြီး ပို့နေတဲ့သူ့မှာ စိတ်ကူးကောင်းတွေရှိနေတယ်လို့ ခံစားလိုက်မိတယ်။
အတွင်းရေးမှူးယောက သူ့အနားကို ကပ်လာတယ်။

“ ပျော်စရာရှိလို့လား”

“အင်း မဆိုးပါဘူး”

“အဲဲ့ဒါ ဖုန်းထဲကလူမလား၊ သူ့ဆီ သွားချင်လား”

“ဟင့်အင်း အခုလိုမျိုးကို ပိုသဘောကျတယ်”

တိတ်တဆိတ်ပြုံးနေတဲ့ မူယွန်က စာပြန်မပို့ဘဲ ဖုန်းကို အတွင်းအိတ်ကပ်ထဲကို ထည့်လိုက်တယ်။ အချိန်တိုအတွင်းမှာ ယူအီရင်း သူ့ဆီကို စာတွေပို့နေတာကို မြင်ရတာက အတော်လေး ပျော်စရာကောင်းပြီး ယူအီရင်းကလည်း သူ့ဆီက ပြန်ဆက်သွယ်လာမှာကို မျှော်လင့်နေတယ်လို့ ခံစားရတယ်။
ဒါကြောင့်မလို့ သူက ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားလိုက်ပြီး စာပြန်မပို့ပေမဲ့ တစ်နေ့လုံး အဲ့ဒီအကြောင်းပဲ စိတ်ထဲရောက်နေကာ ထပ်တလဲလဲလာနေတဲ့ တုန်ခါသံကိုပဲ အာရုံစိုက်နေမိတယ်။
မူယွန်က အစည်းအဝေးတစ်ခု၊ နေ့လယ်စာ၊ အစည်းအဝေးတစ်ခု၊ ပါတီတစ်ခုပြီးတော့ အိမ်ပြန်ရောက်ပြီး အိပ်ရာထဲမရောက်ခင်အထိ သူ့လက်ထဲမှာရှိတဲ့ဖုန်းဆီကို အာရုံရောက်နေပေမဲ့ အဲ့ဒါတွေ ပြီးတဲ့နောက်မှာတော့ စာထပ်ရောက်မလာတော့ဘူး။
မူယွန်က အိမ်ပြန်ရောက်ရောက်ချင်း အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်တယ်။

“အို မလုပ်ပါနဲ့ sir ကျွန်တော် လုပ်ပေးပါ့မယ်”

“ဘာလဲ ဪ ဟုတ်ပြီ”

သူ့အိမ်က အလုပ်သမားတွေကို စီမံပေးတဲ့ အကြီးအကဲဂျီက ဂျာကင်အင်္ကျီချွတ်ဖို့ ကြိုးစားနေတဲ့သူ့ရဲ့လက်တွေကို ဖယ်ပေးပြီး မူယွန်ကလည်း အဝတ်တွေနဲ့အတူ တက်လာခဲ့ကာ စာရေးစားပွဲဘေးက ချိတ်တိုင်မှာ ဂျာကင်အင်္ကျီကို ချိတ်လိုက်တယ်။ ရေချိုးဝတ်စုံ ဒါမှမဟုတ် ဆောင်းတွင်း အေးရင် အိမ်နေရင်းဝတ်တဲ့ ကုတ်အင်္ကျီကလွဲပြီး တခြားဟာတွေ မချိတ်ဖူးတဲ့ တိုင်မှာ ဂျာကင်ကို ချိတ်လိုက်ပေမဲ့ မူယွန်ရဲ့အကြည့်တွေက အဲ့ဒီဆီကို မရောက်သလို အာရုံကလည်း အဝတ်ပေါ်မှာမရှိဘဲ အဲ့ဒီထဲက ဖုန်းဆီမှာသာ နစ်ဝင်နေတယ်။
ခဏလောက် တုံ့ဆိုင်းနေပြီး မူယွန်က အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်တော့ သူလျစ်လျူရှုထားတဲ့ စာတွေအပြင် နောက်ထပ် ဘာမှထပ်မဝင်ထားဘူး။
အခုထိ မချွတ်ရသေးတဲ့ နာရီကို ငုံ့ကြည့်လိုက်တော့ ဆယ့်နှစ်နာရီကျော်နေပြီ။ သူ မအိပ်လောက်သေးဘူးမလား။
မူယွန်က နာရီကို ချွတ်လိုက်ပြီး ဆေးကြောသန့်စင်ဖို့ ရေချိုးခန်းထဲဝင်လိုက်တယ်။ အဝတ်တွေချွတ်၊ သန့်စင်ပြီးနောက် လျှော်ဖွပ်မီးပူတိုက်ထားတဲ့ ညအိပ်ဝတ်စုံကို ဝတ်ပြီး အခန်းအပြင်သို့ ပြန်ထွက်ကာ ဖုန်းကို ကောက်ယူပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။
သူက ယူအီရင်းပို့ထားတဲ့စာတွေကို အမြန်ပြန်ဖတ်ကြည့်လိုက်တော့ စာပြန်မပို့ထားတဲ့သူက သူကိုယ်တိုင်ဖြစ်နေပြီး အဲ့ဒါကလည်း ရည်ရွယ်ချက်ရှိရှိလုပ်ထားတယ်ဆိုပေမဲ့ သူနဲ့ အဆက်အသွယ်ပြတ်သွားစေမဲ့ အတားအဆီးပဲ။
မူယွန်က အိပ်ရာဘေးက နာရီကို တစ်ချက်ပြန်ကြည့်လိုက်ပြီး သူက စာပို့လေ့မရှိတာကြောင့် ဖုန်းခေါ်ဖို့ တွေးလိုက်ပေမဲ့ သူ အိပ်နေမှာကိုလည်း စိုးရိမ်မိတယ်။

‘သူ့ကို ခေါ်လိုက်သင့်လား၊ သူ အိပ်နေပြီလားဆိုတာ စစ်ကြည့်သင့်လား'

မူယွန်က စာတစ်စောင်ကို ရေးလိုက် ဖျက်လိုက် အကြိမ်ကြိမ်လုပ်နေပြီး နောက်ဆုံးမှာတော့ ခပ်တိုတိုစာတစ်ကြောင်းကို ရေးလိုက်တယ်။

[အိပ်နေပြီလား]

‘အဲဲ့ဒါက ခပ်မာမာကြီး ဖြစ်နေလား၊ ဒီထက်ပိုပြီး နူးနူးညံ့ညံ့ ပို့လိုက်သင့်လား၊ အချက်ပေးသံကြောင့် သူအိပ်နေတာကို နှိုးလိုက်မိသလို ဖြစ်သွားမလား'

ဘယ်သူ့ကိုမှ ကိုယ်ရေးကိုယ်တာကြောင့် မဆက်သွယ်ဖူးတဲ့ မူယွန်က စာလေးတစ်စောင်ကြောင့်နဲ့ ရင်တွေခုန်နေမိတယ်။
သူက အိပ်ရာခေါင်းရင်းကို မှီပြီး အချိန်အတော်ကြာစောင့်နေပေမဲ့ အဖြေပြန်မရခဲ့ဘူး။ သူက အချိန်အတော်ကြာ ဖုန်းကို ကလိနေပြီး မှီနေရာကနေ သက်သောင့်သက်သာနဲ့ လှဲအိပ်လိုက်ပေမဲ့ ဖုန်းကို ကြည့်နေဆဲပါပဲ။
ခုနက ယူအီရင်းလည်း ဒီလိုမျိုး ခံစားနေရလားဆိုတာ သိချင်လာမိပြီး မဖြစ်နိုင်ဘူးဆိုတဲ့အတွေးနဲ့ အဲ့ဒီလိုဖြစ်တာ ကောင်းတယ်ဆိုတဲ့အတွေးက ခေါင်းထဲမှာ တစ်လှည့်စီဖြစ်နေတယ်။

“သနားစရာကောင်းလိုက်တာ”

မူယွန်က ဖုန်းကို အတော်ကြာကြည့်ပြီးတော့ တိတ်တဆိတ် ပြောလိုက်ပေမဲ့ ဖုန်းကနေ အကြည့်မခွာနိုင်ဖြစ်နေဆဲပါပဲ။ သူက လူးလွန့်လိုက် လှည့်လိုက်လုပ်နေပြီး အဲ့ဒီနှစ်ခုလုံးက သက်သောင့်သက်သာမဖြစ်တာကြောင့် နေရာပြောင်းလိုက်ပြီး အကြိမ်ပေါင်းများစွာ လူးလှိမ့်နေပေမဲ့ ဖုန်းမျက်နှာပြင်မှာတော့ ဘာမှ ပေါ်မလာသေးဘူး။
မူယွန်က မနက်က ယူအီရင်း အရှက်မရှိပို့ထားတဲ့ စာတွေကို ဖတ်ပြီး နာရီကို ပြန်ကြည့်လိုက်တော့ တစ်နာရီကျော်နေပြီ။

‘ငါ အခု တကယ်အိပ်တော့မယ်'

မူယွန်က လက်လျှော့ပြီး ဖုန်းကို အိပ်ရာဘေးက ခုံပေါ်တင်ကာ မျက်လုံးမှိတ်ထားရင်း ဂရုမစိုက်သင့်တော့ဘူးဆိုတဲ့အတွေးနဲ့ ဖုန်းကို ကျောပေးထားလိုက်တယ်။
သူ့ကိုယ်သူ အတင်းအိပ်ခိုင်းရင်း မနက်ကျရင် လေ့ကျင့်ခန်းလုပ်ပြီး အလုပ်သွားရမယ်။ သူနဲ့မတူတဲ့အရာတွေနဲ့ ချည်နှောင်ပြီး သူ့ရဲ့နေ့စဥ်ဘဝကို အနှောင့်အယှက်ဖြစ်စေလို့မရဘူး။ ဒါက မူယွန်ရဲ့ဘဝမှာ လက်မခံနိုင်တဲ့အရာတစ်ခုပဲ။
မူယွန်က မျက်လုံးကိုမှိတ်ကာ အတင်းအိပ်ပျော်အောင်လို့ အသက်မှန်မှန်ရှူနေပြီး ခဏအကြာမှာတော့ စိတ်လှုပ်ရှားစရာကောင်းပေမဲ့ မရင်းနှီးတဲ့တုန်ခါသံကို ကြားလိုက်ရတယ်။
အိပ်ပျော်ဖို့ ကြိုးစားနေတဲ့ မူယွန်က အလျင်အမြန်ထပြီး ဖုန်းကို ကောက်ယူလိုက်တယ်။

[ဟင့်အင်း မအိပ်သေးပါဘူး၊ ဘယ်အချိန်ရှိနေပြီလဲ၊ အလုပ်က ပြန်လာပြီလား]

ယူအီရင်းလို့ ရိုးရိုးရှင်းရှင်းမှတ်ထားတဲ့ နံပါတ်ကို တစ်ချက်စစ်ပြီး မူယွန်တစ်ယောက် စာကိုတောင် သေချာမဖတ်တော့ဘဲ ခေါ်လိုက်တယ်။ ဖုန်းဝင်သံနှစ်ခါမြောက်မှာပဲ “ဟယ်လို” ဆိုတဲ့ အသံချိုချိုလေးကို ဖုန်းထဲကနေ ကြားလိုက်ရတယ်။

“မင်း အိပ်နေပြီ ထင်တာ”

[ချက်ချင်းခေါ်လာတာပဲ၊ ဒီနေ့ အလုပ်များနေတာလား]

မူယွန်တစ်ယောက် ဖုန်းထဲကနေ ကြားလိုက်ရတဲ့ ယူအီရင်းရဲ့စကားသံကြောင့် ရှက်သွေးဖြာသွားပြီး ဒါက မူယွန်က သူ့ရဲ့စာတွေကို တမင်လျစ်လျူရှုပြီး သူ့ဆီက နောက်ထပ်အဆက်အသွယ်ရမလာတော့ စိတ်မရှည်စွာနဲ့ စောင့်နေတယ်ဆိုတာကို သိသွားပုံပဲ။

“အင်း ဟုတ်တယ် နည်းနည်း”

မူယွန်က လည်ချောင်းကိုရှင်းပြီး ပြောလိုက်တော့ ယူအီရင်းက ဘာမှ ပြန်ပြောမလာတော့ အကြောင်းပြချက်မရှိ အပြစ်ရှိနေတယ်လို့ ခံစားနေရပြီး  စောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတယ်။

[ကျွန်တော်လည်း အလုပ်များနေတာ၊ အခု ရိုက်ကူးရေးပြီးလို့ အိမ်ပြန်နေတဲ့လမ်းမှာ]

“အို့ ငါသိပြီ၊ ဒီနေ့ ကောင်းကောင်း လုပ်ခဲ့တယ်မလား”

[အင်း ဒါပေမဲ့ CEO ဆိုး မနေ့က ရဟတ်ယာဥ်နဲ့ လာခဲ့တာဆို]

“ဟုတ်တယ်”

[CEO ဆိုးရဲ့ ဇာချဲ့မှုက ရိုက်ကူးရေးကို ပိုလွယ်စေတယ်]

“ဘာလဲ”

သူပြောတဲ့စကားကို နားမလည်တဲ့မူယွန်က နည်းနည်း မသင့်တော်သွားလောက်အောင်ကို ကြောင်တောင်တောင်နဲ့ ပြန်မေးမိလိုက်တယ်။

[ဒီမှာ ထူးဆန်းတဲ့ ကောလာဟလထွက်နေတာဆို၊ ပြီးတော့ ကျွန်တော်က မသိခဲ့ပေမဲ့ မန်နေဂျာက လာပြောပြတယ်၊ အရှုပ်ထုပ်ပဲ]

“အိုး…”

[ခင်ဗျား သိနေတာလား]

“ဟုတ်တယ် အဲ့ဒါကြောင့်….”

[အိမ်က ကျွန်တော့်အမေတော့ ငိုနေတော့မှာပဲ]

ယူအီရင်းက ပြုံးနေတဲ့အသံနဲ့ ပြောလာပေမဲ့ ရယ်စရာလို့ မခံစားရပါ။ မူယွန်က ဖုန်းကို လက်တစ်ဖက်နဲ့ကိုင်ကာ ဘေးခုံပေါ်က စာရွက်ကို ထုတ်ယူပြီး သူ့ရဲ့ဘေးနားက ဘောပင်နဲ့ ခပ်သော့သော့ရေးလိုက်တယ်။

‘စကားလုံးတွေကို ထိန်းချုပ်ပါ၊ နောက်ထပ် ကောလာဟလတွေ ထပ်မစစေနဲ့'

ပြီးတော့ ခုံပေါ်ကို ပြန်ထားလိုက်တယ်။

[အဲ့ဒါဆိုရင် ဒီအချိန်ကြီးမှာ အဲ့ဒါမေးဖို့ ခေါ်လိုက်တာလား၊ ကျွန်တော် ရိုက်ကူးရေး ကောင်းကောင်း လုပ်မလုပ် စောင့်ကြည့်နေတာလား၊ ဟင့်အင်း အဲ့ဒီလိုထပ်တွေးရတာ မကောင်းဘူး၊ ကျွန်တော် အသက်ဘယ်လောက်ရှိနေပြီလဲ၊ ခင်ဗျားက ဘာဖြစ်နေတာလဲ]

“အဲဲ့ဒီလို မဟုတ်ပါဘူး ဟို….”

[ဘာဖြစ်လဲ]

“ငါ အိပ်မပျော်လို့”

ယူအီရင်းက ခဏလောက် တိတ်ဆိတ်သွားတယ်။ ဖုန်းရဲ့အကာအကွယ်ကြောင့်ထင် မူယွန်က ယူအီရင်းကို လူချင်းတွေ့တုန်းကထက် ပိုပြီး ပေါ့ပေါ့ပါးပါး ပြောနေမိတာကြောင့် ယူအီရင်း တိတ်ဆိတ်နေချိန်မှာပဲ မူယွန်က နောင်တအနည်းငယ်ရပြီး ကလေးဆန်သွားလားဆိုတာကို သိချင်နေမိတယ်။

[အင်း အတွင်းရေးမှူးက ကျွန်တော့်ကို ပြောမယ်လို့ မထင်တာကြောင့် ခင်ဗျား ပြောချင်တာပြောပါ ကျွန်တော် နားထောင်ပေးပါ့မယ်]

ဒီလိုစကားတွေ ပြောနေတဲ့အချိန်မှာ ယူအီရင်းရဲ့မျက်နှာက ဘယ်လိုဖြစ်နေမလဲ သိချင်မိတယ်။ ဒီလို ချစ်စရာကောင်းတာတွေ ပြောနေတဲ့အချိန်မှာ သူ့ရဲ့မျက်နှာက ဘယ်လိုဖြစ်နေမှာလဲ။ အခုချိန် မျက်နှာလှလှလေးမှာ ဘယ်လိုရောင်ဝါတွေ ရှိနေမှာလဲ။ ရယ်နေမှာလား။ မျက်မှောင်ကြုတ်နေမှာလား။ ဒါမှမဟုတ် အမူအရာကင်းမဲ့နေမှာလား။
မူယွန်တစ်ယောက် ယူအီရင်းရဲ့မျက်နှာကို တွေးလိုက်ရုံနဲ့တင် ရင်တွေခုန်လာတာကြောင့် ရင်ဘတ်ကို ခပ်တင်းတင်းဖိထားရတယ်။
ပြီးတော့ ပုံမှန်အသံပေါက်အောင် ကြိုးစားပြီးပြောလိုက်တယ်။

“ရိုက်ကူးရေးက ဘယ်အချိန်ပြန်စမှာလဲ”

[မနက်အစောလောက်မှာ ပြန်စမယ်ထင်တယ်၊ ကျွန်တော်က အတော်ကြာအောင် မွှေထားတာကြောင့် ကျွန်တော့်ကို လုံးဝ အမိဖမ်းထားမယ်ထင်တယ်]

“မင်းရဲ့ရိုက်ကူးရေး အေးအေးဆေးဆေးဖြစ်အောင် သူတို့ကို ပြောပေးရမလား”

ယူအီရင်းဆီက အဖြေကို မကြားရပြန်ဘူး။ ဒါက ပေါ့ပေါ့ပါးပါးမေးခွန်းတစ်ခုဖြစ်ပေမဲ့ ချက်ချင်းပြန်မဖြေလာတာကြောင့် ဖုန်းလိုင်းပြတ်တောက်သွားတယ်အထင်နဲ့ ယူအီရင်းကို ခေါ်လိုက်ပေမဲ့ အတော်ကြာအောင် ပြန်ဖြေမလာခဲ့ပါဘူး။

[မစ္စတာ ဆိုးမူယွန်]

“အင်း မစ္စတာ ယူအီရင်း”

[ကျွန်တော့်အတွက် အကုန်လုံး လုပ်ပေးချင်နေတာလား]

“ဘာကို….”

သူက ဒီလိုပုံပေါက်တဲ့ အတွေးကြောင့် ခဏလောက် ပြောစရာမဲ့သွားတာလား။ မဟုတ်ဘူး အဲ့ဒီလိုပုံပေါက်နေတာမဟုတ်ဘဲ အဲ့ဒီလိုဖြစ်နေတာ။ အခုချိန်မှာ သူလုပ်နိုင်သမျှ အကုန်လုပ်ပေးချင်နေတာကို လူတိုင်းက မြင်နိုင်နေတာလေ။
အဲ့ဒါက မှန်ပေမဲ့ အဲ့ဒီလိုမဟုတ်ဘူးလို့ ပြောချင်နေတာကြောင့် ဆက်မပြောနိုင်တော့ဘူး။
ယူအီရင်းကလည်း အများကြီးမပြောတော့ နှစ်ယောက်သား တစ်ခဏလောက် တစ်ယောက်အသက်ရှူသံကို တစ်ယောက် နားထောင်နေမိတယ်။

[အင်း ခင်ဗျားက ကျွန်တော့်ဆီကို မြှုပ်နှံနေတာက ဆိုးရုံသာမက…. ဟုတ်သားပဲ အဲ့ဒီ Hwadae၊ တစ်ခါစုပ်ပေးရုံနဲ့ တကယ်ပဲ အဲ့ဒီလောက်အများကြီး ပေးတာပေါ့]

အီရင်းက နေရခက်တဲ့အခြေအနေကြီးကို ပြေလျော့သွားစေဖို့ထင် အကြောင်းအရာပြောင်းပြောလာတော့မှ မူယွန်တစ်ယောက် နည်းနည်း စိတ်သက်သာရာရသွားတယ်။ ဒါပေမဲ့ အဲ့ဒီနေ့က ယူအီရင်းရဲ့ ပွင့်လင်းတဲ့အခြေအနေကို ပြန်သတိရသွားတဲ့မူယွန်က အကြောင်းပြချက်မဲ့ ခြေထောက်တွေကို စောင်နဲ့ဖုံးအုပ်နေမိတယ်။

“အင်း အဲ့ဒီလို အလုပ်လုပ်တာပဲ”

[နောက်တစ်ခါကျရင် ပိုကောင်းတဲ့ဝန်ဆောင်မှုပေးမယ်၊ နှစ်ထောင်ရမယ်မှန်းမသိလို့ သိပ်တောင် အားမစိုက်ခဲ့ဘူး]

“အဲဲ့ဒါက အားမစိုက်ဘူးတဲ့လား”

[မျှော်လင့်နေပါ၊ ကျွန်တော်က ခင်ဗျားကို တကယ်ကောင်းတဲ့ ဝန်ဆောင်မှုပေးမယ်]

မူယွန်က အဲ့ဒီလို ဆက်ဆံရေးမျိုး မလိုချင်ဘူး မလိုအပ်ဘူးလို့ ငြင်းတော့မလို့ဆိုပေမဲ့ ရပ်လိုက်တယ်။ သူက ယူအီရင်းနဲ့ လိင်ဆက်ဆံဖို့မဟုတ်ဘဲ ရိုးရိုးသားသားဆက်သွယ်ပြီး သူ့ကို စောင့်ရှောက်ချင်တယ်ဆိုပေမဲ့ သူ့ရဲ့စကားတိုင်းမှာ အကြောတွေ ထုံထိုင်းသွားတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။
အခုချက်ချင်း ယူအီရင်းရဲ့ပြုံးနေတဲ့မျက်နှာကို မြင်ချင်မိသွားတယ်။

Swara Web Novel Translation

SponsorWhere stories live. Discover now