အပိုင်း-၇

3.8K 490 27
                                    

အကြည့်ချင်းဆုံမိခြင်း~



ဂိမာန်နွေဦး~~~ အမည်နာမနှင့်ကိုက်ညီလှအောင် အလှတရားတို့ပြည့်စုံလှသော ရာသီ~ သက်တန့်ဖြာသကဲ့သို့ အရောင်စုံသည့် ပန်းတွေဝေနေအောင် ပွင့်ဖူးသကဲ့သို့ မိုးစနည်းနည်းပျိုးသည့် ရာသီဥတု၏အနေအထားသည်ကား ဆေးရောင်စိုစို ရောင်စုံပန်းချီတစ်ချပ်နှယ်…။

ဤရာသီသို့ရောက်သည်နှင့် စာပေပညာရှင်တို့က လက်ဖက်ရည်ဝိုင်းပြုကာ ကဗျာချိုးစာချိုးနှင့် ဘဝင်တွေ့ကြရသကဲ့သို့ မှူးကြီးမတ်ရာတို့သည်လည်း အနုပညာ အကအလှတို့စု၍ ပွဲသဘင်နှင့်မွေ့လျော်ကြလေ၏။

နန်းတော်သည်လည်း ချွင်းချက်တစ်ခုမဟုတ်ခဲ့……။

မယ်တော်ဖုရား~ ဧကရီတို့ ကြီးမှူးကျင်းပသော နွေဦးပန်းပွဲတော်က မှူးကြီးမတ်ရာများ၏ အမျိုးကောင်းသမီးပျိုများကို ပွဲထုတ်ရာနေရာဖြစ်သကဲ့သို့ အပျိုလူပျိုကြင်ဖက်ရှာကြရာ နေရာလည်းဖြစ်၏။ ပန်းပွဲတော်သို့ တက်ရောက်ချင်ကြသည့် မျှော်လင့်ချက်က ရည်မှန်းချက်မြင့်သော အမျိုးသမီးတိုင်းထံ၌ရှိကြကာ
နန်းတော်တွင်းအမျိုးသမီးများကမူ ပွဲသဘင်ကိုမွေ့လျော်ခြင်း၊ ညနေခင်းသဘင်(မင်း၊မိဖုရားများအတွက် သီးသန့်ကျင်းပသော သဘင်)၌ ခင်ပွန်းအရှင်သဘောကျလာစေရန်  အစွမ်းအစတို့ကို ထုတ်ပြကြရာပွဲတော်ပါပေ။

ယခုနှစ်နွေဦးပွဲတော်သည်ကား အသစ်စက်စက်ဧကရီဖြစ်သော လင်းယွီကိုယ်တိုင် ကြီးမှူးကျင်းပသည့်ပွဲဖြစ်ကာ ဧကရီ၏ဂုဏ်သတင်းကြောင့် စိတ်ဝင်စားနေကြသူက အများအပြား…။
အထူးသဖြင့် အများတကာလိုချင်လှပါသည့် ဧကရီထိုင်ခုံ၌ထိုင်ခွင့်ရသည့် သူမ၏ ရုပ်ရည်၊အရည်အချင်းတို့အား သိလိုစိတ်ပြင်းပြနေသူကများလှပေ၏။

ယခုပွဲတော်စကျင်းပရာ၌ပင် စောင့်ဆိုင်းနေကြသော ရောင်စုံပန်းကလေးများနှယ် လှပကြသော ဂုဏ်သရေရှိ သခင်မမိန်းမပျိုလေးများက ဟိုတစ်စုသည်တစ်စု သတင်းဖွလျက်၊ဝေဖန်လျက်ရှိကြကာ တချို့ကမူ ယဉ်ကျေးသမှုနှင့်အချင်းချင်း နှုတ်ဆက်မှုပြုနေကြလေ၏။

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now