အခန်း ၄၀၉ ။ ရည်းစားရ
ဆရာက ဒီရက်ပိုင်း နည်းနည်းထူးဆန်းနေတယ်လို့ ယိချင်းခံစားနေရတယ်။ မျက်နှာပြင်မှာတော့ အဲဒီရေခဲမျက်နှာအကြည့်က ဘာမှမထူးခြားပေမဲ့ တစ်နည်းနည်းနဲ့ မျက်ဝန်းထောင့်ကနေ ဆရာ့အကြည့်က မကြာခဏ သူ့ပေါ်ရောက်လာတာကို အမြဲခံစားနေရတယ်။ သူ ဟင်းချက်စရာတွေကို ခုတ်ထစ်နေတာပဲဖြစ်ဖြစ်၊ ဆေးကြောနေတာပဲဖြစ်ဖြစ် ချက်ပြုတ်နေတာပဲဖြစ်ဖြစ် ရုတ်တရက် သူ့ကို လှမ်းလှမ်းကြည့်တယ်။ ပြီးတော့ သူမ အမူအရာက အရမ်းထူးဆန်းနေတာ။ စပ်စုမှု၊ သံသယ၊ ဇဝေဇဝါဖြစ်မှုတွေနဲ့... ပုံရိပ်ယောင်ဆန်ဆန် ရှက်ရွံ့မှုမျိုးဖြစ်ပုံပဲ။
"ဆရာ တစ်ခုခုဖြစ်လို့လား" ယိချင်း မနေနိုငိဘဲ မေးလိုက်တယ်။
စားပွဲမှာ အချက်အလက်ထိုင်လုပ်နေတဲ့ လူက တောင့်တင်းသွားတယ်။ သူမလက်ကတန့်သွားပြီး အတော်ကြာတော့ အေးစက်စက်ပြန်ဖြေတယ်။
"ဟင့်အင်း"
သူမ သံသယဖြစ်စရာမလုပ်ထားသလိုမျိုး ဟန်ဆောင်ရင်း အေးစက်စက် အရှိန်အဝါ စတင်ထုတ်လွှတ်တော့တယ်...။
အဲလိုပြောကာ သူမက ပြန်လှည့်သွားပြီး ခေါင်းငုံ့ကာ ဆက်နှိပ်နေတယ်။ သူမတစ်ခေါင်းလုံး ရှေ့က အလင်းမျက်နှာပြင်ထဲ ဝင်သွားတော့မလိုမျိုးပဲ။ သူမနားဖျားလေးတွေမှာပဲ အနီရောင်တချို့ ပေါ်နေတယ်။
ယိချင်း ကြောင်အမ်းသွားတယ်။ သူ ပိုပြီးတောင် ဇဝေဇဝါဖြစ်လာတယ်။ သူ စဉ်းစားကြည့်တော့ ရှေ့ကိုတက်ကာ ဘေးကထိုင်ခုံပေါ်ထိုင်ပြီး လက်ထဲက အဆာသွတ်မုန့်တွေကို သူမဘက် တွန်းပို့ပေးလိုက်တယ်။
"ဒီတစ်ခေါက် အဆာသွတ်မုန့်တွေက လုပ်ရတာ ပိုခဲယဉ်းတယ်၊ ဆရာ စောင့်ရတာ ဗိုက်ဆာသွားလို့ ကျွန်တော် နှေးလွန်းတာကို အပြစ်တင်နေတာလား"
အဆာသွတ်မုန့်တွေ
(⊙v⊙)
ရှန်းရင် ခဏကြောင်အမ်းသွားပြီးမှ သူမရဲ့ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေကို အလင်းမျက်နှာပြင်ကနေ အကြည့်လွှဲကာ စားပွဲပေါ် ပေါ်လာတဲ့ အဆာသွတ်မုန့်ပန်းကန်အပိုဆီ တန်းကြည့်လိုက်တယ်။