【 ၆၃ 】- မဟုတ်ပါဘူး၊ သူက အရသာ မရှိပါဘူး။

135 24 2
                                    

၆၃။ မဟုတ်ပါဘူး၊ သူက အရသာ မရှိပါဘူး။

《အဖုံတစ်ရာ‌သော ဘယရောဂါများ》 ကျောင်းတွင်း ပွဲဦးထွက် ရုံတင်ပြသမှုမှာ သောကြာနေ့တွင် စီစဉ်ချမှတ်ထားသည့်အလျောက် အနှီ ရဲအရာရှိဟာ ရှဲ့ချင်းချန်ကို အဖော်ပြုပေးဖို့ရာ အထူးတလည် ခွင့်ယူ၍ လာရလောက်၏။
  
ရုပ်ရှင်ရုံတွင်းမှ မီးအလင်းရောင်ဟာ အတန်ငယ် မှိန်နေခဲ့ရပြီး၊ ဟော့ယွီဟာ သူ့နေရာတွင် ထိုင်လျက် မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် မျက်စိရှေ့မှ လူနှစ်ယောက်ကို ကြည့်နေခဲ့ပါလေ၏။
  
သူဟာ ဘေ့စ်ဘောဦးထုပ်ကို ဝတ်၍၊ အနက်ရောင် မက်စ်ကို ဝတ်ထားခဲ့ပါလေ၏။ ဟုကျိုးတက္ကသိုလ်တွင်း၌ ဤသို့နှယ် ဝတ်စားဆင်ယင်တတ်သည့် လူများကား မနည်းလှ။ အနုပညာဌာန၌ ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ထားကြသည့် ကြယ်ပွင့်များ များစွာ တက်ရောက်နေကြရပြီး၊ အကြင်သူတို့ဟာလည်း ကျောင်းတွင်း၌ဆိုလျှင် ဤသို့နှယ် အမြဲတစေ ဝတ်စားဆင်ယင်တတ်လေ့ရှိ၍ပင်။ ချောမောသော သာမန်ကျောင်းသားများဟာလည်း လူရှေ့ မျက်နှာထွက်ပြရခြင်းကို အတန်ငယ် မနှစ်မြို့ကြလေရာ မက်စ်အမည်းရောင်နှင့် ဦးထုပ်တို့ဟာ စံ ပုံပန်းအသွင်အပြင်ပါပေ။

ထို့ကြောင့်ပင် ရှဲ့ချင်းချန်ဟာ အနောက်ဘက်မှ ကျောင်းသားလေးကို အလျဉ်း သတိမပြုမိခဲ့ချေပေ။

“ ချန်မန့်၊ မင်း ပေါက်ပေါက်ဆုပ် ”
 
“ ကျေးဇူးပါဗျ ”
 
ဟော့ယွီဟာ လက်နှစ်ဖက်ကို ပိုက်၍ ခုံပျော့ပျော့ကို မှီကာ နားထောင်နေရင်းမှသည် မျက်ခုံးတစ်ဖက် ပင့်တက်သွားရလေ၏။

ချန်မန့်။
 
ဒီတော့ ဒီ ရဲကောင် နာမည်က ချန်မန့်ပေါ့လေ......
  
ယခင်တစ်ခါက ရှဲ့ချင်းချန်အစား သူ ဖုန်းကိုင်ပေးဖြစ်ခဲ့သည်ကို ဟော့ယွီ ရုတ်တရက် အမှတ်ရမိသွားရပေ၏။ ထိုစဉ်က ဖုန်းမျက်နှာပြင်ထက်တွင် ပေါ်နေခဲ့သည်မှာလည်း......ဤ နာမည်ပဲ ထင်?

ဟုတ်တယ်၊ ဒီနာမည်ပဲ။
  
မူလကတည်းက အတန်ငယ် အေးစက်နေခဲ့ရပြီ ဖြစ်သော သူ၏ မျက်နှာဟာ ဒီဂရီ အနည်းငယ်မျှ ပို၍ ကျဆင်းသွားရလေသည်မှာ အနက်ရောင် မက်စ်နှင့် ဦးထုပ်လျှာအောက်မှ အနှီ ဗာဒံသီး မျက်ဝန်းတစ်စုံဟာ အေးစက်စက် ဆီးနှင်းတို့ အဖြစ် ခဲစက်သွားကြရတော့မယောင်။
  
သူဟာ မျက်စိရှေ့မှ နှစ်ဦးသားကို မထုံတက်သေးဖြင့် တိတ်တဆိတ် ဆက်ကြည့်နေဖြစ်ခဲ့ပါလေ၏။
  
ချန်မန့်ဟာ ရှဲ့ချင်းချန်၏ အသိအကျွမ်းမှန်း သိထားပါသည့်တိုင် ဤမျှသော အဆင့်အထိ ရင်းနှီးနေကြခြင်းဟာတော့ သူ့ကို အလွန်တရာ မသက်မသာ ဖြစ်စေစွာ။
  
《အဖုံတစ်ရာ‌သော ဘယရောဂါများ》ဟာ ဟုကျိုးဆေးတက္ကသိုလ်နှင့် ဟုကျိုးတက္ကသိုလ်တို့ ပူးပေါင်းဖန်တီးထားသည့် ကျောင်းနှစ်ကျောင်း၏ နှစ်ပတ်လည် အထိမ်းအမှတ် ရုပ်ရှင် ဖြစ်သည့်အလျောက် ကျောင်းတွင်းတွင်သာ ထုတ်လွှင့်ပြသလေရာ ပြန်လည်ကြည့်ရှုတုံ့ပြန်မည့် ပရိသတ်မှာလည်း ဟုကျိုးတက္ကသိုလ်နှင့် ဟုကျိုးဆေးတက္ကသိုလ်မှ ကျောင်းသားများဟုသာ ဆိုရပေမည်။

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now