Part 1

32K 468 7
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁)
#မုန်းပါနဲ့ဦး

"ကဲ…ဒီတစ်ခါ မချမ်းသာရင် သေ မြေကြီးတောင် ရမှာမဟုတ်ဘူး.."
"ဟား..ဟား..ဘာဖြစ်လာပြန်ပလည်း..ဘကျော်ရာ.."
"ငါ ဘာရလာလည်း မင်းမသိသေးလို့ပါ…ဒီမှာ.."
၀ါကျင့်ကျင့် စက္ကူ အထုတ်ကလေးကို  မီးဖိုဘေးက ခုံလေးပေါ် တင်လိုက်တော့ လှအောင် က လက်ထဲက ဆေးပေါ့လိပ်ကို ပြာချွေချလိုက်ပြီး လက်ကြားညှပ်ခါ စက္ကူထုတ်ကို မထူးဆန်းသလို ယူကြည့်သည်..။
ဒီကောင် ဘကျော်က ရသမျှ ကျောက်ခဲ အပိုင်းအစ အားလုံးကို ပြည်တန် ပတ္တမြား  ထင်နေတာကလည်း ဒုက္ခ တစ်မျိုးပင်..။
လှအောင် ခပ်ဖြည်းဖြည်း ခပ်လေးလေးပင် စက္ကူခေါက်ကို ဖွင့်နေချိန်  စိတ်ထဲ တစ်မျိုးတော့ ဖြစ်ရသည်..။
"ဟာ…ဒါလား.."
"အေး.."
"မင်း..ဒါဘယ်က ဆေးတာလည်း.."
"ဟဲဟဲ…ခိုးတွင်း၀င်ပေး လာတာလေ.. ကံပေါ်လာပြီ…ဟေ့.."
"ချီး…ဟိုကောင် ၀င်းမောင် ကော ဘာရလည်း.."
"ဒီနေ့ သူ မလိုက်ဘူး..ပွဲစား တစ်ယောက်နဲ့ တွေ့ဖို့ ရှိတယ် ပြောတာပဲဟ.."
"ဟူး…မင်းကံပေါ့ကွာ…ငါ့သူငယ်ချင်းရတော့ ငါလည်း မုဒိတာ ပွားရတယ်.."
"အေးပါကွာ…ငါ သိပါတယ်…မင်းက သူတော်ကောင်းဖြစ်ပြီး ခုချိန်ထိ ကံမကောင်းသေးတာတော့ ငါလည်း စိတ်မကောင်းဘူး သူငယ်ချင်းရာ…ညနေ ငါတို့ တူတူ သွားကြမယ်…ငါကံတွေ မင်းကို ကူးအောင်လေ..ဟား..ဟား.."
"အေးပါ..မိုးကောင်းတုန်း လေကျယ်တာကွ..ဟား..ဟား.."
"ငါပြန်မယ်…ငါ့သား ငိုနေလောက်ပြီ…ငါလည်း ဘယ်နေ့ ထားထား နဲ့ ညားမလည်း မသိဘူး…"
"ဟား..ကံကောင်းနေတဲ့ကောင်ပဲ… ယူလိုက်ပေါ့ကွာ…"
"ဟာကွာ…ပြောစရာ ဖြစ်မှာပေါ့..ပြန်ပြီဟေ့.."
သူငယ်ချင်း ဖြစ်သူ ဘကျော် ပြန်သွားတော့  အိမ်နံရံ အတွက် ရွံစိမ်းနယ်နေတဲ့ အလုပ်ကို ပြန်လုပ်ရင်း ဘကျော် ရတဲ့ ကျောက်ကို စိတ်ထဲ စျေးခန့်မှန်းနေမိသည်..။
မိုးကုတ်မြို့ရဲ့ မနက်ခင်းက မှိုင်းညို့နေပြန်တော့ အေးစိမ့်စိမ့် ဖြစ်လာပြန်သည်..။
အိမ်ရှေ့ မီးဖိုက ပြာဖုံးနေတဲ့ မီးခဲတွေကို သံချောင်းနဲ့ ထိုးမွေရင်း ရောက်စ အချိန် ကို ပြန်တွေးနေမိသည်..။
လှအောင် က ကျောက်အောင်ပြီး သန်းကြွယ် သဌေး ဖြစ်သွားသူတွေကို အားကျ၍  မန္တလေးကို စွန့်ခွါကာ ရေကြည်ရာ မြက်နုရာ ရှာခဲ့သူ တစ်ယောက်…။
ကျောက်အလုပ် နဲ့ အကျိုးမပေး စီးပွား မဖြစ်တာသိလို့ မိန်းမရပြီးကတည်းက အိမ်နောက်၀န်းလေးမှာပဲ ခြံစိုက်စားတော့သည်..။
တစ်ခါတလေ ဘကျော်တို့နဲ့ လိုက်ပြီး တွင်းဆင်းလိုက် ခဲတွင်း တွေဆီလိုက်ရင်း  အချိန် ကုန်ရသည်..။
ဒီလိုပဲဘကျော်ကလည်း  ကံကို ယုံလို့ အောက်ပြည် ကနေ မိုးကုတ်မြေထဲ ခုန်တက်ခဲ့ပြီး ခုချိန် အထိ သား တစ်ယောက်သာ အဖက်တင်ခဲ့ရတဲ့ သူ တစ်ယောက်..။
၀င်းမောင်ကတော့ ရန်ကုန်သား လူလည်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားပေမဲ့ မိုးကုတ်မြေရောက်တော့ ကိုလူလည် ဘ၀ပါလည်ပြီး မြို့လယ်မှာတောင် မနေနိုင်လို့ မြို့စွန်ရောက်နေရသူ တစ်ယောက်..။
ဘ၀တူ ကံဆိုးသူ သုံးယောက်စလုံး ဒီမြို့မှာပဲ သောင်တင်နေတော့သည်..။
ကံမလိုက် သူတွေမို့လို့ ဘ၀အချိန်တွေ ပြုန်းတီးကုန်ခါ အသက် သုံးဆယ်ကျော်နေပေမဲ့ ပြည်တန် ပတ္တမြားကို ရှာဖွေရင်း နပ်မမှန် ဖြစ်နေကြဆဲ…။
အားလုံးထဲမှာ ကံဆိုးသူ ဘကျော်သွားရာ မိုးက အမြဲလိုက်ရွာ နေသလိုပင်…။
ဘကျော်က သူငယ်ချင်းသုံးယောက်မှာ ပထမဆုံး အိမ်ထောင်ထဲ ကျသွားသူ…။
အိမ်ထောင်ကျတာ စောပေမဲ့ သားသမီးလည်း မပွားစီးပါဘူး…
ရှားရှားပါးပါး ကလေး တစ်ယောက် ကိုယ်၀န်တည်တော့ သူ့ခမျာ တော်တော် ပျော်ရှာသည်..။
မိန်းမ က မီးဖွားရင်း ဆုံးသွားတော့ သားတစ်ယောက်သာ အဖက်တင်ကျန်ခဲ့သည်..။
ထိုသားကိုပင် သူ့မှာပဲ အဖေ..သူ့မှာပဲ အမေ ဖြင့် ပြုစု စောင့်ရှောက်နေရသည်..။
ကျန်ခဲ့တဲ့ မွေးကင်းစ သားဖြစ်သူကိုသာ မွေးကျွေးပြုစုဖို့ ခိုးတွင်းထဲ အထိ အန္တရယ် ကြားထဲ လုပ်ကိုင် စားသောက်နေသူ ဘကျော်…။
လှအောင်မှာ သေနတ်သံကြားတိုင်း ဘကျော် ခိုးတွင်း၀င်လို့  အပစ်ခံလိုက်ရပြီလား…ညပိုင်းများ သေနတ်သံကြားပြီး မနက်လင်းအားကြီးတာနဲ့ ဘကျော်အိမ်ကို အပြေးသွားကြည့်ရသည်..။
ဘကျော် တစ်ယောက် သူ့သား နဲ့ နပန်းလုံးနေတာ တွေ့တော့မှ သက်မ ချနိုင်သည်လေ..။
ထိုသို့သော အသက်အန္တရယ်ကြားက ရုန်းကန်နေရသူမို့ ဒီတစ်ခါ ကံကောင်းပါစေလို့ စိတ်ထဲက ဆုတောင်းလိုက်မိသည်..။
"ဘယ်လိုလည်း ၀င်းမောင်..စျေးရခဲ့လား.."
"မရပါဘူးကွာ..ဟေ့…မိညှပ်ရေ..ရေနွေးထည့်ပါဦးဟ..ချမ်းလို့ သေတော့မယ်…တစ်ခါတလေ...ရန်ကုန်ပဲ ပြန်ချင်တော့တယ်ကွာ…"
"မင်း မိန်းမ နဲ့ မင်းသားလည်း အဆင်ပြေနေပြီမလား …"
"ပြေမှာပါ…ငါ့ညီ တစ်ကောင်လည်း ဆယ်တန်းကျပြီး မိန်းမခိုးသွားလို့တဲ့..အဖေတို့တော့ သနားပါတယ်..သားနှစ်ယောက်ရှိတာ တစ်ကောင်မှ မလိမ်မာဘူး...."
"ဟေ….ခုခေတ်ကောင်တွေလည်း..လူဦးရေရှားပါးမှာ တော်တော် ကြောက်ပုံပဲ..ဟား..ဟား.."
"တိုင်းပြည် အခြေအနေအရ မကြောက်လို့မရဘူးလေ..ဟား..ဟား..…ခုတလော..ဗကပ တွေနဲ့ အစိုးရတပ် ခြေချင်းကို လိမ်နေတာပဲကွာ..တစ်ရွာ လေး ကူးမိတာတောင် စစ်လားဆေးလားနဲ့..ငါတော့ ဒီမှာ အခြေအနေ မဟန်ရင်  ပြန်တော့မယ်ကွာ.."
"အေးပေါ့..လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက မင်းမိန်းမ နဲ့ သားကို ရန်ကုန်ပို့ထားတော့ ပြောအားရှိမပေါ့ကွာ.."
"...."
၀င်းမောင်က ရေနွေးကြမ်းဖြင့် ကွမ်းပလုတ်ပလောင်း ဖြစ်နေသည့် သူ့ပါးစပ်ကို အာလုတ်ကျင်း၍ အိမ်ရှေ့ကို ထွေးထုတ်လိုက်သည်..။
၀င်းမောင် နဲ့ သူ့မယားက ဘယ်သူမှ ပေးစာတာ မဟုတ် ချစ်ကြိုက်ယူပြီး အခုတော့ အသံကြားတာတောင် နားခါး သလို ဖြစ်ကြပြန်သည်..။
လွန်ခဲ့တဲ့ ငါးနှစ်က မိန်းမရန်ကုန်သူက ရန်ကုန်ပြန်ချင်သည်..။
၀င်းမောင် ရွာပြောင်း သူတော်ကောင်းက သူဌေး မဖြစ်သရွေ့ ဒီ အရပ်ကို မစွန့်ဘူးလို့ သတ်မှတ်ထားသလို မိုးကုတ်မှာ အခြေကုတ်၍ နေချင်သည်.။
ရန်ဖြစ် စကားများကြပြီး မိန်းမ  ဖြစ်သူ သားလက်ဆွဲပြီး ဆင်းသွားတာတောင် သူကတော့ တွင်းဟောင်း တွေကို လက်မဖြုတ်တွဲထားဆဲပင်..။
"မင်းမှာသမီးတစ်ယောက်ရှိတော့ အားကိုးရသေး..ငါ့မှာလည်း ထားထား နဲ့ ဘယ်တော့ညားမလည်း မသိဘူး."
"လာပြန်ပြီ တစ်ယောက်…ထားထားမှာလည်း မင်းတို့ အဘိုးကြီးတွေ ပါးစပ်ထဲ သပွတ်အူ ဖြစ်နေပြီ.."
"ဟမ်.."
ရေနွေးထပ်ပြီး ငှဲ့ထည့်ရင်း ဖြည်းဖြည်းချင်း မှုတ်သောက်ပြီး မေးနေချိန် ထားထားက တရွေ့ရွေ့ဖြင့် လျှောက်လာနေပြီမို့ လှအောင် စကားစဖြတ်လိုက်ရသည်..။
"ဘယ်လိုလည်း ထားထား နင်တို့ အောက်ပြည်ထက် ဒီမှာ ပိုဆိုးနေပြီမလား.."
"ဟုတ်တယ်..အကိုလှအောင်ရယ်…ကျွန်မလည်း ကိုအုန်းဖေကို ပြောတယ်..ပြန်ချင်နေပြီ.."
"အမလေး မပြန်ပါနဲ့ ထားထားရယ်..နင်ပြန်ရင် ငါ ငတ်မှာလေ.."
"ဒါဆို..အကိုကြီး၀င်းမောင် မိန်းမ ယူလိုက်ပေါ့လို့…စောစောကလည်း ကိုဘကျော်က သူ့သားငိုလို့ ဆိုပြီး ဆူလားငေါက်လားနဲ့ တကယ်တဲသူ့သားက နေမကောင်းတာပဲကို.."
"အေးပါဟယ်…သူက သူ့မိတဆိုးသားကို အသက်ထွက်နေတာကိုး..သူ့ရဲ့ ဆွေမျိုး အရင်းအချာ ဆိုလို့ ဒီကလေး တစ်ယောက်ပဲ ကျန်တော့တာမလား..နားလည် ပေးလိုက်ပါဟာ…ငါတို့လည်း နင့်ကို ကျေးဇူးတင်ပါတယ်.."
"မိညှပ်ရေ…ထားထားလာပြီဟ.."
"ဟုတ်ကဲ့..လာပြီ…."
မိညှပ်ဆိုတဲ့ မြီးကောင်ပေါက်မ သမီး တစ်ယောက်က သွက်သွက်လက်လက်ရှိလို့ စျေး၀ယ် စျေးရောင်း သူပဲ အထွက်များသည်..။
"ဘယ်လိုလည်း ကို၀င်းမောင်…အရောင်းအ၀ယ်တည့်ခဲ့လား.."
"မတည့်ပါဘူး..အစ်မရာ…"
"ဘာပဲ ဖြစ်ဖြစ် တော်သေးတာပေါ့…ကျုပ်တို့ ကိုလှအောင်များ ဘုရားတည် ကျောင်းဆောက် အလုပ်ပြောင်းလုပ်ခိုင်းမလားလို့.."
"မိန်းမကလည်း.."
"ကဲ..ကျွန်မ ခနွှဲဆေးတဲ့ဘက်ကို  သွားလိုက်ဦးမယ်…လိုအပ်တာ ရှင့် သမီးကိုပဲ ခိုင်းလိုက်.."
"အေး."
လှအောင် အေး တစ်လုံးဖြင့် လက်စသိမ်းလိုက်တော့ ရှမ်းခမောက်ကလေး  ကောက်ပြီး ခပ်လှုပ်လှုပ် ထွက်သွားတော့သည်..။
"ငါ နဲ့ ဘကျော် ညနေ တွင်းကို တစ်ခါသွားမလား လို့ မင်းလိုက်ဦးမလား…"
"ဒီနေ့တော့ မလိုက်တော့ဘူး…ဖျားချင်သလိုလို ဖြစ်နေတယ်.."
"အေးလေ..နားဦးပေါ့.."
"မင်းတို့လည်း ကြည့်သွားနော် ဟိုကောင်တွေက တကယ်ပစ်တာကွ...”
"အေး… သေမထူး နေမထူး တွင်းသမား ဘဝပေါ့ကွာ”
လုပ်သက်ဆယ်နှစ်ကျော် မှာ တချို့တွေ တွင်းဆရာ ဖြစ်နေပေမဲ့ ကိုယ်တွေ သုံးယောက် ပေါင်း ကံလိုက်ပုံများ တွင်းသမား အဖြစ် တောင် သိပ်မခေါ်ချင်ကြပေ..။
လှအောင်  ဆေးလိပ် ကိုက်ရင်း ရွံစေးထဲ ရေထည့်ခါ ခဏ နှပ်ထားချိန် ၀င်းမောင်ကတော့ လက်ပိုက်ပြီး ကုတ်ချောင်းချောင်းဖြင့်ပင် သူ့အိမ်ကို ပြန်သွားပြီ..။
.
"လှအောင်…မင်းသိလား…အရင်တုန်းက ပင့်ကူတောင် အောက်မှာ ပင့်ကူကြီး တစ်ကောင် ရှိခဲ့တယ်တဲ့.."
"မင်းစကားကလည်း..ရှိခဲ့တယ် ဆိုတော့ ခု ဘယ်ရောက်သွားလို့လည်း.."
"အင်္ဂလိပ်တွေ တူးယူသွားပြီလေ…"
"ဟား..ဟား…"
ညနေစောင်းပိုင်း မိုးညိုညိုအောက်မှာ တွင်းတွေဘက်ကို မသွားပဲ ပင့်ကူတောင် ဘက်ကို ကူးလာပြီး လက်ကြား ဗြုံး အကြွင်းအကျန်ကိုပဲ  အားကိုးရတော့သည်..။
"ဘကျော်ရေ…ဒီဗြုံးက မဟန်ဘူးနော်….ကုန်နေပါပြီကွာ…လာစမ်းပါ…"
(ဗြုံး - ကျောက်ခဲ သဲနဲ့ ကျောက်မြတ်ရတနာ တွေ ရောနှောနေတဲ့ မြေကြီး)
"မင်းကလေ…ဒီလို အားလျော့စကားကြောင့် မကြီးပွားတာသိလား.."
"မင်းလို ကြိုးစားတဲ့ ကောင်ကတော့ သန်းကြွယ်ရှစ်ဆယ် သူဌေးသား ဖြစ်လာသလား.."
လှအောင် စကားကြောင့် ဘကျော်က အရှိုက်ထိသွားသလို ရယ်မော ရင်း လက်က မရပ်တမ်း အလုပ်လုပ် နေတော့သည်..။
ဘကျော်မှာ  ဆေးနေရင်း က လက်ကို ထုတ်ပြီး ထောင်ကြည့်ခါ
"လှအောင်….."
"ရပလား.."
"အေး.."
လှအောင် လက်ထဲက ကျောက်တုံးပစ်ချပြီး ဘကျော် အနားကို အပြေးရောက်သွားခါ ကြည့်မိသည်..။
"ဟာကြာ…"
"ချီး…"
"ဘာကျောက်လည်း မသိဘူး…နက်စွေးနေတာပဲ…"
"အညံ့တောင် မ၀င်ဘူး…အရိုင်းကို သွေးရင်လည်း ပျော့ပြဲနေတာ အမှုန့်ပဲ ရမယ်.."
"အေးကွာ…"
နှစ်ယောက်သား ကျောက်တွေ့ခါမှ အမောစို့လို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ကျောက်နံရံ ကို မှီထားမိသည်..။
"ရှေးလူကြီးတွေများ တစ်ခုခု ကျိန်စာ ထားခဲ့လား မသိဘူး."
"ဘာတုန်း.."
"သြော်..မိုးကုတ်သား မဟုတ်ရင် မိုးကုတ်ကို မှီပြီး မကြီးပွား မချမ်းသာ ပါစေနဲ့လို့လေ…"
"အမယ်..သူတို့မြို့သားတွေလည်း အကုန်ချမ်းသာတာမှတ်လို့.."
"ပြန်မယ်ကွာ…ငါ့သား နေသိပ်မကောင်းဘူး. …"
"ဟား..ဟား…ထားထားကိုလည်း မနက်က ဆူလိုက်တယ်ဆို.."
"အေးလေ…ကလေး နေမကောင်းလို့ သေချာ ကြည့်ပါဆို အပ်ခဲ့တာ တစ်ယောက်တည်းထားခဲ့တယ်.."
"သူတို့က စေတနာ နဲ့ ကြည့်ပေးတာပဲကွာ.."
"အေးပါကွာ…ငါက ဘ၀တစ်လျှောက်လုံး  လောဘ သောက များတယ်…မင်းလို အေးအေးချမ်းချမ်းနေတဲ့ သူတွေကိုအားကျတယ်..ဒါကြောင့် ငါ့သားကိုလည်း  မင်းတို့လိုမိသားစုထဲက  အေးအေးဆေးဆေး မိန်းကလေး နဲ့ ညားစေချင်တယ်…ဒါမှ အေးချမ်းမှာ ငါ့လို ဖြစ်နေရင် မလွယ်ဘူး ကောင်ရေ..… ငါ့မှာ အိမ်ထောင်ကျတာ စောပေမဲ့ ခင်ယုက ကျန်းမာရေးချုချာလို့ သားသမီး မရဘူး..အသက်ကြီးမှ သားလေး တစ်ယောက်မွေးပြီး ထားသွားပြီ..ငါ့သားက ခုမှ ငါးနှစ်…မင်းသမီးက အပျိုဖြစ်နေပြီ…ဆိုတော့ ဝေးပါပြီ."
"ကံစီမံရာပေါ့ကွာ…ဒါပေမဲ့…မပူပါနဲ့..ငါတို့ မြေးတွေရလာရင် ညားမှာပေါ့ကွာ…ဟေး..ဟေး.."
"မင်း တကယ်ပြောတာနော်.....ပြီးတော့မှ..တစ်မျိုး မပြောင်းနဲ့…"
"အောင်မလေး…ဘကျော်…ပေးစားမယ်ဆို ပြီးပြီမလား ၀တ်လုံတို့ ရှေ့နေတို့ လိုနေသေးလား.."
"ဟား..ဟား..အေးပါကွာ..ခုတော့ တင်တောင်းစရာ မရှိဘူး..ဘာမှန်းမသိတဲ့  ကျောက်ကို မင်းလက်ပွန်းအောင် သွေးပြီး တစ်ခုခု လုပ်ထားလိုက်ပေါ့…"
"ကျောက်ခဲ နဲ့ တင်တောင်းခံရတဲ့ လူမဖြစ်သေးတဲ့ ငါ့မြေးမကို သနားလိုက်တာကွာ…ဟား..ဟား.."
"ပြန်မယ်ဟေ့.…"
လှအောင်လက်ထဲ ရောက်လာတဲ့ ကျောက် အနက်တစ်မျိုး ကို ဆုပ်ကိုင်ပြီး ဘကျော် လက်ကိုဆွဲခါ ထလိုက်ရသည်..။
အိမ်ပြန်ရောက်တော့ မီးရောင်အောက်မှာ သေချာ ကြည့်လိုက် အကြမ်းဆေးလိုက်ဖြင့် ကျောက်အရောင် က တစ်မျိုး ပြောင်းလာပြန်သည်..။
လိမ္မော်မှ နီရင့်ရင့်ဘက်ကို သိသိသာသာ ကူးပြောင်းလာပြီး အရည်လဲ့သလို ဖြစ်နေပေမဲ့ ပတ္တမြားလို မာကျောမှု မရှိတော့ စျေးကောင်းမရနိုင်ပြန်..။
ဆိုးတူကောင်းဖက် သူငယ်ချင်းက ပေးတာမို့ ကျောက်ခဲပင်ဖြစ်စေ အထိခိုက် အပွန်းပဲ့ မခံနိုင်ပဲ သေချာ ဂရုစိုက် ရသည်..။
"ဟာ.."
ဂရုစိုက်ပြီး တယုတယ လုပ်နေသည့်ကြားက မထင်မှတ်ပဲ ဆက်ကြောင်း အတိုင်း နှစ်ခြမ်းကွဲသွားပြန်သည်..။
"ဒုက္ခပါပဲ…"
အစကတော့ ကျောက်တစ်ပွင့်ရအောင် ကြိုးစားသွေးပြီး ၀င်းမောင် ကို ပြန်ပေးလိုက်ရင် ဒီကောင်က ပွဲစား အထာ နှပ်နေလို့ ရောင်း၍ ငွေအောင် ပါစေပေါ့လေ ။
"ဟဲ့…မိညှပ် ဘယ်လည်း.."
"မထားထား တို့ဆီကိုပါ.."
ငွေရောင် လက်စွပ်ဆီကို အကြည့်ရောက်သွားတော့ အကြံ တစ်ခု ထွက်လာသည်..။
"ဟဲ့…ညည်းလက်စွပ်ပေးစမ်း.."
"ဘာလုပ်ဖို့လည်း..အဖေရဲ့.."
"ကျောက်တပ်ပေးဖို့ပါ…"
မိစွာက သူ့လက်စွပ်ကို ကျောက်တပ်ပေးမယ် ဆိုတော့ မှ အဖေ ဖြစ်သူကို ယုံယုံကြည်ကြည် ချွတ်ပေးတော့သည်..။
"အဖေ ကျောက်ကောင်းရခဲ့လို့လား.."
"အေး.."
လှအောင် ပြီးစလွယ်အေးလိုက်ပြီး လက်စွပ်ကို ပတ်လည် လိုက်ကြည့်ပြီး နှစ်ကွင်းခွဲလုပ်ဖို့ စဉ်းစားချင့်ချိန် မိသည်..။
.
"ကဲရော့…"
"ဘာတုန်း.."
လှအောင် လှမ်းပေးတဲ့ လက်ကိုင်ပုဝါ ထုတ်ကို ဖြည်ကြည့်ပြီး မျက်ခုံးပင့်ခါ နှုတ်ခမ်းမဲ့ပြီး သေချာ ယူကြည့်သည်..။
"မိညှပ် လက်စွပ်က ထူတော့ ခပ်ပါးပါး နှစ်ကွင်း ပြန်ခွဲလိုက်တယ်…မင်းမြေးဖို့ တစ်ကွင်းယူထား..ဒါဆို ရှေ့နေခလည်း မကုန်တော့ဘူး…စိတ်ချတော့..ဟား..ဟား.."
"သြော်..ဒီလိုလား..မသိပါဘူး..ငါက မင်းပြန်ရောင်းဖို့ ကြံဆောင်ထားတယ် မှတ်တာ…ဟား..ဟား…"
"ကဲ မောင်မျိုးချစ်ရေ…ထပါဦးဟ…"
"မင်းမွေးလာမဲ့ ကလေး အတွက် တစ်ကွင်းတဲ့…ကျောက်နက်သွေးတဲ့ ဖူးစာပေါ့လေ..ဟေး..ဟေး…"
ဘကျော်က သူ့သားလည်ပင်းက ကြိုးမဲလေးကို ဖြုတ်ပြီး လက်စွပ်ကို ချည်ခါ ပြန်၀တ်ပေးနေသည်..။
"ဟေ့ကောင်..ကလေး အိပ်လို့ ဖိမိရင် နာနေပါ့မယ်ကွာ.."
"မနာပါဘူးကွာ..ငါ့သားက ငါ့တို့နဲ့ မတူဘူး…တည်တည်ငြိမ်ငြိမ်လေး…အဲ…စူးစူးဝါးဝါး ငိုတက်တာလေး တစ်ခုပါပဲဟ…"
"ဒါကတော့..သူ့ခမျာ လသားလေး နဲ့ မိခင်ရင်ငွေ့ဝေးနေရတာကိုးကွာ…သနားပါတယ်….."
"အေးကွာ…နေမကောင်းတော့ ဂျီတိုက်တာလည်း ပါတာပေါ့လေ …ဆေးခန်းပြရဖို့ကလည်း ငွေက ရှားတယ်ကွာ.."
"ဟင်း..မင်း မနေ့က ရတဲ့ ကျောက်ကော ဘယ်စျေးရလည်း.."
"မရဘူး..အရောင်မကြိုက်လို့ဆို စျေးကောင်း မပေးဘူး..ပြန်သိမ်းထား လိုက်တယ်"
သူသားလေးကို ပေါင်ပေါ် ခေါင်းမှောက်သိပ်ပြီး ကျောကို ခပ်ဖွဖွ ပွတ်ရင်း ခေါင်းရမ်းခါ ပြောတော့ လှအောင် သက်ပြင်းချမိသည်..။
ကူဖို့ကယ်ဖို့ ဆိုတာက ကိုယ်ကလည်း ရှိဦးမှလေ….အခုတော့ ဆုတောင်းရုံမှ တစ်ပါး…။
"မင်းတို့က ဒီမှာကိုး…"
"ဟေ…၀င်းမောင်…မင်းက ဘယ်တုန်းက ပြန်ရောက်နေတာလည်း.."
"ကြာပြီရော…"
၀င်းမောင်က အိမ်ပေါ်တက်ပြီး ရေသောက်ခါ ပစ်ချထိုင်လိုက်တော့ အိမ်တောင် သိမ့်ခနဲ ဖြစ်သွားသည်..။
"ဦးဖိုးမောင် ဆုံးပြီ...."
"အေးလေ…သူက ပါးစပ် စည်းးမှ မရှိတာ….."
"ဘာဆိုင်လို့လည်း..ဖျားနာပြီး ဆုံးတာပါကွာ…"
"…ဒီမှာ ဘယ်လို အလုပ်လုပ်ကြလည်း မင်းလည်း သိသားပဲ…ဟိုနေ့က တွင်းသမား တစ်ယောက် မြွေသတ်လို့ တွင်းထဲ ကျန်ခဲ့တာ မနည်းနှာနပ်ယူလိုက်ရတယ်လေ…ဟိုတကောင်ဆို ရူးပါသွားတယ်…ကိုယ်အယုံအကြည် မရှိပေမဲ့ နေရာဒေသ အပေါ် မူတည်တယ်လေကွ…၀င်းမောင် အစအနောက် သန်တဲ့ မင်းလည်း ကြပ်ကြပ် သတိထား...."
"သတိထားပါမယ.်..အခုသွားကြမယ်.."
"ဒီနေ့တော့ ငါ မလိုက်တော့ဘူး…"
"ကဲ …ငါ နဲ့ လှအောင် ပဲ သွားတော့မယ်. …ဦးဖိုးမောင်တို့ တွင်းဘက် သွားရအောင် တွေ့လို့တွေ့ငြားပေါ့လေ…ဟား..ဟား.."
"ဒါကတော့ မင်းသဘောပဲ..မင်းကလောဘဇော တိုက်နေတဲ့ ကောင်.."
သူငယ်ချင်း သုံးယောက်သား စကားများလိုက် ဆဲလိုက်ဆိုလိုက်ဖြင့်…လှအောင် အိမ်ပြန်လာတော့ ၀င်းမောင် ပါလာသည်..။
"အမယ်..ဒီလက်စွပ်က ဘာတုန်းဟ.."
"ငါ့မြေးနဲ့ ဘကျော်မြေး စေ့စပ်လိုက်တာကွ.."
"ဟား..ဟား…မင်း သမီး ဗိုက်ကြီးပလား."
"ဟ…မင်းကလေ…၀င်းမောင်...တော်တော့်ကို…"
"ဘာဖြစ်…ဘာဖြစ်…"
"မပြောတော့ဘူး.."
လှအောင် လက်စွပ်ကို စင်ပေါ် တင်ခဲ့ပြီး လိုအပ်တဲ့ ပစ္စည်း တစ်ချို့ ယူခါ ၀င်းမောင် နဲ့ တွင်းဟောင်းတွေဘက်ကို ထွက်လာခဲ့လိုက်သည်..။
"နှစ်ယောက်စလုံး ဆင်းလို့ မဖြစ်ဘူး…ဒီဘက်က  ခိုးတွင်းများတာ ဆိုတော့…တွင်းသားကော စစ်သားကော စောင့်ကြည့်ရလိမ့်မယ် ထင်တယ်…"
"ရတယ်…ငါ အရင် ဝင်မယ်…"
"အေး.."
တွင်းဆရာလို ဖြစ်နေတဲ့ ၀င်းမောင် က သူ့ ကျွမ်းကျင်တဲ့ အလုပ်မို့ တွင်းထဲ ဆင်းခါ လှအောင်ကတော့ ကင်းစောင့် အဖြစ် တာ၀န်ယူရင်း မလှမ်းမကမ်း မှာ ခဲစာပုံက ကျောက်သားတွေကို ထုခွဲကြည့်၍ ကံစမ်းရင်း ကျန်ခဲ့သည်..။
"ကျစ်…ချီး…"
ကျိန်ဆဲရင်း ၀င်းမောင် လူတစ်ကိုယ် နေရာလေး တိုး၀င်ရသည်..။
ဒီတွင်းတွေလုပ်စတုန်းက  ရောက်ဖူးပေမဲ့ ဗြုံးကြောလည်း ပါးလို့ အချိန်ခဏလောက်ပဲ လုပ်ခဲ့ရသည်..။
၀င်းမောင် ခေါင်သားအဆုံးထိ ဝင်ဖို့ အပေါ်မြေ အခြေအနေ မဟန်လို့ လေးဘက်ထောက်ခါ ပြန်ထွက်လာရသည်။
"ဘယ်လိုလည်း ရမလား.."
"ဟအေး.."
"ငါပြောသားပဲ..မရှိပါဘူးဆို"
"အေးကွာ.."
"ဒါဆို..ပြန်ကြမယ်ကွာ…ငါ လည်း ထိုင်စောင့်ရင်း ခဲစာထဲက အညံ့နှစ်ပွင့်ရတယ်.."
၀င်းမောင် က အပြန်လည်း မှာခြေလှမ်းတွေ သွက်နေလို့ လှအောင်က အပြေးအလွှားလိုက်ခဲ့ရသည်..။
"ကျောက်ပြသာဒ်ဘက်က ခိုးတွင်းတွေ ပွနေပြီ.."
"ခဲတွင်းတွေက ပို အလုပ်ဖြစ်နေတယ်…"
"တိုင်းပြည်သာ တည်ငြိမ်ရင် ခုချိန် ပိုကောင်းမယ်…"
"သင်္ကြန်ကျခါ နီးပြီဆိုတော့ မိုးတွင်း ရေပါရင် တွင်းသမားတွေ  တစ်ခါ ဒုက္ခရောက်ဦးမယ်.."
"ငါလည်း ပြန်စိုက်ပျိုးထားရမယ်…ဘကျော် သားကလည်း နေမကောင်းဘူး..မင်းမှာ ငွေ ရှိရင် ခဏပေးထားလိုက်ပါလား.."
"အေး..ငါပေးလိုက်ပါ့မယ်.."
၀င်းမောင်က သေနတ်သံကြောက်လို့ ခပ်သွက်သွက် ခေါင်းညိတ်ပြီး မြန်မြန် ဆန်ဆန် လျှောက်နေတော့ လှအောင်လည်း ခြေလှမ်းကြဲကြဲ ဖြင့် လိုက်ရသည်..။
"အဖေ …မိညှပ် လက်စွပ်ကော.."
"အေး..ဒါ…ငါ့မြေး..နင့်သမီးဖို့.."
"ရှင်…"
"နင့်မွေးလာမဲ့ သမီး နဲ့ ဘကျော် မြေးပေးစားတဲ့ အခါ ကျရင် တင်တောင်းငွေ ပေးပြီးသွားပြီ…အဲတော့ နင်ယူထား…ပြီးရင် နင့်သမီးကို ပြန်ပေးလိုက်ပေါ့.."
"ဟိဟိ…အဖေကလည်း..အိမ်မက်မက်နေတာလား.."
မိညှပ်ဆိုတဲ့ အတိုင်း ထဘီတိုတို ဖြင့် လက်စွပ်ကို ယူ၀တ်ပြီး သူ့အမေ ခနွှဲဆေး တဲ့ နောက်လိုက်သွားတော့ လှအောင် သက်ပြင်းချမိသည်..။
ဒီကောင်မလေး..နေပုံစားပုံနဲ့တော့ တကယ့်ကို အခက်သား..။
ဘကျော်မြေး နဲ့ မိညှပ် မွေးလာမဲ့ ကလေး ပေါင်းဖို့ ဆိုတာ ဖြစ်တောင် ဖြစ်နိုင်ပါ့မလား ကံစီမံရာပေါ့လေ…။
လှအောင် မမြင်ရတဲ့ အနာဂတ်ကို ကြိုတွေးရင်း ဟာသ တစ်ခု အဖြစ် ရယ်မောလိုက်မိသည်..။

မုန်းပါနဲ့ဦးWhere stories live. Discover now