『 အားကစားကွင်း 』
________________________________
လင်းယို့နှင့်လုချင်းယန်တို့ဆေးဝယ်ပြီးအဆောင်သို့ပြန်လာချိန်၌ညကိုးနာရီခွဲရှိပြီပင်။ ထိုအခိုက်၌ဘေးအခန်းမှရွှယ်ယီရှင်းသည်လည်းပြန်လာလေရာဆုံမိကြ၏။
ထို့နောက်လင်းယို့၏အကြည့်တို့မှာရွှယ်ယီရှင်းလက်ထဲရှိအသီးအရွက်နှင့်အသားထုပ်တို့ကိုမြင်သွားရာစပ်စပ်စုစုမေးလာတော့သည် : " အစ်ကိုကိုယ့်ဟာကိုယ်ချက်စားမှာလား ?ဒါပေမဲ့အခန်းထဲမှာဘာမီးဖိုချောင်မှလည်းမရှိဘူးလားလို့ ?"
ရွှယ်ယီရှင်းသည်မျက်မှန်ကိုနှာခေါင်းစွန်းမှတွန်းတင်လိုက်၏။ ထိုသူသည်ဖြူလွလွရှိပြီးနှုတ်ခမ်းမှာလည်းဖျော့တော့လှလွန်းသော်ငြားမျက်ဝန်းနှင့်မျက်တောင်တို့မှာတော့မဲနက်လျက်။ သူလူတွေကိုကြည့်သည့်ပုံမှာအေးစက်၍စည်းခြားထားသည့်နှယ်။
သို့သော်ငြားစကားပြောလာချိန်တွင်တော့အလွန်ပင်ကျိုးကြောင်းသင့်လက်တွေ့ကျပေသည်။
" ငါဟော့ပေါ့လုပ်မလို့။ "
ရွှယ်ယီရှင်းမှာရှင်းပြလာ၏။
" ဒီတောင်ဘက်ကအဆောက်အဦးတွေရဲ့လျှပ်စီးပတ်လမ်းတွေကအဆောင်ဘက်ထက်ပိုကောင်းတယ် ၊ ဟော့ပေါ့လုပ်စားဖို့အတွက်လည်းမီးကခံနိုင်တယ်။ မင်းတို့လည်းနောက်တစ်ခါကျစမ်းကြည့်ကြည့်လို့ရတယ်။ "
ထို့နောက်တဒင်္ဂမျှတွေးတောလိုက်ပြီးဆိုလာသည်မှာ : " မင်းတို့ရောစားချင်သေးလား ၊ ငါအသီးအရွက်တွေဝယ်လာတာအများကြီးပဲ။ "
လင်းယို့သည်ခေါင်းခါပြလိုက်ပြီး -
" ကျွန်တော်နဲ့လုချင်းယန်ကအခုပဲညစာစားပြီးပြန်လာတာ ၊ ဗိုက်မဆာဘူး။ ဒါပေမဲ့အစ်ကိုဒီလောက်အရွက်တွေအများကြီးကိုဘယ်လိုလုပ်များသယ်လာရဲရတာလဲ ၊ အစောင့်ကအစ်ကို့ကိုမတားဘူးလား ?"
ရွှယ်ယီရှင်း၏နှုတ်ခမ်းစွန်းတို့မှာတွန့်ကွေးသွားရလျက်သူ၏အိတ်ထောင်ထဲမှခေါက်ထားသည့်ကြီးမားလှသောဈေးဝယ်အိတ်ကိုပြလာချေသည်။ ထိုအိတ်မဲကြီးမှာအရာအားလုံးကိုထည့်ထားနိုင်ရန်လုံလောက်ပေ၏။
YOU ARE READING
ထိပ်တန်းအဆင့်ဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်
Romanceမူရင်းစာရေး : စုန့်ကျစ်ချာ။ စုစုပေါင်းအပိုင်း : ၅၂ပိုင်းနှင့်အချပ်ပို ၃ ပိုင်း။ လုချင်းယန် x လင်းယို့။