အခန်း ၁ (U)

18.8K 778 4
                                    

တဖွဲဖွဲကျဆင်းနေသော စက်တင်ဘာ မိုးရေစက်များအောက်မှာ ကျောင်းသားတစ်စုသည် ချွေးဒီးဒီးကျသည်အထိ ဘောလုံးကို အားသွန်ခွန်စိုက် ကန်နေကြသည်။ ဒီနေ့က ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲရဲ့ဗိုလ်လုပွဲနေ့မို့လည်း အသင်းနှစ်သင်းစလုံးသည် အနိုင်မခံ အရှုံးမပေး အားကစားစိတ်ဓာတ်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစား‌နေကြသည်။

"ဟေး..ကြယ်စင်..ကြယ်စင်..ဘောလုံး ငါ့ကိုပေး"

နောက်တန်းကစားသမား ကြယ်စင်က ဘောလုံးကို တစ်ဖက်အသင်းကနေ လှည့်ပတ်လိမ်ကောက်ယူပြီး ဖြည်းဖြည်းချင်း ဆွဲလာနေစဉ်မှာ ဘောလုံးကွင်းရဲ့ တစ်နေရာမှာ ရှိနေတဲ့ ရှေ့တန်းတိုက်စစ်မှူး ရိန်းရဲ့ အော်သံကို ကြားတာနဲ့ ရိန်းဆီအရောက် ဘောလုံးကို အားနဲ့မာန်နဲ့ ကန်တင်ပေးလိုက်သည်။

ရိန်းကလည်း ဘောလုံးကို တစ်ဖက်ကစားသမားဆီ အပါမခံဘဲ ညာတောင်ပံကနေ ဂိုးဧရိယာကိုရောက်တဲ့အထိ ဝေ့ကာဝိုက်ကာနဲ့ ဘောလုံးကို ဆွဲလာလိုက်သည်။ ဒီအချိန်မှာ ပွဲကြည့်စင်ဘက်က ကျောင်းသားများသည် ရိန်းကို အားပါးတရ အော်ဟစ်အားပေးနေကြသလို ရိန်းကလည်း ဂိုးသွင်းဖို့ရန် တာစူနေသည်။

"ရိန်း..ရိန်း..ဟုတ်ပြီ၊ ဆွဲထား၊ ဆွဲထားကွ"

ရိန်းက ဘောလုံးကို လွတ်မသွားအောင် လှည့်ပတ်လိမ်ကောက်ပြီး ထိန်းထားရသည်။ တစ်ဖက်အသင်း ဂိုးသမားရဲ့ နေရာယူမှုကိုကြည့်ကာ ဂိုးပေါက်ရဲ့ဘယ်ဘက်ခြမ်းကို ဘောလုံးကို ကန်သွင်းပစ်လိုက်သည်။ ကျောင်းသားများကလည်း ဂိုးဆိုတဲ့ အသံတွေ ဆူညံစွာနဲ့ ဝမ်းပမ်းတသာ အော်ဟစ်ကြကုန်သည်။

"ဟေး.. ဂိုး..ဂိုးပြီကွ...ဂိုးပြီ၊ ငါတို့အသင်း နိုင်ပြီ"

"ဟာ ! ဘာတုန်း၊ ပြန်ထွက်သွားတယ်ကွ၊ ဂိုးသမား ပုတ်ထုတ်ပစ်လိုက်တာ"

ဘောလုံးက ဂိုးပေါက်ကို ရောက်သွားတာ တန်းတန်း မတ်မတ်။ တစ်ဖက်အသင်းရဲ့ဂိုးသမား ရန်နိုင်ကလည်း နေရာယူမှန်နေလို့ ဘောလုံးကို ပြန်ပုတ်ထုတ်လိုက်တဲ့အခါ ပွဲကြည့်စင်ဘက်က ကျောင်းသားများ သည် အားမလိုအားမရ ဖြစ်ကုန်ကြကာ အာမေဋိတ် အသံမျိုးစုံ ထွက်လာကြသည်။ဘောလုံးကလည်း ဂိုးဧရိယာဝန်းကျင်မှာ တဝဲလည်လည်ဖြစ်နေသေးလို့ ပွဲကြည့်ပရိသတ်များက ထိုင်ရမလိုထရမလို စိတ်ထဲမရိုးမရွ ဖြစ်ကြရသည်။

More than a friendship [Completed]Where stories live. Discover now