အပိုင်း -၅

786 100 0
                                    

အရမ်းလှတဲ့ ကိုယ်လုပ်တော်ငယ်ငယ်လေး~

ဟန်ကျင်းရှန်း သည်နေရာသို့ တစ်ဖန်ရောက်လာပြန်သော်လည်း  ဤနေရာ၌ရှိခဲ့သည့် အမှတ်တရတို့ကသိပ်မကောင်း၍ ခံစားချက်က အဆင်မပြေ…။

အဆောင်တော်တွင်း ချည်းနင်းဝင်ရောက်လာစဉ်၌ ဧကရီသူမမှာ စာရင်းဇယားတွေနှင့် အလုပ်များနေသည်ကို တွေ့ရ၏။ သို့သော် သူမမျက်နှာပေါ်၌ ပင်ပန်းခြင်းအငွေ့အသက်ဟူ၍ မခံစားရ…။ စတွေ့စဉ်ကကဲ့သို့ ပကတိအေးစက်နေဆဲပင်……။  ဟန်ကျင်းရှန်းအနေရခက်စွာ ချောင်းဟန့်မိသည့်အခါ သူမက ရိုကျိုးခြင်း ပျော့ပျောင်းခြင်းကင်းသည့် တသမတ်တည်းလေသံနှင့် စကားအစချီလာ၏။

"အရှင်မင်းကြီး ဘာအကြောင်းများ ဆွေးနွေးချင်လို့ပါလိမ့် "

"မင်းအလုပ်တွေ အကုန်ပြီးပြီလား?"

"ပြီးလုနီးပါးပါပဲ။ အရှင်မင်းကြီး ခိုင်းစရာများ ရှိလို့ပါလား?"

"ဟုတ်တယ်။ မင်းနဲ့ဆွေးနွေးစရာရှိတယ် မိဖုရား~ "

"ထိုင်လိုက်ပါဦးလား အရှင်~ "

သူမစကားကြောင့် တောင့်တင်းတင်းမတ်မတ်ရပ်နေခဲ့သည့် ဟန်ကျင်းရှန်းတစ်ယောက်  ရှက်ရွံ့သွားရသည်။ သူပိုင်နန်းတော်၌ သူကဧည့်သည်အဖြစ် ပြုမူနေမိသကဲ့သို့ အနေရခက်ဟန်ရှိနေသည်က ဤအမျိုးသမီးက သူ့အကြွေးရှင်အလား……။
သူမကဲ့သို့ တည်ငြိမ်လှသောအမျိုးသမီးက ဆယ့်ငါးနှစ်သမီးဟု ယုံချင်စရာမရှိပေ။

"ဘာကိစ္စများပါလိမ့် အရှင်မင်းကြီး~ "

"အင်း…… မိဖုရားနဲ့ကိုယ်တော် ဆွေးနွေးချင်တာကတော့ ဆက်ခံသူအကြောင်းအရာပဲ။ "

"ဆက်ခံသူ?? အရှင်က ငယ်သေးတာပဲ အဲ့အကြောင်းက ဘာဖြစ်လို့များပါလိမ့်"

ဟန်ကျင်းရှန်း ဆက်ခံသူဟူသည့်စကား၌ ပြောင်းလဲသွားမည့် သူမအမူအရာအား ရှာနေမိသော်ငြား အနည်းငယ်မျှပင် ရွေ့ခြင်းမရှိသော ကျောက်စိုင်ခဲပမာ…။
မေးခွန်းထုတ်ဟန်ဖြင့်သာ ကြည့်ရှုလာသည့်နောက် ဟန်ကျင်းရှန်းအနည်းငယ် စိတ်ပျက်သွားရ၏။

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now