【 ၅၉ 】- ကျွန်တော့် ကောင်မလေးတင်ပါ။

160 23 1
                                    

၅၉။ ကျွန်တော့် ကောင်မလေးတင်ပါ။

ရှဲ့ချင်းချန်ဟာ အဆောင်သို့ ပြန်ရောက်လာခဲ့ရပေတော့၏။
  
သူသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် မဟန်တော့ချေဘဲ၊ နောက်ဆုံးသော အားလက်ကျန်လေးတို့ဖြင့် ရေချိုးခန်းထဲသို့ အပြေးသွား၍ ဘေစင်ကောင်တာကို မှီလျက် ရုတ်ချည်း အန်ချမိလိုက်ရတော့ပါ၏။
  
အနှီတမျှ များပြားလှသော ယမကာပြင်းတို့နှင့် ဆေးဝါးများအပြင် သူဟာ ထိုမျှ ကြာအောင် အတင်းအကျပ် တောင့်ခံ၍၊ လူတိုင်း၏ ရှေ့မှောက်တွင် ကျင့်သားရနေခဲ့သည့် ကြံ့ခိုင်သော အသွင်ကိုသာ ထိန်းသိမ်းထားခဲ့ပါပေ၏။ ဟော့ယွီရှေ့မှောက်တွင်ပင် သူဟာ ခါးကို တစ်ချက် မညွတ်စေ၊ တစ်စကလေးမျှ မချည့်နဲ့နေစေခဲ့ဘဲ အစမှ၊ အဆုံးထက်တိုင် ခန္ဓာကိုယ်ကို လှံတံပမာ မတ်ဆန့်ထားခဲ့ပါပေ၏။

ဤသို့ သူ ပြုခဲ့ရခြင်းမှာ ဟော့ယွီထံမှောက်တွင် ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရပြီးနောက် သိက္ခာကိုပါ အဆုံးရှုံးမခံနိုင်တော့၍ပင်။ သူ့တစ်ကိုယ်တည်းသာ ကျန်ရှိနေတော့သည့် ဤအခိုက် ရောက်ခါမှသာ ရှဲ့ချင်းချန်၏ ခန္ဓာကိုယ်ဟာ တင်းခံမထားနိုင်တော့စွာဖြင့် ပျော့ခွေလာခဲ့ရပြီး၊ သဲကြီးမဲကြီး အန်ချမိလိုက်ရတော့ကာ၊ အန်ချည်းသာ အန်နေမိခဲ့ရသည်မှာ သည်းခြေအိတ်ပင်လျှင် အန်ထွက်လာမိရတော့မတတ်။ နားထဲတွင်မူ တဝီဝီ မြည်နေရပြီး၊ မျက်စိရှေ့မှောက်၌ကား ဇာအမည်းဖြင့် အုပ်ထားသည့်နှယ် မြင်မြင်သမျှဟာ မည်းမှောင်၊ ဝေဝါးနေရတော့သည်သာ။

မဖြစ်။
 
သူ လဲကျသွားလို့ မရပါပေ......

သူ ဆေးသွားသောက်ရမည်၊ ထို့နောက်တွင်......
  
ရှဲ့ချင်းချန်ဟာ တဝေါဝေါ ကျဆင်းနေသည့် ရေပိုက်ခေါင်းအောက်တွင် မျက်နှာကို ထိုးသစ်လိုက်ရင်း စိတ်ထဲမှသည် ၎င်းကို သူ့ကိုယ်သူထံ ထပ်ခါတလဲလဲ ပြောဆိုနေမိခဲ့လေသော်ငြား အသိစိတ်ဟာ ညှာတာခြင်း အလျဉ်းကင်းစွာဖြင့် သူ့ကိုယ်ထဲမှ ထွက်ခွာသွားခဲ့ရလေတော့ကာ၊ သူ၏ ခယသော တောင်းပန်တိုးလျှိုမှုတို့ကို လျစ်လျူပြုသွားခဲ့ရချေပြီ။

အဆုံးသတ်၌မူ ရှဲ့ချင်းချန်ဟာ ခြေတစ်လှမ်းတွင် ပျော့ခွေယိုင်နဲ့သွားခဲ့ရပြီး ဘေစင်ရှေ့တွင် လဲကျသွားရပေတော့၏။
  
မေ့မြောမသွားခင်၌ အဆောင်ခန်းတံခါးကို တစ်ယောက်ယောက်က ဖွင့်လိုက်သည်ကို သူ ဝိုးတဝါး မြင်လိုက်ရပေ၏။ ချန်မန့်ဟာ ရှဲ့ရွှယ်ထံမှ တောင်းယူလာသည့် သော့ကို ကိုင်လျက် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျီးကန်းတောင်းမှောက် ကြည့်လိုက်မိရတော့ကာ၊ အဆုံးသတ်၌ ရေခဲတမျှ အေးစက်နေသော ကြွေပြားတို့ထက်တွင် လဲကျနေရှာသော ရှဲ့ချင်းချန်ကို တွေ့ရှိသွားရပေတော့၏။

ဆေးမှတ်တမ်းချုပ် ( ၂ )Where stories live. Discover now