(၁၁)

391 50 15
                                    

Unicode

သော်သည် ကျွန်တော့်အပေါ်မှာ သိပ်ကို ဆိုးနွဲ့လွန်းသည်။ သော်ဟာ စု လားရှိုးဘက်ပြောင်းသွားပြီးကတည်းက ကျွန်တော့်အဆောင်မှာသာ လာလာအိပ်တတ်သည်။ အဆောင်ပိုင်ရှင် အဖွားကပင် အဆောင်မနေဘဲ လာအိပ်တတ်သည့် သော့်ကို သိပ်မကြည်ဖြူချင်တော့။

ကျောင်းမှ ပြန်ရောက်လျှင် သော်သည် သူ့ယူနီဖောင်းများကို အပေခြင်းထဲ လုံးထွေးကာ ပစ်ထည့်ထားတတ်သည်။ သော်ဟာ ကျွန်တော် လျှော်ပေးမည်မှန်းသိ၍ တမင်တကာ ထိုသို့ ပြုမူခဲ့ခြင်းလား မသိပါ။

ကိုယ့်အဝတ်တွေကို ကိုယ့်ဘာသာလျှော်ပါဟု ကျွန်တော်က မြည်တွန်တောက်တီးလျှင်လည်း သော်က အရေးတယူမလုပ်ဘဲ နေတတ်သည်။

"မင်းကို ဘယ်သူမှ မလျှော်ခိုင်းဘူး၊ မင်းဘာသာမင်း မနေနိုင်လို့ လျှော်ပေးနေတာတော့ ငါလည်း မတတ်နိုင်ဘူး"

သော်က ထိုသို့ ပေါ့ပေါ့တန်တန် ပြန်ပြောတတ်သေးသည်။ သူ့ကို ချစ်မြတ်နိုးလွန်း၍ သူ့ဝေယျာဝစ္စတွေကို လိုက်လုပ်ပေးနေမိသည့် ကိုယ့်ကိုကိုယ်သာ မုန်းမိ အပြစ်တင်မိသည်။

စုကသာ ထိုသို့လုပ်ပေးလျှင်တော့ သော်ဟာ အပျော်ကြီးပျော်နေမှာသေချာသည်။ ကျွန်တော်သည် ကိုယ့်ကိုကိုယ် စုနှင့် နှိုင်းယှဉ်မိကာ ကိုယ့်အခြေအနေကို မရောင့်ရဲနိုင်ဖြစ်နေခဲ့ပါသည်။

သော်ကမှ ကျွန်တော့်စေတနာမေတ္တာများကို မထင်မဲ့မြင်ပြုသေးတာပဲ။ ကျွန်တော်လည်း သူ့ကို ပစ်ပစ်ကာကာနေပစ်ဦးမည်ဟု ဆုံးဖြတ်ကာ သော့်အင်္ကျီများအား မလျှော်ပေးဘဲ ထားပစ်ခဲ့လိုက်ပါ၏။

ဝတ်စရာ ယူနီဖောင်းများ မကုန်ခင်အထိတော့ သော်သည် အဆင်ပြေနေသေးသည်။ ဝတ်စရာအဝတ်များ ကုန်သည့်အခါ၌ ကျွန်တော့်စေတနာကို သော် မြင်လာလိမ့်မည်ဟု ယုံကြည်ခဲ့မိသည်မှာ ကျွန်တော်၏ ခပ်တုံးတုံး မျှော်လင့်ချက်မျှသာ ဖြစ်ခဲ့ရသည်။

"အဲဒီအိတ်အမဲကြီးက ဘာလုပ်ဖို့လဲ"

သော်က ဖာသိဖာသာ ပြန်ဖြေ၏။

"ဒိုဘီဆိုင်သွားမလို့၊ ဝတ်စရာ မရှိတော့ဘူး"

"ဪ၊ အဖော်လိုက်ခဲ့ပေးရဦးမလား"

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now