Part 3

4.1K 180 2
                                    

မုန်းပါနဲ့ဦး
အပိုင်း (၃)
#မုန်းပါနဲ့ဦး

"အကြီးကိုတော့ သားမယူချင်ဘူး အဖေ.."
ညစာ ထမင်းဝိုင်းမှာ အကိုကြီး ထပြောတဲ့ စကားကြောင့် မျိုးချစ်လည်း ထမင်းစားနေရင်း မော့ကြည့်မိသည်..။
အဖေ က မျက်မှောင်ကြုတ်ပြီး လက်ထဲက သောက်ရေခွက်ကို ချခါ
"ဟ..မင်းက အစကတော့ မပြောဘူး..စကားပြောဆိုပြီးမှ ပြောတော့.."
"သားမတွေ့ဖူးတာ ဘယ်လို ပြောရမလည်း..အဖေက ခုတွေ့ ခုယူဖို့ လုပ်တာကိုး.."
ကိုကြီးကလည်း သူ့ဘက်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ဖြင့် စကားလုံးတွေ စီထားတော့ မျိုးချစ် ကြိတ်ပြုံးမိသည်..။
အေးလေ…တစ်ရာ့ငါးဆယ်မ ကို ဘယ်သူက ယူချင်မလည်း…။
မျိုးချစ် လည်း အကိုကြီး လူရိုးလေးကို ဒီမိန်းမလည် နဲ့သိပ်သဘောမတူချင်ပါဘူး..။
"ဘာဖြစ်လို့လည်းကွာ…အကြီးမကလည်း ဗိုင်းကောင်းကျောက်ဖိလေးပါကွ…."
"ကျွန်တော် သဘောမကျဘူး.မယူချင်ဘူး အဖေ…"
အကိုကြီး က ခါးခါးသီးသီး ဖြစ်လာတော့ အဖေက သက်ပြင်းချပြီး ထမင်းတွေကို လက်နဲ့ သိမ်းရင်း
"အဲဒါမှ…ဒုက္ခ..အေးလေ….အကြီးကောင်က အိမ်ထောင်မပြုချင်သေးလို့ ပြောရမလား..နိုင်ငံခြား ထွက်ဦးမယ်လို့ပဲ ပြောရမလား မသိတော့ပါဘူး…မိဘ၀တ္တရားထဲ ပါနေလို့ စီစဉ်ပေးရတာ..အဲတော့ သားကြိုက်တဲ့ မိန်းကလေး မျိုး တွေ့ရင် ပြောပေါ့.."
"ဟို…ဒါဆို…မျိုးချစ် ကကော လက်ထပ်ချင်နေတာလား.."
"ဗျာ…ဟာ…မလိုချင်ပါဘူး…အဖေက အတင်းလေ…"
မျိုးချစ် မျက်နှာ ရှုံ့မဲ့ ပြီး ပြောလိုက်တော့ အကိုကြီး က ပြုံးခါ ထမင်း ပန်းကန်ကို ငုံ့ကြည့်ရင်း..
"ဟို…ဟို….သားမှာ ချစ်သူတော့ မရှိပါဘူး အဖေ…ဒါပေမဲ့..လှဝေကိုတော့ မြင်မြင်ချင်း…အဲဒါ.."
ထမင်းဝိုင်း တစ်ခုလုံး တိတ်ဆိတ်ကျသွားတော့ အကိုကြီး စိုးရိမ်တကြီး မော့ကြည့်လာသည်..။
"အဟား…ဟား..ကောင်းတာပေါ့…အတော်ပဲ…မလှဝေ ကို အကိုကြီး ယူလိုက်လေ…"
"သား…အဲလို စကားကို လွယ်လွယ် မပြောနဲ့လေ…"
အမေက ၀င်ဟန့်တော့ မျိုးချစ် ပါးစပ်ပိတ်လိုက်ရပြီး ထမင်း ပန်းကန်ဆီကို သာ အကြည့်ပြန်ရွေ့ထားလိုက်သည်..။
မလှဝေ ကို တွေ့တွေ့ချင်း ရုပ်ကလေးလှ ကိုယ်ဟန်လေး ကျော့ပြီး ဖော်ဖော်ရွေရွေ ရှိလို့ကိုယ်လည်း စိတ်ထဲ သဘောကျမိတာ မှန်ပါသည်..။
ဒါပေမဲ့ အကိုကြီးက လူအေး လူရိုး ဖြစ်ပြီး အနစ်နာခံခဲ့ရတာတွေ များတော့ အကိုကြီး ကို စိတ်ချမ်းသာစေချင်သည်..။
မျိုးချစ်က အသက်လည်း ငယ်သေးသလို စိတ်ကလည်း မိန်းမ ချောချော  မှန်သမျှ ရင်ခုန်နေချင်တာမို့ ထူးပြီး မခံစားရပါဘူး…။
အဖေက တိတ်ဆိတ်ခြင်းဖြင့် ပင် ထမင်းပန်းကန်ကို လက်စသိမ်းပြီး ထသွားတော့ အကိုကြီးလည်း ထမင်းမကုန်ခင် ထသွားတော့သည်..။
"ဟင်း.."
အမေ့ရဲ့ သက်ပြင်းရှည်ကြီး ကြောင့် မျိုးချစ် ထမင်းကို လေးကန်စွာ စားရင်း တစ်ခုခု စဉ်းစားနေမိသည်..။
.
"ဟဲ့…သား..ပြန်လာတာ စောလှချည်လား.."
"ဟုတ်…အကိုကြီး ကို ကြည့်ရတာ သူပြောလိုက်တဲ့ စကားကြောင့် နောင်တ ရနေသလိုပဲ အမေ.."
"အေးပေါ့…သားအဖေကလည်း ဘာမှ ပြန်မပြောတော့ သူ ထင်သလိုတွေ လျှောက်တွေးနေမှာပေါ့.."
"ဟင်း…မလှဝေကို ယူရင် ဘာဖြစ်လို့လည်း အမေရာ.."
"သြော်..သားရယ်…သားနှစ်ယောက် သမီး နှစ်ယောက်ကို လက်ထပ်ပေးပါမယ်လို့ ပြောထားတာလေ…သားကြီးက လက်မထပ်ပဲ နေရင်တောင် မျက်နှာပူစရာဖြစ်တာပေါ့…သမီးအငယ်ကိုပဲ လိုချင်တယ်ဆိုတာ့ တစ်ဖက်က ကောင်မလေးကလည်း သိမ်ငယ်ရှာမှာပေါ့…ကောင်မလေးတွေ အဖေက လည်း ဘယ်စိတ်ကောင်းပါ့မလည်း.."
"အိုး..တစ်ယောက်ယူပေးတာ ကျေးဇူးတောင် တင်ရဦးမယ်.."
"စကားမပြောထားရင်တော့ ပြင်လို့ရတာပေါ့..အခုက စကားကျွံ့ထားခဲ့ပြီလေ…"
"ဟူး…သားကတော့…အကိုကြီး  စိတ်ညစ်နေတာ မကြည့်နိုင်ဘူး.."
"သားအဖေ တစ်ခုခု စီစဉ်ပေးပါလိမ့်မယ်…"
မျိုးချစ် စိတ်ရှုပ်စွာဖြင့် ရေချိုးပြီး လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့လိုက်သည်..။
အိမ်မှာ နေရတာ ငယ်ငယ်က ငွေကြေး အဆင်မပြေပေမဲ့ အခုလောက် စိတ်မဆင်းရဲရပါဘူး..။
အခုတော့ ဘာတွေ ဖြစ်နေမှန်းကို မသိ..။
အကိုကြီးကလည်း တမှိုင်မှိုင် အမေ ကလည်း ငေးငေးငိုင်ငိုင်…အဖေကလည်း စကားမပြောသလောက်ကို ဖြစ်နေပြီ..။
လက်ဖက်ရည်ဆိုင် ထိုင်ပြန်တော့ မမြင်ချင်တဲ့ မြင်ကွင်း တစ်ခုက ရှေ့က ဖြတ်သွားပြန်ပြီ..။
မမထွေးက ဘေးက လူကို လက်ကိုင်ပြီး ရယ်မော စကားပြောသွားတာ မျိုးချစ် စိတ်ထဲ ဒေါသဖြစ်ရပြန်သည်..။
.
"အိမ်ရှင်တို့…အိမ်ရှင်တို့.."
ပျဉ်ထောင် သွပ်မိုး အိမ်ရှေ့မှာ လာပြီး အိမ်ရှင်တို့ အော်နေတော့ မျိုးချစ် ဂစ်တာစမ်းနေရင်းက အိမ်ရှေ့ကို ထွက်လာခဲ့ရသည်..။
"သြော်.."
ကိုယ့်နဲ့ ပေးစားမယ် ဆိုတဲ့ မလှဝေက ပြုံးပြတော့မှ မျိုးချစ် လှေကားနှစ်ထစ်ကို ဆင်းပြီး အိမ်ရှေ့ ခြံတံခါး သေးသေးကို ဖွင့်လိုက်သည်..။
"လာလေ…"
"ဟုတ်ကဲ့.."
မလှဝေက ဒန်ချိုင့်တစ်လုံးကို ကိုင်ပြီး ခြံထဲ၀င်ပြီး နောက်ကိုလှည့်ကြည့်ခါ လက်ပြ၍ လှမ်းခေါ်နေသေးသည်..။
မျိုးချစ် ခေါင်းစောင်းကြည့်လိုက်တော့ တစ်ရာ့ငါးဆယ် မမ က တွန့်ဆုတ်စွာဖြင့် လျှောက်လာသည်..။
အိုး…အဲဒါမှ ဒုက္ခပါပဲ…။
"ဦးလေးကောဟင်.."
"ဖေဖေက အလုပ်ကိစ္စ ချိန်းထားတာ ရှိလို့ စောစောကပဲ ထွက်သွားတယ် မလှဝေ..ထိုင်ပါဦး…"
"သြော်..ဟုတ်ကဲ့…အိုး…မမ လာထိုင်လေ.."
"အင်း.."
သူ့ညီမ က ဦးဆောင်ပြီး ခေါ်လိုက်တော့မှ ခုံမှာ ၀င်ထိုင်ပြီး အိမ်ကို တစ်ပတ်လည် လိုက်ကြည့်နေတာ အခု မှ မြို့ရောက်ဖူးသူလိုပါပဲ…။
အကိုကြီး ငြင်းလည်း ငြင်းချင်စရာကြီးကိုး..။
မျိုးချစ် မသိချင်ယောင်ဆောင်ပြီး ရှေ့က မလှဝေကို ပြုံးပြလိုက်ရသည်..။
"သြော်..ဒီမှာလေ…ဝေတို့အိမ်မှာ မုန့်ကြာစေ့သာကူလေး လုပ်စားတာ နေ့လည်နေ့ခင်း စားလို့ရအောင်လာပို့တာပါ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်…မဝေ..ထိုင်ဦးနော်…ကျွန်တေ်ာ ချိုင့်လှယ်ပေးမယ်…မပြန်နဲ့ဦးနော်…အေးအေးဆေးဆေး နေပေါ့..ခဏနေ အမေလည်း ပြန်လာမှာပါ.."
"ဟုတ်ကဲ့.."
မျိုးချစ် အိမ်နောက်ဖေး ၀င်ပြီး ချိုင့် ကို အဖုံးဖွင့်လိုက်သည်၊
အဖြူရောင် မုန့်ကြာစေ့လုံးလေးတွေ များများ ပါတာ ကို ကြည့်ပြီး ဇွန်းဖြင့် တစ်လုံးခပ်စားဖို့ ရည်ရွယ်မိပေမဲ့ အဖေတို့ မစားရသေးလို့ ဇွန်းပြန်ချ ထားလိုက်ရသည်..။
အကိုကြီးကို ကြည့်လိုက်တော့ ရေချိုးပြီး သူ့ပုဆိုးကို ရိုက်လျှော်နေလို့ မျိုးချစ် မပြောတော့ပဲ အိမ်ရှေ့ ပြန်ထွက်လာခဲ့သည်..။
"မမကလည်း ကောင်းကောင်းနေစမ်းပါ.."
"ငါက ဘယ်လို နေလို့လည်း.."
"ရန်ကုန်မြို့ကို အခုမှ ရောက်ဖူးသလို လိုက်ကြည့်နေပြီး.."
"အိုး..နံရံ ပို့စတာလေးတွေ လှလို့ပါ…၀င်းဦးနဲ့ ခင်သန်းနု တို့ ငယ်ငယ်က ပုံလေးတွေကို ခုချိန်ထိ ရှိသေးတယ်နော်.…"
"မသိမသာပဲကြည့်.."
"အေးပါ…အငယ်မရယ်…နင် ငါ့ကို လူရှေ့မှာ မငေါက်ပါနဲ့ဟယ်.."
"ဟွင့်..မမက ထူထူ အအ လုပ်နေပြီး.."
မျိုးချစ် နှုတ်ခမ်းတွန့်ရုံပြုံးပြီး ချိုင့်ကို ဆွဲခါ အခန်းရှေ့ကို ပြန်ထွက်လာခဲ့လိုက်သည်..။
အငယ်မလေးက တကယ်သွက်တာပဲ ဒါကြောင့်လည်း အကိုကြီး မျက်စိထဲ တွေ့သွားတာပေါ့လေ…။
"အဟွင်း…စောင့်ရတာ ကြာသွားလား.."
"ရပါတယ်…"
"တစ်ခုခု စားပါလား.."
"နေပါစေ…ဝေတို့ ထမင်းစားလာပါတယ်.."
"သြော်…ဝေက ကျောင်းတက်သေးလား.."
"မတက်တော့ဘူး…ကိုမျိုးရဲ့…ဝေတို့ မိသားစု အခြေအနေအရ ကျောင်းထွက်လိုက်ရတယ်လေ…"
"သြော်…ကိုကတော့ ၈၈ ကတည်းက ပြန်မတက်တော့ဘူး.."
"ဟို ကိုကြီးလည်း မတွေ့ဘူးနော်…မမတော့ ပျင်းနေပြီလား …အဟွင်း.."
"ရှိပါတယ်…စျေးက ပြန် ရောက်ပြီး ရေချိုးနေလို့ပါ ….လာပါလိမ့်မယ်.."
ကောင်မလေးက အာသွက်ရှာသွက်ဖြင့် စကားလမ်းကြောင်းတော့ မျိုးချစ် လည်း ပြုံးပြီး မုသားသုံးလိုက်ရတော့သည်..။
"ဝေတို့ အိမ်မှာ အဖေ တစ်ယောက်တည်း ကျန်ခဲ့တာလား.."
"ဟုတ်တယ်…ကိုမျိုးရဲ့…အဖေက ကျန်းမာရေးချူချာတယ်လေ…အကိုတွေကလည်း သိပ်ပြီး အဆင်မပြေပါဘူး..မမ နဲ့ ဝေပဲ အနီးကပ် စောင့်ရှောက်နေရတယ်…ဝေ အလုပ်ထွက်လုပ်ဖို့ကို မမ က ခွင့်မပြုဘူးလေ…"
"ဒါဆို မလှမေ က အလုပ်လုပ်တယ်ပေါ့.."
စကားမပြောပဲ ခုံမှာ ကြောင်တောင်တောင်လေး တစ်ယောက်တည်း ထိုင်နေရတာ အားနာလို့ ဦးတည်ပြီး မေးလိုက်တော့ ခေါင်းညိတ်ရုံသာ အဖြေပေးသည်..။
မာနကလည်း ခပ်ကြီးကြီးပဲ ထင်ပါရဲ့…။
"ဟင်..ဧည့်သည်.."
အကိုကြီးက ထုံးစံ အတိုင်း ခေါင်းရေသုတ်ရင်း အိမ်ရှေ့ခန်း ထွက်လာပြီးမှ ပြန်၀င်ပြေးတော့သည်..။
ဧည့်သည်ပြန်သွားရင် မျိုးချစ်တော့ နားပူရဦးမည်…။
"ကိုမျိုးတို့က ဘာရောင်းတာလည်း ဟင်.."
"အပုံထည်ရောင်းတာလေ…မလှမေ သိတယ်.."
"ဟင်..ဟုတ်လား..မမ.."
"အင်း…ဟို…အဖေအတွက်…ကုတ်က…ဒီက…"
မျိုးချစ်ကို လက်ညိုးထိုးပြီး မဝံ့မရဲ ပြောတော့ သူ့ညီမဖြစ်သူလည်း မချိသွားဖြဲ လုပ်ပြီး ရယ်ပြတော့သည်..။
"ဧည့်သည်ရောက်နေတာ မသိလိုက်ဘူး…"
"ဟုတ်ကဲ့…ကိုကြီး.."
ကိုကြီးက နေ့လည်စာစားဖို့ ၀ယ်လာတဲ့ ရွှေကြည် မုန့်ကို ပန်းကန်ထဲထည့်ပြီး  လက်ဖက်ရည် နှစ်ခွက် လည်း သယ်ချလာ၍ ဧည့်ခံတော့မှ မျိုးချစ် အသုံးမကျတာသိတော့သည်..။
"ဝေတို့ရောက်တာ ကြာပြီ…ကိုကြီး ရေချိုးနေတယ်ဆိုလို့ပါ…ဒီက ကိုမျိုးနဲ့ စကားကောင်းနေတာ….အဟွင်း.. မမကတော့ ပျင်းနေပြီ…"
"သြော်..မလှမေ လည်း ပါလာတာကိုး.."
ဟိုကလည်း ခုံမှာ ကပ်ထိုင်နေပြီး ဒီကလည်း မတွေ့တော့ စကားကို ပွင့်ပွင့်လင်းလင်း ပြောချခါမှ မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြသည်..။
"ကစ်မိကွစ်ပန်း လေးတွေ လှတယ်နော်…မြိုင်နေအောင် ပွင့်နေတာပဲ.."
"ဟုတ်တယ်…မေမေ ပျိုးထားတာလေ..ဝေကော ပန်းစိုက်တာ ဝါသနာပါလား."
"အင်း…ပါတယ်…ဒါပေမဲ့ အိမ်မှာ နေရာလည်း မရှိတော့ မစိုက်ရပါဘူး…ဒန်စီးလေဒီလေး တစ်အိုးရတာ မရှင်ပါဘူး.."
"အိုး..ဟုတ်တယ်..သူတို့က သိပ်နုတာ..ပိန်းပန်းလေးတွေလည်း လှတယ်.."
"ဟုတ်တယ်..ဟုတ်တယ်..နီရဲရဲ စိုစိုလေးတွေဆို သိပ်လှတာပဲ…ဝေဆို သိပ်ချစ်တာပဲ….အဟိ..အဖေက ကလေးဆန်တယ်ပြောတယ်.."
"အဲလို မဟုတ်ပါဘူး..မိန်းကလေးမို့ ပန်းကြိုက်တာ သဘာ၀ပါပဲဗျာ…"
"အင်းလေ…ဟုတ်တယ်နော်..နောက်တစ်ခါ ကိုကြီး အိမ်လာလည်ရင် အဖေ့ကို ပြောပေးပေါ့.."
"ဟား..ဟား…ဟုတ်ပါပြီ.."
အကိုကြီးနဲ့ မလှဝေတို့ စကားများနေတော့ မျိုးချစ်လည်း နောက်ရောက်နေသလို တစ်ရာ့ငါးဆယ်လည်း ထောင့်ကပ်နေသည်..။
"ဟို…ကျွန်မတို့ရောက်တာကြာပြီမို့ ပြန်လိုက်ပါဦးမယ်…ကို၀င်းကို…"
"သြော်…ဟုတ်ကဲ့.."
ပန်းအမျိုးမျိုး အကြောင်းကနေ မြန်မာ နိုင်ငံ တစ်ပတ်လည်ပြီး မန္တလေး ကို ခရီးရောက်နေချိန် မတိုးမကျယ် နှုတ်ဆက်သံလေးကြောင့် ခေါင်းညိတ်ပြတော့သည်..။
သြော်…ဒီမိန်းမ လူမှုရေးလည်း နားမလည်ပါလားလို့တွေးရင်း ရှေ့က ကောင်မလေးကို ကြည့်လိုက်တော့ ရှက်ကိုးရှက်ကန်း ပြုံးပြသည်.။
"ပြန်လိုက်ဦးမယ်နော်…ကိုမျိုး..အိမ်လည်း လာလည်ပေါ့ရှင့်.."
"ဟုတ်ကဲ့.."
ခြံ၀အထိ လိုက်ပို့ပေးပြီး ကားစီးသွားဖို့ပြောတော့ ခေါင်းတွင်တွင်ငြင်းပြီး ပြန်သွားကြသည်..။
ကိုယ့်ထက် ဆင်းရဲတော့လည်း အောက်သပ်ကြေတာပေါ့လေ…။
"အကိုကြီးကလည်း မဝေကိုချည်း စကားပြောနေတာပဲ…မလှမေ ကို အားနာစရာကြီး.."
"အိုကွာ…ငါမှ မကြိုက်တာချည်း.."
အကိုကြီးက ခပ်ပြတ်ပြတ်ပြောပြီး အခန်းထဲ ၀င်သွားတော့ မျိုးချစ် သက်ပြင်းချရင်း အိမ်ရှေ့ခန်းက မုန့်ပန်းကန်တွေ သိမ်းလိုက်သည်..။
အခုတော့ အမေ ပြောတဲ့ မိန်းကလေးပဲ ခံစားရတာပေါ့ ဆိုတဲ့ စကားကို နားလည်လာသလိုလို…။
ပြန်ခါနီး မျက်နှာ မကောင်းစွာဖြင့် နှုတ်ဆက်ခါ အရှေ့က ခပ်သွက်သွက် လျှောက်သွားချိန် ထိ ညီမဖြစ်သူက စကားကောင်းနေဆဲလေ…။
.
"၀င်းကို…မင်း ဘယ်လို လုပ်မှာလည်း..သေချာ စဉ်းစားပြီးပြီလား."
"ဟုတ်…ကျွန်တော်…ဝေ မဟုတ်ရင် မယူနိုင်ဘူး..အဖေ.."
"တစ်ခါတည်း တွေ့ပြီး ဝေ သွားရှာပြီ…ကဲ…ဒါဆိုလည်း ဝေပဲ လို့ ပြန်အကြောင်းကြား ရတော့မှာပေါ့လေ…"
အဖေက စွပ်ကျယ်ပေါ် ရှပ် အဖြူတစ်ထည် ကောက်၀တ်ရင်း ပြောတော့ မျိုးချစ် ခုံမှာ ထိုင်နေရင်း လိုက်ကြည့်နေမိသည်..။
အိမ်လာတုန်းက စကားမပြောလို့ မျက်နှာငယ် ဖြစ်နေတာ..အခုလိုသာ သိရင် ဘယ်လောက်တောင် ရှက်သွားမလည်း…။
"အဖေ…"
အဖေက အိမ်ရှေ့ ခြံတံခါး အနားရောက်နေကာမှ မျိုးချစ်ကို ပြန်စောင့်နေတော့ လှေကားကို ဖိနပ်မပါပဲ ပြေးဆင်းသွားလိုက်သည်..။
"ဟို…ဟို….သား…မလှမေ ကို လိုချင်တယ်…"
"ဟေ…"
"အဲဒါ အဖေ လူပြောင်းမယ် ပြောလိုက်နော်…"
"ဟ..မင်းဟာက ဟုတ်ရဲ့လား ကွာ…"
"ဟုတ်ပါတယ်…အဖေရယ်…နော်… အဖေနော်…"
"အေး…အေး..အဲဒါဆိုလည်း ကောင်းတာပေါ့ကွာ…"
မျိုးချစ်တို့  မင်္ဂလာပွဲကို အိမ်မှာပဲ အကျဉ်းကျုံ့ခါ အရင်လုပ်ပေးပြီး ကိုကြီး နဲ့ ဝေကတော့ နောက်နှစ်ဆန်းမှာ လုပ်ပေးဖို့ စေ့စပ်ကြောင်းလမ်းထားသည်..။
မင်္ဂလာဆောင်ဆိုပေမဲ့ လူကြီးတွေ စီစဉ် သလိုနေ ပျော်ပွဲ ရွှင်ပွဲမဖြစ်ပဲ နှစ်ဖက် လူကြီးမိဘ မိတ်ဆွေ နည်းနည်းဖြင့်ပင် ပြီးဆုံးသွားခဲ့သည်..။
"အဖေ.."
"ပြော…"
"ဟို…သားလည်း အိမ်ထောင်ကျပြီဆိုတော့…အဲဒါ ဟိုဘက်လမ်းမှာ အခန်းလေး ငှားနေရင် ကောင်းမလားလို့ပါ.."
"ဘာပြောတယ်ကွ.."
အဖေ ဒေါသထွက်မယ် ဆိုတာ ကြိုသိပေမဲ့ မျိုးချစ် မင်္ဂလာ  ၀တ်စုံ မလဲခင် ပြောရင် ထင် သလောက် စိတ်မဆိုးဘူးလို့ မျှော်လင့်မိသည်..။
"ကိုကြီးလည်း လက်ထပ်ရင် အိမ်သေးသေးလေးထဲ အဆင်မပြေတော့ဘူးလေ..အဖေရယ်… ပြီးတော့..အဖေ့ မြေးတွေ မြစ်တွေ ရလာရင် ဒီတစ်အိမ်ထဲ ဘယ်လို စုနေမလည်း.."
"အောင်မယ်..လာလာချည်သေး.."
"အဟဲ…အဲဒါသား သူငယ်ချင်း အဒေါ်ငှားတာဆိုတော့ စပေါ်မတင်ရဘူး…အိမ်က သေးပေမဲ့ လုံးချင်းလေး သန့်လည်း သန့်တယ်…အိမ်ငှားမယ် ဆိုပေမဲ့ မိုးလင်းရင် သားနဲ့ မလှမေ လည်း ဒီကိုပဲ ရောက်နေမှာပါ..အဖေရဲ့…"
"ဟွင်း..မင်းက မယားရတာ နာရီပိုင်းနဲ့ အိမ်ထောင်ဦးစီး သိပ်လုပ်ချင်နေပြီပေါ့လေ.."
"ဟဲ..ဟဲ…အဖေကလည်းဗျာ…သားတို့ မိသားစုမှာ အဖေက အမြဲတမ်း အိမ်ထောင်ဦးစီးပါ…"
"မင်း အနေအစား မကြပ်ရင် လုပ်ပေါ့လေ…ကိုယ့်အိုး ကိုယ်အိမ်နဲ့ဆို အလုပ်များတယ်... နေကြည့်ပေါ့လေ…လခအဖေ ပေးမယ်…"
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ် အဖေ…"
အခန်းကျဉ်း နှစ်ခန်းပဲ ရှိတာမို့ ကိုကြီး က အိမ်ရှေ့ခန်းကို ထွက်အိပ်ပေးလို့မင်္ဂလာအခန်းအဖြစ် ပြင်ဆင်ခွင့်ရခဲ့တာ ဖြစ်သည်..။
မျိုးချစ် အခန်း လိုက်ကာ မပြီး ၀င်လာတော့ ခြင်ထောင်ဘေးမှာ ဒူးပိုက်ပြီး တရှုံ့ရှုံ့ ငိုနေတာ စိတ်ညစ်စရာ…။
အ၀တ်အစားတွေ လဲပြီး ခြင်ထောင်မခါ အထဲ ၀င်ပြီးသည် အထိ မလှုပ်မယှက်မို့ သက်ပြင်းခိုးချမိသည်..။
"ဘာဖြစ်လို့ ငိုနေတာလည်းဗျာ.."
"အဖေ့ကိုသတိရလို့ပါ.."
"အိုး..လင်မယူခင်က စဉ်းစားရမှာပေါ့..အခုတော့ မင်္ဂလာဦးညမှာ မင်္ဂလာမရှိအောင် ငိုနေတယ်.."
"စဉ်းစားခဲ့တာပဲ…မယူပါဘူးဆို..အဖေက လူကောင်းသူကောင်း တင့်တောင်းတင့်တယ် မို့ယူလိုက်ပါတဲ့…ဟင့်.."
"သြော်…ခင်ဗျား..အဖေက အတွက်အချက်ကောင်းသလို ခင်ဗျားကလည်း ဟိုတယ်မှာ မင်္ဂလာဆောင်ဖို့ များ စိတ်ကူးထားလို့လား…အဒေါ်ကြီး"
"အဖေ့ကို သတိရလို့ပါဆို.."
"သတိရလည်း ပြန်ဗျာ…ငိုတော့မနေနဲ့..စိတ်ဆင်းရဲတယ်…"
မျိုးချစ် ခပ်ငေါက်ငေါက် ပြောလိုက်တော့မှ တအင့်အင့် ရှိုက်နေတာ ရပ်သွားပြီး  အခန်းပြင်ကို ထွက်သွားတော့သည်..။
တကယ်များပြန်သွားရင်တော့ ဒုက္ခရောက်ချည်ရဲ့ ဆိုတဲ့ စိတ်နဲ့ ပြေးပဲ လိုက်ရမလို…ဇွတ်ပဲ အိပ်ရမလို ကြံရာမရ ဖြစ်နေချိန် အခန်းထဲကို ပြန်ရောက်လာသည်..။
အ၀တ်တန်းမှာ လွှားတင်ထားတဲ့ ရေသုတ်၀တ်ဖြင့် မျက်နှာ သုတ်ပြီး  ခြင်ထောင် မ ခါ အထဲ ၀င်လာတော့မှ မျိုးချစ် သက်ပြင်းချပြီး ကျောပေးခါ အိပ်လိုက်ရသည်…။
.
"မျိုးချစ်..မင်းအသန့်တွေချည်းလား."
"ဟုတ်ပါတယ်ဆို…သေချာရွေးလာတာ..တံဆိပ်တွေ မတွေ့ဘူးလား.."
"အေးလေ..မင်းကိုတော့ တို့ယုံပါတယ်…ဘယ်လိုဖြစ်တာလည်းကွ…မိန်းမလည်းရရော….စီးပွားရေး လုပ်လှချည်လား..အထည်သွင်းလိုက်…အထည်ကောက်နဲ့ ရောင်းလိုက်နဲ့ မင်းမိန်းမက သူဌေးဖြစ်မှ ရမယ်ဆိုတဲ့ဆေးများ ကျွေးလိုက်သလား..ဟား..ဟား.."
"မဟုတ်ပါဘူးဗျာ….မိန်းမရပြီးမှ အဖေတို့ဆီ ပြန်ကပ်စားနေရမှာ ရှက်လို့ပါ…."
"အေးကွာ..မင်းတို့ညီအစ်ကို မိဘသိတက်တော့ ဦးဝင်းမောင် ကံကာင်းပါတယ်.."
မျိုးချစ် အ၀တ်အိတ်တွေကို နေရာချပေးပြီး ပိုက်ဆံရှင်းရင်း နောက် တစ်ခါ သွားရမဲ့ ဆိုင်ကို ပစ္စည်း ဘယ်လောက် ပို့ရမယ် စဉ်းစားနေရသည်..။
"ဒေါ်လှမေ.."
"ဟင်.."
"လာဦး…ဒီမှာ…အိတ်ကူချပါဦးဗျ…"
"လာပြီ…လာပြီ.."
အ၀တ်အိတ်တွေ သယ်လာပြီ ဆိုရင် တစ်လမ်းလုံး ကိုယ်တစ်ယောက်တည်း နိုင်ပေမဲ့ အိမ်ရှေ့ရောက်ရင် ဒေါ်လှမေကို တပြီး ခိုင်းလိုက်ရမှ နေသာ ထိုင်သာ ရှိသည်လေ…။
ခုံဖိနပ် တစ်ပိုင်းနဲ့ တစ်ဂွတ်ဂွတ် ထွက်လာပြီး အိတ်ကို တစ်ဖက်က ဆွဲမြှောက်ပေးတော့ မျိုးချစ် ဘက်ကို ဖြည်းဖြည်းမ ပြီး ခိုလိုက်သည်..။
"ရွေးဖို့တွေ များမယ် ထင်တယ်.."
"အင်း…အသန့်များတယ်…ဒီတစ်ခါတော့ ပိုမြတ်မယ်ထင်တယ်..အထည်သမားတွေက ပေါလာတော့ စျေးလည်းကျတယ် အညံ့လည်း များတယ်…ထီထိုးတာမှ လွယ်လိမ့်ဦးမယ်.."
အခန်းမရှိတဲ့ အိမ်ကျဉ်းလေးပေါ် ရောက်တော့ မျိုးချစ် မောမော ဖြင့် ပစ်လှဲအိပ်ချလိုက်ရသည်..။
အ၀တ်အိတ်ကြီးကို အခန်းထောင့်ကို ရောက်အောင်ဆွဲယူပြီး နေရာချခါ ရေတစ်ခွက်ခပ်၍ ယူလာပေးတော့ ပြန်ထိုင်ရသည်..။
ဘာလိုလို နဲ့ မိန်းမရတာ သုံးလကျော်လာပြီ..။
မျိုးချစ်ကတော့ အလုပ်ထဲမှာပဲ စိတ်နစ်ထားခါ ကျန်တာအားလုံး ဘာမှမထူးခြား..မနက်ဆို အဖေတို့ဆီ တူတူ သွားရပြီး အလုပ်သွားရင် သူက အမေ နဲ့ ကျန်ခဲ့သည်..။
နေ့လည်ချိန်လောက်မှ အိမ်ကိုပြန်လာပြီး မျိုးချစ် ထမင်းစားပြန်ကို စောင့်နေတက်သည်..။
"ခင်ဗျား..အဖေ…နေကောင်းရဲ့လား.."
"ကျွန်မ မသိဘူး.."
"ဟမ်..ဟိုနေ့က ကိုကြီးပြောတော့ နေမကောင်းဘူးဆို..ခင်ဗျား နည်းနည်းပါးပါး သွားမကြည့်ဘူးလား.."
"မကြည့်ဘူး."
ရေခွက်ကို ပြန်သိမ်းပြီး ဘုဆပ်ဆပ် အဖြေတစ်ခုကြောင့် မျိုးချစ် မျက်မှောင်ကြုတ်ခါ ကျန်ခဲ့ရသည်..။
မိန်းမယူတယ်ဆိုတာ ဒီလိုကြီးလား…သူတို့ စားဖို့သောက်ဖို့ နေဖို့ ထိုင်ဖို့လည်း တာ၀န်ယူပေးရသေးတယ်….အိမ်မှာ ဘာအလုပ်မှ မရှိပဲ တစ်နေ့ကုန်ထိုင်နေရပြီး လင်ယောင်္ကျား ပြန်လာတော့လည်း ဘုဆပ်ဆပ်…။
အဲဒါကြောင့် ရင်ခုန်ချင်စရာ မရှိပဲ စိတ်ကုန်ချင်စရာ ဖြစ်နေတာလေ…။
တာ၀န်ကျေ သနားသော ကြောင့် အမေ ပြောသလို ကုသိုလ်ဖြစ် ယူထားရတာ…အိပ်ယာထဲရောက်တာနဲ့ ကျောပေးပြီးသားပဲ…။
မင်္ဂလာ မဆောင်ခင် အ၀တ်အစားစရိတ် ပိုတောင်းခဲ့ကတည်းက မကျေနပ်တာ….
ဒင်းကို ကိုယ့်စိတ်ထဲမှာ ငွေမက်တဲ့ စိတ်ဓာတ်သိမ်ဖျင်းတဲ့ မိန်းမ အဖြစ်ရောက်သွားလို့လေ..။
သူ့နာမည်ပြောင်က ဒေါ်ကရဝိတ်…။
ကောင်းတယ်..လောဘကြီး ရည်မှန်းချက် ကြီးလို့ အခုတော့ အထည်ကောက် နေ့စား သမားနဲ့ ညားနေရတာလေ…။
အကိုကြီးကတော့ အလုပ်ပြောင်းပြီး အထည်ဆိုင် တစ်ခု မှာ ပိုက်ဆံထည့်ခါ အစုအစပ် ဖွင့်ထားသည်..။
ဟိုတလောက ကားပွဲစားလုပ်လိုက်တာ နယ်၀ယ်သူ တစ်ယောက်ကြောင့်  ပိုက်ဆံ တော်တော် လျှံသွားသေးသည်..။
မျိုးချစ်မှာသာ မရှိမာနနဲ့ ပွဲစားလည်း မလုပ်ချင် ဖားရ ကပ်ရတာလည်း စိတ်မရှည်တော့ အထည်ကောက် အလုပ်ကပဲ အကျိုးပေးနေသည်လေ…။
"ဘယ်မှာလည်း..ရေလဲ ပုဆိုး.."
"လျှော်ထားတယ်….ဟိုမှာ…အသစ်တစ်ထည် ထုတ်ထားတယ်…"
"ဟာ..ရေလဲပုဆိုး အားတိုင်းလျှော်နေရအောင် ရေကုန်တယ်…ဆပ်ပြာကုန်တယ်..ပုဆိုးပါကုန်တယ်…နောက်မလျှော်နဲ့.."
"အမ်း.."
အဲလို အချိုးမပြေ ပြန်ပြောတက်တာကိုလည်း တကယ့်ကို စိတ်တိုင်းမကျ…။
ကိုယ်ဖြစ်စေချင်တာက လင်နဲ့မယားပဲ ခင်ပွန်းဖြစ်သူကို ရိုရိုသေသေတော့ ဆက်ဆံသင့်သည်လေ..။
အခုတော့..အေး…အင်း..အမ်း… ထိုသုံးလုံးဖြင့် တစ်ပတ်လည်ပြီး ဟုတ်ကဲ့ တစ်ခွန်းမှ ထွက်မလာ..။
ကြည့်ရတာ သူလည်း အကိုကြီးကို မရလို့ ရတာမလို ဖြစ်နေသည့်ပုံပါ…။
ထမင်းစားပွဲ မှာ ထိုင်လိုက်ပြီး တစ်ယောက်တည်း စားနေရင်း အရင်ကလို မိသားစု လက်ဆုံစားခဲ့တာ သတိရသည်..။
မိန်းမ ရပေမဲ့ တစ်ခါမှ လက်ဆုံမစားခဲ့သလို ကိုယ်ကလည်း တစ်ခါတည်း ၀င်စားဖို့ ဘယ်တော့မှ မပြောခဲ့ပါဘူး…။
"ချဉ်ပေါင်ရည်က ချဉ်တယ် နောက်တစ်ခါ မချဉ်အောင် ချက်.."
မျိုးချစ် အပြစ်တစ်ခု မဟုတ် တစ်ခု ရှာနေကျမို့လို့ ဒီနေ့တော့ နည်းနည်း အချဉ်ဓာတ်များသည့် ချဉ်ပေါင်ပန်းကန်ကို အပြစ်ရှာလိုက်သည်..။
ညနေ အဖေ ခေါ်ထားလို့ ထမင်းစားသောက်ပြီး ခဏတဖြုတ် တရေးမှေးချိန် ရသည်..။
မဟုတ်ရင် ထမင်းစားပြီးတာနဲ့ ဘူတာ တန်းဆင်းပြီး မိုးချုပ်မှ အိမ်ပြန်ရသည်လေ…။
"အဖေ…"
"အေးထိုင်.."
"မျက်နှာလည်း မကောင်းပါလား..အဖေ နေကောင်းရဲ့လား.."
"ကောင်းပါတယ်ကွာ…ငါက ကောင်းတယ်…မကောင်းတာက မင်းယောက္ခထီး..တော်တော်လေး မမာဘူး.."
"သြော်.."
မျိုးချစ် အရေးမကြီးသလိုမျိုး လွယ်အိတ်ချွတ်ပြီး ခုံမှာ ၀င်ထိုင်လိုက်တော့မှ အဖေက ကြည့်ပြီး သက်ပြင်းချသည်..။
ဘာတွေ စိတ်ညစ်နေတာပါလိမ့်…မျိုးချစ် အတွက် အဖေ့ သက်ပြင်းချသံက ရင်ထဲကို ရောက်နေသည်..။
"အဖေ ဘာဖြစ်လို့လည်း.."
"မနေ့က မနက်  အိမ်က ပြန်တော့ လှမေ ကို သူတို့ အိမ် ခဏပြန်ပါလို့ ငါ သေချာ မှာလိုက်တယ်.."
"အင်း.."
"ဒါပေမဲ့…ကောင်မလေး က မပြန်ဘူး…နေ့လည် ငါသွားတော့ လှအုံးက သူ့သမီးကို တွေ့ချင်တယ်တဲ့…သူ့သားကြီးတွေကလည်း မျက်နှာမကောင်းကြဘူး..ကောင်မလေး မပြန်တာ ငါတို့ ပြန်မလွှတ်လို့ ထင်နေကြတယ်လေ…အဲဒါ ငါလည်း သေချာ ရှင်းပြရတာပေါ့…မကောင်းဘူးလေ..သား… မင်း အချိန်ရရင် ကောင်မလေး ကို လိုက်ပို့ရင်း နဲ့ သွားကြည့်လိုက်ပါ…သူ့သမီးကို ယူထားမှတော့ သူ့ကိုလည်း မင်းအဖေလို သဘောထားပေါ့ကွာ…၀င်းကိုကတော့ ညနေတိုင်းသွားတွေ့ပြီး မုန့်လေးပဲလေး ၀ယ်သွားတာ မမာသည်က ၀မ်းသာနေရှာတယ်…သားသမီး တစ်ယောက်ကို မျှော်နေတဲ့ သူ့ခမျာ သနားဖို့ ကောင်းတယ်.."
"ဟုတ်ကဲ့…သား သွားလိုက်ပါ့မယ်.."
"အေး..အဲဒါ ပြောတာကွာ..ငါ လွတ်တာတောင် မသွားဘူးဆိုတော့ ဘာများ ဖြစ်ထား လို့လည်း မသိဘူး.."
"သားနေ့လည် ထမင်းစားပြန်လို့လေ…သူကလည်း မပြောတော့ သားမသိဘူး…မနက်ကပဲ မေးလိုက်သေးတယ်…"
"ကောင်မလေး က မထင်ထားလောက်အောင် အိမ်မှုကိစ္စ လည်း နိုင်နင်းပြီး အိမ်ရှင်မလည်း ပီသတယ် ငါ့သား အရွေးမှန်တယ်လို့ မင်း အမေ နဲ့ ပြောရသေးတယ်..၀င်းကို မကြားအောင်ပေါ့.."
"ဟား..ဟား….အကိုကြီးကြားရင် ပြန်လဲနေရဦးမယ်.."
"ဟား..ဟား…အေးကွ…ဟုတ်တယ်.."
အဖေ နဲ့ စကားပြောပြီး အိမ်ပြန်လာတော့ မျိုးချစ် စိတ်ထဲ ဒေါသတွေ ပြည့်လျှံဖောင်းကားနေပြီ..။
ကိုယ်က သူ့ကို ဘယ်လိုတွေ နှိပ်စက် ချုပ်ကိုင်ထားလို့ အခုလို သနားစရာ ဇာတ်ကပြနေရတာလည်း..။
မသိရင် ကိုယ်ကပဲ သူ့မိသားစုနဲ့ သူ့အဖေကို သွားမတွေ့ရဘူးဆိုပြီး တစ်ခုခုနဲ့ ခြောက်ထားသလိုလို…။
"တောက်….ဒေါ်လှမေ…"
"ဟင်…"
"လာစမ်း..ခင်ဗျား..မြန်မြန်.."
မျိုးချစ် အော်ခေါ်လိုက်တော့ ရေခွက် တစ်ခွက်ကိုင်ပြီး ထွက်လာခါ ရေခွက်လှမ်းပေးတော့ ပုတ်ထုတ်ပစ်လိုက်သည်..။
"ခင်ဗျားကို အိမ်မပြန်ရဘူး လို့ ကျုပ်ပြောထားလား…"
"ဟမ်.."
"ကျုပ်အဖေ က အိမ်ခဏပြန်ပါဆိုတာကို ဘာဖြစ်လို့ မပြန်တာလည်း.."
"ဟို.."
"မပြောနဲ့..ဘာဆင်ခြေမှ လာမပေးနဲ့…သွား အခု အ၀တ်အစားလဲစမ်း.."
မျိုးချစ် အ၀တ်အစားလဲပြီး မုန့်တိုက်က သီးစုံကိတ်မုန့် နှစ်လုံး၀ယ်ခါ နို့ဆီ သကြား နည်းနည်းလည်း ၀ယ်ခဲ့လိုက်သည်..။
အိမ်ကို ပြန်ရောက်တော့ အ၀တ်အစားလဲ သနပ်ခါးလိမ်းထားခါ အိမ်ရှေ့မှာ ထိုင်စောင့်နေသည်..။
"လာသွားမယ်.."
"ဘယ်ကိုလည်း.."
"ခင်ဗျား အဖေ ဆီကို.."
"အိုး…ရှင်လိုက်စရာမလိုပါဘူး…ကျွန်မဖာသာ သွားမယ်…"
"ခင်ဗျား ပါးစပ်ကို ပိတ်ထားရင် ကောင်းမယ်…"
မျိုးချစ် လက်ကို ဆောင့်ဆွဲပြီး ခေါ်လာခါ  တစ်လမ်းလုံး မျက်နှာထား တင်းတင်း ဖြစ်နေရတော့သည်..။
"သြော်…မလှမေပဲ..လာလာ….မျိုးချစ်လည်း ပါတာကိုး…ဝေရေ…ဒီမှာ…မလှမေတို့လာတယ်…"
အကိုကြီးက သူ့အိမ်ကိုလာတဲ့ ဧည့်သည်လို ဖိတ်မန္တက ပြု လှမ်းခေါ်ပြီး ဝေ့အဖေ့ကို လက်ဖက်ရည် တိုက်နေသည်..။
"အဟွတ်…လာ..လာ..တက်…"
"ဟုတ်ကဲ့…ရပါတယ်…ဦးလေး…ကျွန်တော်လည်း အလုပ်များနေတာမို့လို့.. မလာဖြစ်ဘူး..…မလှမေလည်း ပါပါတယ်.."
မျိုးချစ် စကားရှာရင်း သူ့သမီးကိုသာ အတင်း ရှေ့ပို့ပေးရတော့သည်။
"သမီးကြီး…ဘယ်လိုဖြစ်တာလည်းကွယ်… အဖေ့ကို စိတ်များဆိုးနေသလား.."
"မ..မဆိုးပါဘူး..အဖေရယ်…"
"ငါ့သမီးကြီးက တစ်ခါမှ မလာတော့ အဖေမျှော်နေတာ…နေရထိုင်ရ အဆင်ပြေရဲ့လား..ပြေမှာပါ..ပြေမှာပါ… အလုပ်အားရင်တော့ လာပါကွယ်…"
"ဟုတ်ကဲ့…"
"ဦးလေး..ဆရာ၀န်ပြလား.."
"အေး…မောင်၀င်းကိုတော့ ဆေးဆရာ ခေါ်လာပေးပါတယ်..ဒီလိုပါပဲ တစ်နေ့ သွားရမှာပေါ့လေ…မောင်မျိုးချစ်ကိုပဲ သမီးလေးကို အပ်ခဲ့ရမယ်.."
"မဟုတ်တာ…ဦးလေးကလည်း…မကြာခင် သက်သာလာမှာပါ…"
"အေး..စိတ်ချမ်းသာဖို့လည်း လိုတာပေါ့ကွာ..မင်းနဲ့ မလှမေ တို့ အမြဲလာတွေ့နေရင် ကောင်းတာပေါ့.."
"ဟုတ်ကဲ့…ကျွန်တော်တို့ လာခဲ့ပါ့မယ်.."
"သမီး တိတ်လှချည်လားကွယ်…"
"သမီးကို ခွင့်လွှတ်ပါ အဖေ…"
"မဟုတ်တာပဲ …သမီးက ဘ၀တစ်လျှောက်လုံး မိသားစု အတွက် အနစ်နာ ခံခဲ့တဲ့သူပဲ…သမီးက အဖေ အားကိုးရတဲ့ သမီးအလိမ္မာလေး တစ်ယောက်ပါ..သမီး ညီမလေး နောက်ဖေး မှာ ရှိတယ် သွားတွေ့လိုက်ဦး.."
"ဟုတ်ကဲ့.."
"သြော်…မျိုးချစ်ရေ…အကိုကြီး အဖေ ထိုင်ဖို့ ဒရင်းဘတ်ကလေး ၀ယ်လာတယ်..အဲဒါ တစ်ခါတည်း ဆင်လိုက်ရအောင်ကွာ.."
"ဟုတ်ကဲ့.."
မျိုးချစ် အိမ်ရှေ့၀မှာ ချထားတဲ့ ဒရင်းဘတ်ကို မ သယ်ပြီး အိမ်ပေါ်ဖိနပ်ချွတ်ကိုတင်ခါ ပလတ်စတစ်တွေ ဖောက်ရသည်..။
ဒရင်းဘတ် အသစ်စက်စက် မို့စျေးကြီးမှာ သိသလို လူနာဘေးနားက စျေးကြီးတဲ့ စားစရာတွေကြောင့် ဘ၀မှာ ပထမဆုံး အကြိမ် အဖြစ် သိမ်ငယ်သလို ခံစားရသည်..။
မျိုးချစ် ၀ယ်လာခဲ့တဲ့ သီးစုံ ကိတ်နှစ်လုံး နဲ့ နို့ဆီသကြားအိတ်ကလေးက ခုံနားမှာ ရုပ်မပေါ်နိုင်အောင် ဖြစ်နေသည်..။
"သြော်…ဧည့်သည်ရောက်နေတာကိုး.."
အိမ်ပေါ်တက်လာတဲ့ သူ့အကို အကြီးဆုံးက ပြောတော့ မျိုးချစ် ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့…အစ်ကိုကြီး နေကောင်းရဲ့လား.."
"အေးကွ…မင်းတို့ကော…အမေရိက မှာ အဆင်ပြေရဲ့လား.."
"ဗျာ…"
"မသိဘူးလေကွာ…မင်္ဂလာဆောင်ပြီးကတည်းက ပျောက်သွားတော့ နိုင်ငံခြားကို ဟန်နီးမွန်း ထွက်သွားတယ် ထင်နေတာ…"
"ဟို…ကျွန်တော်လည်း…"
"စိုးနိုင်ရာ….ဧည့်သည်ကို ဘာတွေ ပြသာနာ ရှာနေတာလည်း..သွားစမ်းပါ.."
"အဖေ့သမီးကော လိုက်လာရဲ့လား..ဒီကောင်မ ဘဝမေ့ အောက်ခြေ လွှတ်သွားလို့...ဒီအိမ်မှာ ထိုင်ရင် ကြမ်းညှပ်နေဦးမယ်.. တော်ပါသေးရဲ့…ဒီလိုကောင်ကို ရလို့ ဟွင်း…သူဌေးသာ ရလို့ ကတော့ကွာ…"
မျိုးချစ် စိတ်ထဲ ဒေါသထွက်ပေမဲ့ မသိချင်ယောင်ခါ ဒရင်းဘတ်ကို အိတ်တွေဖြုတ်ပြီး မူလီချောင်းတွေ သာ ခေါင်းငုံ့ ၍ဂရုတစိုက် တပ်ပေးနေလိုက်သည်..။
အကိုကြီး နဲ့ ယောက်ဖ ဖြစ်လာမဲ့ သူရယ် ယောက္ခထီး ဖြစ်လာမဲ့သူရယ်က စကားတွေ ဖောင်ဖွဲ့နေပေမဲ့ မျိုးချစ်ကတော့ ဒရင်းဘတ်ကို သေချာဆင်ပြီး နေရာချခါပေးရသည်..။
စိတ်ထဲမှာ အလိုမကျစွာဖြင့် သူ့အိမ်ရောက်ကတည်းက နောက်ဘက် ၀င်သွားတဲ့ ဒေါ်လှမေကိုလည်း မုန်းတီးမိသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ဆောရီး ဆောရီး ဆောရီး
အလုပ်ထဲရောက်သွားလို့ပါ
အရမ်းနောက်ကျသွားတယ်
စိတ်မဆိုးကြပါနဲ့
အမိုက်အညိုလေး(အသားက ညိုတာပါ မမဲဘူး)ကို ခွင့်လွှတ်ပေးကြပါ🙏😭💔
နောက်ကျပေမဲ့ ဖတ်ပေးကြပါဦးနော်
.

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 58

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now