【 ၅၆ 】- သူ့ကိုလည်း ကျွန်တော် လိုက်မတုရပါဘူး။

78 17 1
                                    

၅၆။ သူ့ကိုလည်း ကျွန်တော် လိုက်မတုရပါဘူး။

ထိုစဉ်က သူဟာ ဂျူနီယာ အထက်တန်း တက်နေဆဲပင် ရှိသေး၏။ ယင်းအသက်အရွယ် အပိုင်းအခြားရှိ ဆယ်ကျော်သက်ကလေးများဟာ နေ့စဉ်နှင့်အမျှ ဆိုသလို အသစ်အသစ်သော ပြောင်းလဲမှုများနှင့် ကြုံတွေ့နေကြရကာ၊ အရိုးပဒေသာတို့သည်ပင်လျှင် ဖူးသစ်၍ အားမာန်ပြည့်ဝစွာဖြင့် ဖွံ့ဖြိုးနေကြရပေ၏။

ဟော့ယွီ၏ အရပ်အမြင့်မှာ တစ်နေ့ထက် တစ်နေ့ ဆိုသလို ပို၍ ရှည်ထွက်လာရကာ၊ လူပျိုပေါက်အရွယ် ခန္ဓာကိုယ်ဟာလည်း အလွန်တရာ တောင့်ဖြောင့်၍ ထွားကြိုင်းထောင်မောင်းလာရစွာ။ ထို့ပြင် အသံဟာလည်း ရုတ်ချည်းဆိုသလို ဩရှလာရပြီး၊ ယခင်က အဝတ်အစားများကိုလည်း သူ ဆက်ပြီး ဝတ်မရလေတော့။ အသစ်ချုပ်ထားသော ကျောင်းယူနီဖောင်းများဟာလည်း စာသင်နှစ်၏ နှစ်ဝက်ကျော်လာသည်နှင့် အတန်ငယ် တိုသယောင်ယောင် ဖြစ်စပြုလာရပေတော့၏။ သို့ဖြင့် သူသည် ရှပ်အဖြူ၏ ကြယ်သီးနှစ်လုံးလောက်ကို တစေ ဖြုတ်ထားခဲ့ရကာ၊ ဖိနပ်ဆိုဒ်ဆိုလျှင်လည်း ဆိုဒ်အကြီးများဘက်သို့သာ အမြဲတမ်း ရွေးချယ်ခဲ့ရသည်ပေ။

ခန္ဓာကိုယ်ထက်မှ အပြောင်းအလဲများ အပြင် လူမှုဘဝထဲမှ ဝန်းကျင်အငွေ့အသက်ဟာလည်း ပြောင်းလဲလာရတော့သည်သာ။

ရုတ်တရက်ဆိုသလို သူ့နံဘေး၌ တီးတိုးတီးတိုး ပြုနေတတ်ကြသော မိန်းကလေးများ များစွာ တိုးပွားလာရကာ၊ ၎င်းတို့ အနီးအနားသို့ သူ ရောက်သွားလေတိုင်း ရုတ်တရက်ဆိုသလို အုပ်စုလိုက် အသံတိတ်ကျသွားတတ်ကြရသော်ငြား သူ အဝေးသို့ ရောက်သွားရပြီးနောက်မူ တဟီးဟီး၊ တဟားဟားဖြင့် ကျယ်လောင်စွာ ထရယ်တတ်ကြလေ၏။

သူ၏ စားပွဲအံထဲ၌လည်း သူကိုယ်တိုင် သပ်သပ်ရပ်ရပ် စီရီထားသော ပြဋ္ဌာန်းစာအုပ်များ အပြင် ရောင်စုံစာအိတ်လေးများ ရောက်ရောက်လာတတ်ရတော့၏။ အထဲ၌မူ ရေမွှေးနံ့ သင်းနေသော စာရွက်လေးများကို ထည့်ပိတ်ထားရင်း ကြက်သီးထချင်စဖွယ် ဖန်တစ်‌ရာတေ ချစ်ရေးချစ်ရာ စကားများကို ရေးထားတတ်ကြပေ၏။

ပို၍ ဆိုးရွားသည်မှာ ရံဖန်ရံခါတွင် သူဟာ ကျောင်းရှိ စာသင်ဆောင် တစ်ဆောင်ဆောင်၏ လှေကားထိပ်တွင်ပင် ဆီးတားခံရတတ်သေးကာ၊ သူ့ဘက်က မျက်နှာပင် မမှတ်မိနိုင်ပါသော မိန်းကလေး တစ်ယောက်အား မျက်နှာချင်းဆိုင်၍ သူ(မ)ဘက်မှ မျှော်လင့်ချက် အပြည့်ဖြင့် ကမ်းလင့်ပေးလာသည့် လက်ဆောင်ပစ္စည်းများကို လက်ခံယူရတတ်၏။ ထို့နောက်တွင် သူဟာ ရည်ရည်မွန်မွန်ဖြင့် အပြုံးတစ်ပွင့် အပ်နှင်းလျက်၊ သူ(မ)နှင့် သင့်လျော်သော အသိအမှတ်ပြုမှုနှင့် နှစ်သိမ့်ချက်တို့ကို ပေးအပ်၍ တစ်ဖက်သား၏ ခံစားချက်ကလေးများအား တတ်နိုင်သမျှ မနာကျင်စေဘဲ ငြင်းဆန်ရတတ်ပါပေ၏။

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now