Part 9

6K 197 8
                                    

မုန်းပါနဲ့ဦး
အပိုင်း (၉)
#မုန်းပါနဲ့ဦး

"သား.."
"ဗျာ…"
"လာပါဦးကွ…"
ဒီပါ ဆယ်တန်း ရောက်နေပြီမို့ ခပ်ရွံရွံ ဖြင့်  အနားကို ရောက်သွားချိန် အဖေက ဆွဲပွေ့ဖက်ပြီး ဆိုဖာမှာ ထိုင်ခိုင်းသည်..။
"ပြုံးပြပါဦးကွ…"
"ဟား..ဟား…"
ဒီပါ မဝံ့မရဲ ရယ်ပြလိုက်တော့ အဖေက ထင်ထားတဲ့ အတိုင်း မျက်နှာကို လက်ကြမ်းကြီးနဲ့ ကိုင်ခါ ပါးချိုင့်နေရာကို ဖိကပ်နမ်းသည်..။
အစကတော့ တွန့်ဆုတ်နေပေမဲ့ အဖေ့ရဲ့ အနမ်းခံလိုက်ရတော့ ဒီပါ ငယ်ငယ်က အတိုင်း စိတ်ထဲ ပျော်သွားခါ အဖေ့ နဖူးကို ပြန်နမ်းမိသည်..။
"အဖေ…ဒီတစ်ခေါက်ကြာနေတယ်.."
"အေးကွာ…ဟိုတယ် အသစ် ဖွင့်ပွဲ ပြီးမှ လာခဲ့ရတယ်.."
"ဟာ…ဖေဖေချစ် ရောက်နေတယ်.."
"အေး..လာပါဦး..ရူပါ မင်းကလည်း အကိုကြီးသားလို့ မပြောရဘူး …ဗိုက်ပဲ ကြီးလာသလားလို့.."
"သားက ဂေါ်ဇီလာ.."
"အေးပါကွာ…"
လေးတန်းရောက်နေတဲ့ ခပ်၀၀ ရူပါကလည်း အဖေ့ ပေါင်ပေါ် တက်ထိုင်လိုက်တော့ အဖေ့ကို သနားလို့ ခပ်လျောလျော ဆင်းမိသည်..။
"ဟေ့ကောင် ဆယ်တန်းရောက်ပြီ ဆိုပြီး လူကြီး လုပ်ချင်တာလား.."
"မဟုတ်ပါဘူး ..ဒီက..အဖေ ခြေထောက် နာမှာ စိုးလို့ပါ.."
"လိမ်မာနေတယ်..ပြောစမ်းပါဦး..ရည်းစား ရှိနေပြီလား..အဖေ လိုက်တောင်းပေးရတော့မလား.."
"ဟာ ရှိပါဘူး.."
"ရှိတယ်..ရှိတယ်..ဖေဖေချစ်..ကယ်လာဆိုတဲ့ ကောင်မလေး.."
"ဟာ..ညီ လျှောက်ပြောတယ်…မရှိဘူး..အဖေ.."
"ဟား..ဟား..ယောင်္ကျားပဲကွာ..ချစ်တယ် ဆို မြန်မြန် ဖွင့်ပြော ကြားလား.."
"ဟုတ်.."
"မင်းကတော့ မြှောက်ပေးနေပြန်ပြီ မျိုးချစ်ရာ..ငါ့မြေးကို ငါ က ကောင်းကောင်းပုံသွင်းထားတာကွ.."
"အဖေကလည်း..သား မြှောက်မပေးပါဘူး..တော်ကြာ ဒီကောင် ပျော့ညံ့ညံ့နဲ့ ခြောက်သွားမှာ စိုးလို့ပါ.."
"ပြောတော့မယ်…သွား..သား..ဒက်ဒီ ဆီ ဖုန်းဆက်လိုက် အဖေရောက်နေပြီလို့.."
"ဟုတ်ကဲ့.."
ဒီပါ အောက်ထပ်က ဖုန်းဆီဆင်းလာတုန်း ရှိသေးတယ်…ဒက်ဒီ့ကားက ခြံရှေ့ ၀င်လာချိန် ခြံစောင့် ဦးမြ မရှိလို့ ပြေးပြီး ခြံတံခါး ဖွင့်ပေးလိုက်သည်..။
"ဟင်..သား က ဘာလို့ ဆင်းလာရတာလည်း..ဦးမြကော.."
"နောက်မှာ အပင် ပြင်နေလို့ မာမီ.."
"ဟင်း..ကဲ..လာလာ.."
မာမီက ဒီပါ့ကို ပခုံးဖက်ပြီး ခေါ်လိုက်တော့ ဒက်ဒီက ပြုံးပြီး ခေါင်းကို ပုတ်ခါ လှေကားတွေကို တက်သွားသည်..။
"ဒီက အခုပဲ ဖုန်းခေါ်မလို့.."
"ဟုတ်လား..ဘာဖြစ်လို့လည်း သားရဲ့.."
"အဖေ ပြန်ရောက်နေတယ်.."
"ဟင်..ဟုတ်လား..မိန်းမယူဖို့များလား.."
"ဟာ..မာမီ လုပ်ပြန်ပြီ…"
"ဟိ..ဟိ…သား အဖေက သိပ်စလို့ကောင်းတာပဲ…မမ က ယောင်္ကျားရ  ကံကောင်းတယ် ပြောရမယ်…ကဲ လာ.."
"မာမီ..သွားနှင့်…ဒီက ဒိန်ချဉ် ၀ယ်ထားတာ ထည့်လာခဲ့မယ်လေ…"
"ဟယ်..ကြီးကြီး က ဘယ်သွားပြန်လည်း.."
"အဖေ ရောက်တုန်း ပုစွန်စားမလား လို့ သွား၀ယ်တယ်.."
"ဟင်း..မာမီလုပ်ရင်လည်း သားက မကြိုက်ဘူး..ကဲ မြန်မြန်လုပ်ပြီး လာခဲ့နော်.."
"ဟုတ်…"
ဒီပါ ဒိန်ချဉ် ထုတ်ကို သေချာ ဂရုစိုက်ပြီး ဖန်ခွက်တွေထဲ ထည့်နေချိန် မာမီ ပြော သွားတာ သတိရတော့ ကြက်သီးပင်ထလာသည်..။
ဒီပါ မှတ်မိစဉ် အချိန်ကတည်းက ဒက်ဒီ မာမီတို့နဲ့ပဲ နေခဲ့ရသည်။
ဒီပါ့ ဆရာမတွေ အားလုံးလည်း မာမီတို့ကို မိဘ အရင်းလို့ ထင်ကြသည်။
အဖေကလည်း သုံးလမှ တစ်ခါလောက် အိမ်ပြန်လာတက်ပြီး လေးငါးရက်ပဲ နေခါ ပြန်သွားတက်ပြန်သည်။
ဒီပါ သုံးတန်း အရွယ်တုန်းက မာမီ့ကို ညီမလေး တစ်ယောက်လို ချင်တယ် လို့ ပူဆာခဲ့သည်..။
မာမီက အဖေ ပြန်လာရင် ပူဆာဖို့ သင်ပေးတော့  ဒီပါလည်း ကလေး ပီပီ လိုချင်တာ ပူဆာဖို့ပဲ မှတ်ထားခဲ့သည်..။
"အဖေး .."
"ဟာ…သား မအိပ်သေးပဲ စောင့်နေတာလား.."
"ဟုတ်.."
အဖေက ကားပေါ်က ဆင်းတာနဲ့ ဒီပါ့ကို ပွေ့ချီပြီး  ပါးကို နမ်းတော့ လိုချင်တာ ပူဆာခါနီး အဖေ့လည်ပင်းကို သိုင်းဖက်ပြီး ပြန်နမ်းလိုက်သည်..။
"အဖေ မောလား.."
"မောပါဘူးကွာ…ဒင်နာပွဲမှာ စားသောက်လာတာ ဗိုက်ကြီး အင့်နေပြီ…အင်း…ငါ့သား စောင့် နေပုံထောက်ရင် ပူဆာတော့မယ် မလား.."
"အင်း.."
ဒီပါ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်တော့ အဖေက တဟားဟား အော်ရယ်ပြီး ပွေ့ဖက် ထားသည်..။
"ကဲ ပြော..ဘာလိုချင်လည်း.."
အဖေက ရှပ်ကြယ်သီး ဖြုတ်ရင်း မေးတော့ ဒီပါ လက်ကလေး နောက်ပစ်ပြီး..
"မေမေ လိုချင်တယ်.."
"ဟင်.."
"ဖေဖေ နောက်ထပ် မိန်းမ ယူ ပြီး…ညီမလေး မွေးပေးပါလို့…"
"ဘာကြ…"
"ဖြောင်း.."
"အား…"
ဒီပါ့ ခေါင်းက ပူခနဲ့ ဖြစ်သွားခါ ခေါင်းငိုက်ကျသွားပြီး အလန့်တကြား မော့ကြည့်မိတော့ အဖေ က မျက်နှာ နီနီကြီးနဲ့ အံကြိတ်ပြီး ကြည့်နေတာ ကြောက်ဖို့ကောင်းသည်..။
ဒီပါ့ ဘ၀မှာ ပထမဆုံး အကြိမ် အရိုက်ခံရတာမို့ ကြောက်လည်း ကြောက်ခါ တစ်ကိုယ်လုံး တုန်ပြီး သတိတောင် လစ်သွားခဲ့ရသည်..။
ဖေကြီး နဲ့ ဒက်ဒီ က အဖေ့ကို ဆူတော့လည်း အဖေ က ဘာမှ ပြန်မပြောပဲ ဒီပါ့ကို ကြည့်ပြီး ငိုခဲ့သည်..။
"သား…"
"……"
"အရမ်း နာသွားလား…"
ဒီပါ မျက်ရည်ဝဲရင်း ခေါင်းရမ်းပြလိုက်တော့ အဖေက ဒီပါ့ကို အိပ်ယာထဲက ပွေ့ချီပြီး ဝရန်တာကို ခေါ်ခဲ့သည်။
"သား…အမေကလေ…သားကို သူ့အသက်နဲ့ လဲပြီး မွေးပေးခဲ့တာကွ… ဒါကြောင့်…နောက်ထပ် အမေ မလိုချင်ပါနဲ့…သားရယ်…အမေ့ကိုပဲ ချစ်နော်…သားက နောက်ထပ် အမေ အသစ်လိုချင်တယ် ဆိုရင် အမေ က ဘယ်စိတ်ကောင်းမလည်း … အမေ့ကို လိုအပ်လာရင် သားမှာ အမေ့ကိုယ်စား မာမီ ရှိသားပဲ…သူများတွေမှာ အဖေ တစ်ယောက် အမေ တစ်ယောက်ပဲ ရှိပေမဲ့ သားမှာ အဖေ သုံးယောက် အမေ နှစ်ယောက်တောင် ရှိတယ်…ဟင်…ဟုတ်လား…"
"ဟုတ်…"
"ဒါကို သားက ဘာဖြစ်လို့  အမေ လိုချင်တယ် ပြောရလည်း…အဖေက ဒေါသ ထွက်သွားတာပေါ့…နောက်မပြောနဲ့နော်…
အဖေ မကြိုက်ဘူး…"
"ဟုတ်…မာမီက"
"ကျစ်…ဝေဝေကတော့လား…"
ထိုနေ့မှ စ၍ အဖေ့ကို မိန်းမ ယူဖို့ တိုက်တွန်းမယ် ဆိုရင် ဖေကြီးက လွဲလို့ ဘယ်သူမှ မပြောရဲတော့ပါ…။
အဖေ က စီးပွားရေး လုပ်ငန်းမှာ အောင်မြင်သလို အနေအစားကြောင့်လည်း အသက်သုံးဆယ်လောက်သာ ထင်ရသည်..။
ပျော်ပျော် နေတက်သည်မို့ တစ်ခါတလေ ဒီပါနဲ့ ပွဲတက်သွားရင် အဖေက ပိုပြီး ပေါ့ပါးခါ လူငယ်ဆန်နေသည်..။
အဖေ့နားမှာ ဝိုင်းဝိုင်းလည်နေတဲ့ မိန်းမလှလေးတွေမှ အများကြီးကို အဖေက မိန်းမက လွဲရင် ကျန်တာ အကုန် စိတ်၀င်စားသည်..။
ခိုင် ဆိုတဲ့ တော်တော် လှတဲ့ အစ်မ တစ်ယောက်ဆိုရင် ဒီပါ့ကိုတောင် အကြိုက်ဆောင် အလို လိုက်ပြီး အဖေ့ကို မျှော်မှန်းခဲ့ဖူးသည်..။
အဖေ့ သူငယ်ချင်းတွေက ဘာဖြစ်လို့ မိန်းမလှလေးတွေကို စိတ်မ၀င်စားတာလည်း မေးတော့ အမေ့ကိုပဲ ချစ်လို့တဲ့လေ..။
ပြီးခဲ့တဲ့ မွေးနေ့တုန်းက အဖေက သူ့ အတိတ်တွေ ပြောပြပြီး..အမေ့ရဲ့ စာအုပ်ကလေး လည်း ပြသည်..။
စာတွေ ဖတ်ပြီးချိန် အမေ့ကို သနားသလို ဒီပါ့ အတွက် အသက်ပေးပြီး မွေးဖွားပေးခဲ့မှုကို လေးစားခဲ့ရသည်..။
အမေ့ကို မတွေ့လိုက်ရပေမဲ့ အမေ့ မေတ္တာက ကြီးမားလွန်းလို့ ဒီက အမြဲ တမ်း ခံစားမိပါတယ်…
ဒါကြောင့်လည်း ငယ်ငယ် ကတည်းက အဖေသင်ပေးထားတဲ့ အတိုင်း  ညအိပ်ရာဝင်တိုင်း အမေ့ကို ချစ်ပါတယ်လို့ တိုးတိုးပြောမိသည်။
"ဟင်း.."
အဖေ့ အကြောင်းတွေတိုင်း အမေက အမြဲပါနေတော့ ဒီပါ သက်ပြင်းချမိသည်။
ဒိန်ချဉ်ခွက်တွေကို စီထည့်ပြီး ဖေကြီး သင်ထားတဲ့ အတိုင်း လှေကားတွေကို ခြေသံ မကြားအောင် ဖွဖွ နင်းတက်သွားတော့ အဖေ နဲ့ ဖေကြီး စကား အခြေအတင် ဖြစ်နေပြီ..။
"သား သိပ်စိတ်ညစ်တယ်..အဖေ..ဖေကြီး နှစ်ပတ်လည် အတွက် ပြန်မလာရင်လည်း အဖေက စိတ်ဆိုးတယ်..ရောက်တော့လည်း …ဒါပဲ"
"ငါလည်း စိတ်ညစ်တာပဲ.."
"ကဲပါ အဖေရယ်…ညီလေး တစ်ခါတလေ ပြန်လာတာ နားပါစေဦး.."
"သူ နားနေတာ…ငါ့ သူငယ်ချင်းတွေ မြေး တစ်ချိတ် ရှိတယ် ငါ့မှာ အခုချိန်ထိ မြေးနှစ်ယောက်တည်းနဲ့ ငါ သေတော့မယ်.."
"အဖေ..နှစ်ယောက်တောင် နည်းလား.."
"အေးပေါ့လေ….မင်းက ငါ့သွေး ငါ့သား.…မဟုတ်လေတော့…"
"အား..ဒီတရားပဲ…အား..အဖေ ကလေ..တစ်နေ့တခြား ကလေးလို ဖြစ်လာပြီ…ကိုကြီး ပြောပေးပါဦးဗျာ.."
"ဟား..ဟား…ငါလည်း မတက်နိုင်ဘူး..ဝေကလည်း မွေးလို့မရတော့ဘူး..မင်းကိုပဲ အားကိုးရတော့မယ်.."
'မကိုးနဲ့…ကိုကြီး ထပ်ယူလိုက်…"
"အို…ယူစရာလား…ယူကြည့်လိုက်စမ်း.."
"ငါ ယူခိုင်းနေတာ မင်းကိုလေ…"
"ဖေကြီး ဒိန်ချဉ်ရပြီ.."
"အေး.."
ဒီပါ ဒိန်ချဉ်ခွက်တွေ လိုက်ချပေးနေတော့ အဖေက ဖျတ်ခနဲ အနားရောက်လာပြီး ဒီပါ့ ပခုံးကို ဖက်ခါ ခပ်ပြုံးပြုံး ကြည့်သည်..။
"အဖေ့ မြေးကို ပေးစားလိုက်…မြစ်တွေ ဘာတွေ ချီသွားရမယ်.."
"ဟေ့ကောင်.."
"ဘာပေးမှာလည်း..အဖေ.."
"မိန်းမ…"
"ဟာ…အဖေ…အိုး…ဒီက ကို ချောက်လာချနေတယ်…ပြောပါဦး…ဖေကြီးရဲ့.."
"ဟား..ဟား..ကိုကြီး သားကြီး စကား ပြောတာ ကြည့်ဦး…ခြောက်တောင် နေပြီလား.."
"မင်းကွာ..ကလေး ကို မှိုချိ်ုး မျှစ်ချိုး မပြောစမ်းပါနဲ့…သူ့မှာ အဖေ ပုံချထားတဲ့ အတိုင်း နေရရှာတာ…လာထိုင်…သားကြီး.."
"အဖေ ပြန်ရောက်လာနဲ့ အိမ်က ဆူညံနေတာပဲ.."
"အောင်မယ်.."
"ဟား..ဟား…"
တစ်မိသားစုလုံး ဝိုင်းရယ်လိုက်ချိန် ဒီပါ ဒိန်ချဉ်ခွက်ကို အကြည့်ရောက်သွားတော့ မျက်လုံး ပြူးသွားရသည်..။
ရူပါ သောက်တာ ဒိန်ချဉ် သုံးခွက်ကုန်နေပြီ…
ဟူး..ဒီ ဂေါ်ဇီလာကြောင့်လည်း စိတ်ညစ်တယ်…။
"အဖေ…"
"ဟင်.."
"မအိပ်သေးရင် ဒီက ၀င်ခဲ့မယ်.."
"အေး.."
ဒီပါ တံခါး ဖွင့်ပြီး ၀င်သွားတော့ အဖေ က ထုံးစံ အတိုင်း အိပ်ယာ ပေါ် ပက်လက်အိပ်နေရင်း ဓာတ်ပုံ ကို ထောင်ကြည့်နေသည်..။
"ဒီက နှိပ်ပေးမယ်…"
"ဘာပူဆာမလည်း."
"ဖေကြီးက ပြောတယ်…မိဘကို ပြုစုရင် အကျိုးဆယ့်နှစ်ပါး ရတယ်တဲ့.."
"မင်းက အကျိုးဆယ်နှစ်ပါး မျှော်ကိုးနေတာပဲကွ…"
"အဟွင်း…မဟုတ်ပါဘူး…သိချင်တာ ရှိလို့ပါ.."
အဖေက ပခုံးကို ဖျတ်ခနဲ့ ရိုက်လိုက်တော့ ဒီပါ ပြုံးလိုက်ခါ အဖေ့ ခြေရင်းမှာ ထိုင်ပြီး ခြေထောက်တွေကို နှိပ်ပေးလိုက်သည်..။
"အဖေ့ကို မေးရင် စိတ်ဆိုးမလား.."
"မိန်းမ ယူဖို့ကလွဲရင် ကျန်တာ အားလုံး အိုကေတယ်…မဟုတ်ရင် နားပန်ကျင်းခံရမယ်.."
"သိပါတယ်.."
ဒီပါ ခေါင်းငုံ့ပြီး ပြောလိုက်တော့ အဖေက သဘောကျစွာ အော်ရယ်နေပြန်သည်..။
"အဖေ ဟိုတစ်ခါတုန်းက ပြောတယ်လေ…တောထဲမှာ ကောင်မလေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်…လက်ထပ်ခါနီး လိုအပ်တာတွေ လာ၀ယ်ရင်းနဲ့ အမေ့ စာအုပ်ကိုတွေ့သွားတယ်ဆိုတာလေ… အဲ့ကောင်မလေး ကိုကော အဖေ မချစ်ဘူးလား…"
"မသိဘူး..အမြင်အားဖြင့်တော့ ချစ်ခဲ့တယ် ထင်တာပဲ.."
"သူက အဖေ့ကို ချစ်ပြီး စောင့်နေရင် ဘယ်လို လုပ်မလည်း.."
"မစောင့်ပါဘူးကွာ…အဖေ ပြောခဲ့ပါတယ်.."
"ဟင်..ဘယ်လို ပြောလည်း.."
ခြေရင်းက သားဖြစ်သူဆီ အကြည့်တစ်ချက်ရောက်သွားခါ လက်ထဲက ဓာတ်ပုံလေးကို ရင်ဘတ်ပေါ်တင်လိုက်သည်..။
ဒီဓာတ်ပုံလေးက အလုပ်လုပ်နေချိန် တွေကလွဲရင် မျိုးချစ် တစ်ယောက်တည်း ရှိချိန်မှာတူတူ ရှိနေကျ ဓာတ်ပုံလေး..။
တစ်နည်းအားဖြင့် နှစ်နှစ်ခါခါမြတ်နိုးမိသည့် တမန်လွန်သူ တစ်ယောက်ရဲ့ ဓာတ်ပုံ…။
သားဖြစ်သူရဲ့ မေးခွန်းကြောင့် အတိတ်တွေဆီ အလည်အပတ်သွားရဦးမည်။
"ဟင်…ဆရာ ပြန်လာပြီ…"
"ယမင်း.."
"ရှင်.."
"ကိုယ် ပြောတာ သေချာ နားထောင်…"
ပျော်ရွှင်နေတဲ့ အရိပ်သန်းနေတဲ့ မျက်နှာလေး က တစ်ခဏ အတွင်း ပြောင်းသွားခါ မျက်လုံး ပြူးလေး ဖြင့် မော့ကြည့်ရှာသည်..။
"ကိုယ် မင်းကို လက်မထပ်နိုင်တော့ဘူး.."
"ရှင်…"
"ကိုယ် ရန်ကုန်မှာ ကောင်မလေး တစ်ယောက်တွေ့ခဲ့တယ်…သူနဲ့ မှားခဲ့တယ်…သူ့ကို ချစ်တယ်…သူ့ကိုပဲ လက်ထပ်.."
"တော်ပါတော့…ဆရာရယ်…တေ်ာပါတော့…ယမင်း မကြားနိုင်လို့ပါ…"
"ကိုယ်တောင်းပန်ပါတယ်…တကယ်လို့ မင်းကို အရှက်သိက္ခာ အတွက် ဆိုရင်တော့ ကိုယ်ပဲ.."
"ဆရာ…ဆရာက ယမင်းကို သိပ်အထင်သေးလား..ဟုတ်တယ်..မ်ိန်းကလေးဘက်က မေတ္တာ ရှိမိတာ နစ်နာတယ်..အထင်သေးခံရတယ်..ကျွန်မ က အပျို စစ်စစ် …ဆရာ့လို မုဆိုးဖိုကို မရရင် ကျွန်မ က တစ်ခုခု ဖြစ်မယ်လို့ ဆရာထင်နေသလား..ဆရာ့ထက် သာတာကို ယူပြမယ်…"
ယမင်း ကို သစ်စက်မှာ တွေ့ခဲ့ပြီး နောက်ပိုင်း မျိုးချစ်လည်း ရန်ကုန် အရောင်းပြခန်းကို အလုပ်ပြောင်းခဲ့လိုက်သည်..။
သုံးလကျာ် ကြာတော့ ရုံးခန်းထဲ ၀င်လာချိန် ဟန်လင်းရဲ့ လက်မောင်းချိတ်ထားပြီး လက်၀တ်လက်စားတွေနဲ့ သားသားနားနား ဖြစ်နေတဲ့ ယမင်းကို အံသြမိသေးသည်..။
"မျိုးချစ်ရေ…မင်းရေးခဲ့တဲ့ ဖူးစာ ဟေး..ဟေး..ဒီမှာ ဖိတ်စာ သူငယ်ချင်း.."
"သြော်..အေး…ဂုဏ်ပြုပါတယ်ကွာ.."
"ဆရာ..ဆက်ဆက် လာခဲ့နော်.."
"အင်း..အဒေါ်တို့ကော နေကောင်းကြတယ်မလား.."
"အဟွင်း ကောင်းတာပေါ့….အရမ်းပျော်နေကြတယ်..ကိုကို့ ကြောင့်လေ.."
"အေးကွာ…ငါလည်း မိဘတွေ မရှိကြတော့ ယမင်းရဲ့ မိဘတွေကို ရန်ကုန် ခေါ်ခဲ့လိုက်တယ်…ဒီမှာပဲ နေဖို့ပေါ့ကွာ.."
"ကောင်းပါတယ်…ငါ မေးတယ်လို့ ပြောပေးပါ…အချိန်ရရင် လာတွေ့ပါဦးမယ်.."
"အေး..သူငယ်ချင်း…ငါတို့ကို ခွင့်ပြုဦး.."
"သြော်..ဆရာ့ဇနီးကိုလည်း ခေါ်ခဲ့ပါနော်.."
"အင်း.."
ယမင်းက အောင်နိုင်သူ အပြုံးနဲ့ ကလဲ့စား မျက်၀န်းတွေဖြင့် စကားတွေ အများကြီး ပြောသွားပေမဲ့ မျိုးချစ် ဘာမှ မခံစားခဲ့ရပါ..။
စားပွဲထောင့်က မရယ်မပြုံး ရှက်မျက်နှာလေး ဖြစ်နေသည့် မေ့ကိုသာ ပြုံးပြလိုက်မိသည်..။
"ဒါဆို အဖေ့သူငယ်ချင်းနဲ့ လက်ထပ်သွားတာပေါ့”
"အင်း…"
"ဒါနဲ့…အဖေ…ဟိုတစ်ခါ တုန်းက စိတ်ဆိုးပြီး ပြန်သွားတော့ ဖေကြီးက စိတ်မကောင်း ဖြစ်နေတာ…"
သားရဲ့ အမေးစကားကြောင့် အတွေးပျက်ပြီး ခေါင်းညိတ် ပြလိုက်ရသည်..။
"အင်း..အဖေ လည်း နောင်တ ရပါတယ် သားရယ်…ဒါပေမဲ့ အဲဒီ့ အိမ်လေးထဲမှာ သားအမေရဲ့ အငွေ့အသက်လေးတွေ ရှိတော့ အဖေ က သမျောတာပေါ့.."
"အိမ်က ပျက်စီးနေလို့ ဖေကြီးက ဖြိုချပြီး အသစ် ပြန်ဆောက်ပေးတာပါ…"
"အင်း…အကုန်ပါသွားပါပြီ…မထူးပါဘူး လုပ်ချင်တာသာ လုပ်ပါစေတော့…"
"ဒါကြောင့် ဒီတစ်ခါ အဖေ အိမ်ကို တန်းပြန်လာတာ မလား…မဟုတ်ရင် အဲဒီ အိမ်စုတ်ကလေးမှာ သုံးလေး ရက်လောက် နေဦးမှာလေ…"
"အင်း…အဲ့မှာ နေရင် အဖေ စိတ်ချမ်းသာလို့ပါ…"
"အိမ်စုတ်ကြီးလေ…အမြဲတမ်း ဖုန်တွေ တက်နေတယ်လေ…ရူပါဆို သရဲ ခြောက်တဲ့ အိမ်ကြီးဆိုပြီး ကြောက်နေတာ.."
"ဟား..ဟား..သားတို့ အမြင်နဲ့ အဖေ့ အမြင်မတူဘူးလေ..အဖေ က အဲဒီ့ အိမ်မှာ သားအမေ နဲ့ နေခဲ့ရတဲ့ အချိန်တွေကို သတိရတယ်…သား အမေ ထိုင်စောင့်နေတာတို့ အလုပ်လုပ်နေတာတို့ကို သတိရတယ်…မေ့ အရိပ် မကင်းတဲ့ အိမ်လေးမှာ အိပ်လိုက်ရင် အဖေ ပျော်တယ်.."
ဒီပါ နှိပ်ပေးနေရင်း အဖေ့ကို မော့ငေးခါ ကျေနပ်စွာ ပြုံးလိုက်မိသည်..။
ဘယ်သူတွေ ဘာတွေပဲ ပြောနေပါစေ…အဖေက သူ စိတ်ချမ်းသလို သာ နေတက်သည်လေ..
အားလုံးက ဝိုင်းပြောနေလည်း…ဒီပါကတော့ အဖေ မှန်တယ်လို့ပဲ သတ်မှတ်ထားပါသည်..။
"အဖေ က အမေ့ကို အခုလောက် မချစ်ခဲ့ဘူးမလား.."
"အင်း.."
"စာအုပ်တွေ့မှ ချစ်သွားတာမလား.."
"အင်း.."
"ဒါပေမဲ့ အမေ က သိမသွားရဘူးနော်…"
"အင်း.."
"..အိမ်မက်ထဲမှာ ပြောလို့ရတာပဲ အဖေရဲ့.."
"သား အမေက အဖေ့ကို မုန်းသွားလို့လား မသိဘူး…တောထဲမှာ မက်တဲ့ အိမ်မက်က နောက်ဆုံး အိမ်မက်ပဲ ဒီနေ့ အထိ မမက်တော့ဘူး.."
"ဟင်း.."
ဒီပါ သက်ပြင်းချတော့ အဖေက ခါးကိုင်းခါ ခေါင်းကို ဖွဖွ ပုတ်ပေးရင်း..
"သား နှလုံးသားရဲ့ ရင်ခုန်သံ ကို သတိထား…မိန်းကလေးတစ်ယောက်က ပြောခွင့်မရှိလို့ မြိုသိပ်နေရပေမဲ့ ယောင်္ကျားလေးမှာ ပြောခွင့်ရှိတယ်..ဒါကြောင့် အချိန်မလွန်ခင် ချစ်ကြောင်း မြတ်နိုးကြောင်း ဖွင့်ပြောသင့်တယ်..လွမ်းရတာထက် ဆွေးရတာက ပိုပြီး ခံရခက်တယ်ကွ…"
"ဟုတ်.."
" မနီးနိုင်တော့တဲ့ အဝေးတစ်နေရာကို မျှော်မှန်းပြီး ချစ်ရတာ ပင်ပန်းလွန်းတယ်… အဖေ့လိုမျိုး မဖြစ်စေနဲ့…"
"ဟုတ်..အဖေ တို့ တူတူနေတုန်းက  ချစ်ခဲ့တဲ့ အချိန်ရှိလား..…"
"ရှိတာပေါ့…ဒါကြောင့်လည်း အခုလို ဖြစ်လာတာလေ…အဖေ က မင်း အမေ့ ကို မသိစိတ်က တအားချစ်တယ် ထင်တယ်…ဒါကြောင့်  အမြဲလိုက်ကြည့်ပြီး  သေးသေးလေးတွေ အစ  အထင်လွဲလိုက် ဒေါသ ဖြစ်လိုက်ပါပဲ…သာမန် စိတ်သာဆို ဒါတွေ ဘယ်အာရုံစိုက်မိမလည်း မဟုတ်ဘူးလား….ဟင်း…အလုပ်ထဲမှာ ဆိုရင် ပျော်သေးတယ်..အိမ်လာလို့ အဖေ က မိန်းမ ပေးစားဖို့ ပြောတိုင်း မေ့ကို အားနာတယ်ကွာ…"
"အင်း..ဖေကြီးက အဖေ့ကို စိတ်မချဘူးတဲ့…ပိုက်ဆံချမ်းသာတော့ မိန်းမတွေက အရမ်းလိုက်ကပ်နေတာတဲ့..ဖေကြီးကို စိတ်မဆိုးပါနဲ့ အဖေ.."
"ဟူး…မိန်းမတွေကလည်း ထူးဆန်းလိုက်တာ…နှလုံးသား မရှိတော့တဲ့  ငါ့ကိုပဲ အမျိုးမျိုး မြူစွယ်နေတယ်.."
"အဟွင်း…အဖေကလည်း ချောတာကိုး.."
"ဟား..ဟား…ဟုတ်မယ်…မင်းက အမေတူလို့ မချောတာ ဖြစ်မယ်.."
အဖေ့ရဲ့ ရန်စ စကားကို ဒီပါ ပြုံးရင်း ဘာပြန်ပြောရကောင်းမလည်း စဉ်းစားနေမိသည်..။
အဖေက အမေနဲ့ ပတ်သက်ပြီး စကား အမှားမခံတာ သိတော့ အတော့်ကို တွေးယူရသည်..။
"ဒီက အဖေ နဲ့ တူတာပါ.."
"ငါ့မှာ ပါးချိုင့်ပါသလား.."
"အမေ့မျက်နှာက ဝိုင်းဝုိင်းလေး..ဒီက မျက်နှာက အဖေ့လိုမျိုး ဘဲဥပုံ.."
"ဟုတ်လား…ငါတော့ ဝိုင်းဝိုင်းပဲ မြင်တာပါ…"
"ဒီလိုလေ…ဒီက စကြည့်လေ.."
ဒီပါ သေချာ ရှင်းပြနေရင်း အဖေက ရယ်လိုက်တော့မှ စနေမှန်း သဘောပေါက်၍  ပြုံးလိုက်ရသည်..။
ဖေကြီး ပြောသလို ဒီပါ့ အဖေက တကယ့် လူပေါ့လူရွှင်ပါပဲလေ…။
အဖေက တစ်မိသားစုလုံးရှေ့မှာ လူရွှင်လုပ်နေပေမဲ့ တစ်ယောက်တည်း တစ်ခါတလေ ရှိုက်ကြီး တငင် ငိုနေတာလည်း တွေ့ရတက်သည်..။
ဒီပါ ငယ်ငယ်က အိပ်မပျော်လို့ ၀ရန်တာကို ထွက်လာတိုင်း အဖေ တစ်ယောက်တည်း ငိုနေတက်သည်..။
ဒီပါ့ကို တွေ့တော့ ပွေ့ချီပြီး ရင်ခွင်ထဲထည့်ခါ ငိုပြန်သည်..။
တစ်ခါတလေ ကျရင်လည်း ဓာတ်ပုံကို ကြည့်ပြီး ချစ်တယ်လို့ တစ်ဖွဖွ ပြောတက်သည်..။
ဖေကြီးက အဖေ့ကို စိတ်ရောဂါ အထူးကု နဲ့ လည်း ခဏခဏ ပြကြည့်ဖူးသလို ပယောက ဆရာနဲ့လည်း ပြခဲ့သည်..။
စီးပွားရေး လူမှုရေး အားလုံး သာမန် လူအတိုင်း လုပ်ကိုင် နေနိုင်လို့ စိတ်ရောဂါ ဆရာ၀န်ကတော့ စိတ်ငြိမ်ဆေးလောက်သာ ပေးပါသည်..။
အချစ်ရူးဆိုရင် အဖေကပဲ သက်သေ တူရအောင်ကို အမေနဲ့ ပတ်သက်တာ မှန်သမျှ အထိမခံအောင် ရူးသွတ်သည်..။
တစ်ခါက ဖေကြီး စိတ်ဆိုး၍ အဖေ နဲ့ အမေတို့ အိမ်လေးက သေတ္တာလေးကိုယူသိမ်းလိုက်တော့..အဖေက အိမ်ကို ရောက်လာပြီး  သေတ္တာ ပြန်တောင်းရင်း သတိလစ်သွားခဲ့ဖူးသည်..။
အဖေ့ကို ကြည့်ပြီး ချစ်ရမှာ ကြောက်လွန်းပါသည်။
"သား.."
"ဟင်.."
"ပြုံးပြပါဦး.."
"အား..ပါးညောင်းတယ် အဖေရဲ့."
"အဟား…အဖေက သားကိုတွေ့ရင် မေ့ကို သတိရတယ်…သူသာရှိရင် သားကို တော်တော်ချစ်မှာသိလား.."
"မထင်ပါဘူး..အဖေက ဒီက ကို အမေ နဲ့ တူတဲ့ ပါးချိုင့်ရှိလို့ ချစ်တာ…အမေကလည်း…ဒီက ကို အဖေ့လို ဆိုးတယ်တဲ့လေ…အဲဒါကြောင့်ချစ်တာ…မာမီ နဲ့ ဒက်ဒီက မှ ဒီက ကို တကယ်ချစ်တာပါ.."
"ဟား..ဟား..ကောင်စုတ်လေး…ဆယ်တန်း အောင်ရင် ဘာတက်မလည်း.."
"ဒက်ဒီ က ယူကေ သွားတက်ဖို့ ပြောတယ်…အဲ့မှာ ဒက်ဒီ့ သူငယ်ချင်းလည်း ရှိတယ်တဲ့…ဖေကြီးကလည်း သွားရမယ်တဲ့…အဖေကကော…"
"အဖေကတော့ မလွှတ်ချင်ပါဘူး..ငါ့သားကို မခွဲနိုင်ဘူး.."
"အဖေက ခုလည်း အတူတူ မနေပါဘူး..နှစ်လ သုံးလ နေမှ လေးရက်လောက်ပဲ ပြန်လာတယ်.."
"မင့်အဖိုးက ဟို အပျိုကြီးမမနဲ့ ချည်းပေးစားချင်နေတာကိုးကွ…"
ဒီပါ ကုတင်ပေါ်က ဆင်းပြီး ခြေထောက်ကို စောင်ခြုံပေးလိုက်ခါ အခန်းတံခါးကို လက်တစ်ဖက်က ဖွင့်လိုက်တော့ အဖေက လိုက်ကြည့်နေသည်..။
"ငယ်ငယ်လေးဆို သဘောကျလား အဖေ.."
"ဟာ..ခွေးကောင်…"
ဒီပါ တံခါး ပိတ်ပြီး ပြေးခဲ့လိုက်တော့ အဖေ့ရဲ့ ဆဲသံ ခပ်သဲ့သဲ့ ကြားလိုက်ရပေမဲ့ ပြုံးမိသည်..။
တော်ပါသေးရဲ့ လွတ်ပေလို့…။
အဖေ နဲ့ တွေ့ရင် ဒီပါလည်း ငါးနှစ်သားလို ပြန်ဖြစ်သွားသလို အဖေကလည်း အရင်အတိုင်းပါပဲလေ..။
"ဟင်း.."
မျိုးချစ် သက်ပြင်းချလိုက်ပြီး လက်ထဲက ဓာတ်ပုံလေးကို လှုပ်ရမ်းနေမိသည်..။
"မေရယ်…မောင့် အချစ်တွေကို သက်သေပြခိုင်းချင်လို့များ အရင်သွားနှင့်တာလား…ယောင်္ကျား တစ်ယောက် အနေနဲ့ ပိုပြီး စောင့်စည်း ထိန်းချုပ်စရာတွေ များတယ်ကွာ….မေ့ကို ချစ်တယ်…အသက်ထက် ပိုချစ်တယ်လို့ မကြွေးကြော် နိုင်သေးပေမဲ့…မောင့် တစ်သက့် မေ့ကိုပဲ ချစ်နေမယ်ဆိုတာ ယုံပါနော်…ချစ်တယ်ကွယ်.."
ဓာတ်ပုံ မှန် ဘောင်လေးပေါ် နမ်းလိုက်ပြီး ကုတင်ပေါ် ပြန်လှဲအိပ်ချိန် မျက်ရည် တစ်စက် လွင့်ကျသွားသည်..။
လောက ကြီးမှာ မရှိတော့တဲ့ သူကိုမှ စွဲစွဲလမ်းလမ်းချစ်မိတာ တစ်ခါတလေ ပင်ပန်းတယ်…အိပ်မက်ကလေး မျှ တွေ့ခွင့်ရရင် မောင် ပျော်ရမှာပါ မေရယ်…မောင့် အိမ်မက်ထဲကို လာခဲ့ပါနော်..။
"တီ…တီ…တီ.…"
"ဟလို.."
"ကိုကိုချစ်လား.."
"ဘယ်သူလည်းကွ…ငါ့ကိုဘယ်လို ခေါ်လိုက်တာလည်း..တောက်...."
"ဇူးလေ ဘာလည်း မသိတော့ဘူးလား.."
"ပြော..ဘာလည်း...."
"ကိုကို့ချစ် ကို သတိရတယ်လို့…."
"ဟ.."
မျိုးချစ် ကပျာကယာ ဖုန်းချလိုက်ပြီး ဘေးမှာတင်ထားတဲ့ မေ့ ဓာတ်ပုံကို မလုံမလဲ ကြည့်မိသည်..။
"မောင် ပြောတဲ့…ယောင်္ကျားတွေက ပိုထိန်းချုပ်ရခက်တယ် ဆိုတာ ဒါပေါ့ မေရယ်…အခုလေ..မောင့် ဘေးမှာ မိန်းမလှလေးတွေ ဝိုင်းနေတယ်…မောင် အမြဲ ထိန်းသိမ်းရှောင်တိမ်းနေရတာ..မေ့ကို ချစ်လို့ပေါ့.."
မျိုးချစ် ပြုံးရင်း ရှက်စိတ်ဝေ့ခါ ရင်ဖွင့် ပြောမိနေပေမဲ့ ဒါဟာ မေ့ ဓာတ်ပုံ တစ်ခုပဲ ဆိုတာ သိသည်..။
ဆရာဝန်နဲ့ အဖေ့ကို
ကိုယ်တိုင်က မရူးပါဘူးလို့ သက်သေပြထားသော်လည်း..မေ့ ဓာတ်ပုံတွေ့တိုင်း ပြောစရာတွေ ထွက်လာပြန်သည်..။
ချစ်သူရဲ့ အသွင်သဏ္ဍန် ဘာတစ်ခုမှ မကျန်ရှိတော့တဲ့ ကမ္ဘာမှာ ကျန်ခဲ့ရတဲ့ မောင်က ဓာတ်ပုံလေးကို အဖော်ပြုပြီး နေရတာ ရူးနေသတဲ့လား…ပြောပါစေ…မောင် ရူးရင်တောင်…မေ့ကို ချစ်မိတဲ့ အချစ်ရူးပဲ…။
မေ က မောင့်ရင်ထဲ မှာ ရှင်သန် ငယ်ရွယ်နုပျို နေဆဲပါပဲမေ..။
တစ်ခါတလေ မေ က အနားမှာ မရှိတော့တာ ပိုကောင်းတယ်လို့ တွေးမိတယ်..။
မေသာ အနားမှာ ရှိနေရင် အတူနေတာကြာလာလို့ မောင် အော်ငေါက် စိတ်ကွက်မိတာမျိုး ရှိရင် ကိုယ့်ကိုယ်ကို မုန်းရဦးမယ်လေ…အခုတော့…မေ ကငြိမ်သက်နေပြီး စိတ်ဆိုးအောင် မလုပ်တက်ဘူးမလား..။
"ကိုကို ရှိလား အန်ကယ်.."
"ဘယ်သူလည်း ကွ…"
အိနြ္ဒာကျော်ဇင် ဆံပင်လိုမျိုး ခပ်တိုတို ညှပ်ထားတဲ့ မိန်းမ တစ်ယောက်က အိမ်ထဲ၀င်လာတော့ ဒီပါ တီဗွီဂိမ်း နှိပ်နေရာက လှမ်းကြည့်မိသည်..။
"ဟို…ကိုကိုလေ…"
"ဟေ့.ဒီပါ မင်းသူငယ်ချင်းလား.."
"ဟာ..မဟုတ်ဘူး..."
"ကလေးမ မင်း အိမ်မှားနေပြီ ဘာ ကိုကိုမှ မရှိဘူး.."
"ဟို အဖေ့ အသိများလား ဖေကြီး.."
"အေး..ဟုတ်မလား..သွားခေါ်စမ်း.."
"ဟာ..ဒီက မခေါ်ရဲဘူး…ကြီးကြီးရေ..ကြီးကြီး.."
"ဟေ..သား.."
"အဖေ့ကို ဧည့်သည်ရောက်နေတယ်လို့ ပြောလိုက်ပါဦး.."
ဒီပါ အကြောက်အကန့် ငြင်းပြီး ကြီးကြီးကို လွှတ်လိုက်တော့ ကြီးကြီးကလည်း ခေါင်းကုတ်ခါ အပေါ်တက်သွားသည်..။
"မနက်စောစော ဘယ်သူလည်း..ဟင်…မင်း…"
"ကိုချစ်တို့ အိမ်က အကျယ်ကြီးပဲနော်…မိုက်…အ…"
"ဟာ…"
"အဖေး.."
"ဟေ့ကောင် မင်း ဘယ်လို လုပ်တာလည်း.."
ဖေကြီးကပါ ခြေလှမ်းကြဲ နဲ့ အပြင်ရောက်သွားတော့ ဒီပါလည်း စိတ်ပူပြီး ခြံထဲ ပြေးဆင်းလိုက်ခဲ့ရသည်..။
သွားပါပြီ..ဟို မိန်းမကို ဆောင့်တွန်းလိုက်တာ နံရံတောင် ကပ်သွားတော့ တစ်ခုခု ဖြစ်ကုန်မှာ ဒီပါ စိုးရိမ်ရင်း အဖေ အနားကို မဝံ့မရဲ ကပ်သွားမိသည်..။
"မင်း ဘာဖြစ်လို့….လာတာလည်း.."
"ဟင်…ကျွန်မ ဘယ်သူလည်း မမှတ်မိဘူးလား.."
"မှတ်မိတယ်…ဇေ ကုမ္ပဏီရဲ့ သူဌေးမလား.."
"ဒါကို ရှင် ဒီလို ဆက်ဆံရဲတယ်…ဟုတ်လား…"
"ဟုတ်တယ် ….မင်းက ကိုကိုလို့ ခေါ်ပြီး လာရောနေတယ်.. …ည ကမှ ဒင်နာ မှာ သိပြီး အခုမနက် အိမ်လိုက်လာတယ်…ဒီလို မိန်းမ နဲ့ ငါ အလုပ် တွဲလုပ်လို့ မဖြစ်ဘူး..ပြန်ပါ.."
"ဟာ…ဦးမျိုးချစ်…ရှင်က လူတွေ ပြောသလို တကယ်ရူးနေတာပဲ.."
"ဟုတ်တယ်…မိန်းမတွေနဲ့ ပတ်သက်လာရင် လူမှုရေး လည်း မရှိဘူး..အကြင်နာ တရားလည်း မထားဘူး…ငါ ရူးတာကို ခေါင်းစဉ်ထိုးပြလိုက်ဦးမယ်…သေသွားတဲ့ မိန်းမကိုပဲ ချစ်နေတဲ့ အချစ်ရူး ရပြီလား…သွားတော့.."
"ဟင်း…ဦးလေး သားကို ဆေးခန်းပြကြည့်ပါဦး.."
"အေးပါကွာ…အန်ကယ် တောင်းပန်ပါတယ်…"
ဧည့်သည် ပြန်သွားတော့ အဖေက မျက်နှာကြီး နီပြီး တောက်တစ်ချက်ခတ်ခါ လှေကားတွေကို တဒိုင်းဒိုင်း ပြေးတက်သွားသည်..။
ဒီပါ သက်ပြင်းချလိုက်မိသည်..။
အမေ့ ဓာတ်ပုံကို ကိုင်ပြီး အဖေ ငိုပါတော့မည်လေ…။
"အဖေ.."
"ဟင်.."
ဒီပါ့ကို တွေ့တော့မှ မျက်ရည်တွေ သုတ်ပစ်ပြီး စာအုပ်ကို ပိတ်ခါ လှမ်းကြည့်သည်…။
ဒီစာအုပ်ကို တစ်ခါဖတ်တိုင်း အဖေ တစ်ခါ ရင်ကွဲနေတာတောင်မှ ခုချိန်ထိ ဖတ်နေတုန်း..။
ဖေကြီး သိမ်းလိုက်မှာစိုးလို့ အမြဲ ဝှက်ထားတက်သည့် စာအုပ် ဝါကျင့်ကျင့်က ဘာတွေ ရေးထားလည်း ဆိုတာ ဒီပါလည်း သိခဲ့ပြီးပါပြီ..။
အမေ့ ရဲ့ အချစ် ဖွင့်ဟ ၀န်ခံချက်တွေကြောင့် အဖေ ငိုရပြန်ပါပြီ..။
"အဖေ ညစာ မစားလို့ နို့နဲ့ ပူတင်းမုန့် ယူလာတယ်…စားလိုက်ပါ အဖေ…"
"အေး..ထားလိုက်…"
မျက်နှာ ခပ်လွဲလွဲ ဖြင့် ပြောပြီး ဓာတ်ပုံကို လှမ်းယူကြည့်နေတော့ ဒီပါ အနားကို တိုးသွားမိသည်..။
"ဖေကြီးက ဆရာ၀န်ပေးထားတဲ့ ဆေးတိုက်ဖို့ ပြောနေတယ် အဖေ…"
"ငါ မရူးပါဘူး.."
"ဒီက သိပါတယ်.. အဲလိုဆေး မဟုတ်ပါဘူး..စိတ်ငြိမ်ဆေးပါ…"
"……"
"အဖေ…"
"………"
"တကယ်လို့….အမေနဲ့ တူတဲ့ မိန်းမ တစ်ယောက်ကိုတွေ့ရင် အဖေ ချစ်မှာလား ဟင်.."
"လုံး၀ မချစ်ဘူး.."
"ဘာဖြစ်လို့လည်း ..တကယ်တော့ အဖေ နောက်မိန်းမယူဖို့ကို အမေက ကြည်ဖြူပါတယ်လို့ ရေးထားခဲ့တယ်လေ…အမေ နဲ့ တူတဲ့ မိန်းမကို ယူလိုက်ရင် အဖေ စိတ်သက်သာသွားမလားဟင်…"
"မထင်ပါဘူး..အဖေကလေ…မလှမေ ဆိုတဲ့ မိန်းမကို ချစ်တာကွ…ဘေထည်တွေရောင်းတုန်းက ဆိုင်ရှေ့မှာ ခြေတိုအောင် ပတ်လျှောက်ပြီး သူ့အဖေအတွက် အနွေးထည်လေး ၀ယ်ပေးခဲ့တဲ့ မိန်းမ…သူ့ကို မချစ်မှန်းသိတဲ့ ယောင်္ကျား တစ်ယောက်ကို မိဘ အလိုကျအတိုင်း ခေါင်းညိတ်ခဲ့တဲ့ မိန်းမ…အဖေ နဲ့ အတူ ဘေထည်တွေ ညနက်တဲ့ အထိ တူတူ ထိုင်ရွေးပေးခဲ့တဲ့ မိန်းမ…မိန်းမသားပေမဲ့ အဖေ နဲ့ တူတူ အ၀တ် အိတ် အလေးကြီးတွေကို ကူမပေးခဲ့တဲ့မိန်းမ…ရိုင်းစိုင်းတဲ့ ယောင်္ကျားကို သစ္စာ မေတ္တာ မပျက်ပဲ အကြင်နာ မျက်၀န်းနဲ့ ငေးကြည့်ပြီး ပြုံးနေတက်တဲ့ မိန်းမ..အဖေ့ဆီက ကြင်နာယုယမှု မရခဲ့ရှာပေမဲ့ စေတနာမပျက်တဲ့ အပြင် အဖေ့ အတွက် သူ့အသက်နဲ့လဲပြီး သားကို မွေးပေးခဲ့တဲ့ မိန်းမ…အဖေ ချစ်တဲ့ မလှမေ ဆိုတာ လောက မှာ တစ်ယောက်တည်း ရှိတာပါ…ပြီးတော့ လူလောက ကြီးမှာ မရှိတော့ဘူး…ဒါကြောင့် အဖေ မလှမေ တိုင်းကို ချစ်စရာ မလိုဘူး..မလှမေ ၀င်စားပါတယ် ဆိုတဲ့ မိန်းမကိုလည်း ချစ်စရာမလိုဘူး…အဖေ ချစ်တဲ့  ဘဝြခားသွားသူ မလှမေ က အဖေ့ကိုတောင် သိတော့မှာ မဟုတ်ဘူး….ဒါပေမဲ့…အဖေမှ မသေသေးတာ…မသေသေးလို့ ချစ်နေတာပေါ့ကွာ…ဒါကို ဘာလို့ လိုက်တားဆီးနေချင်ကြတာလည်း…ငါ ဘာမှားနေလို့လည်းဟင်…"
အဖေ က ကလေး တစ်ယောက်လို မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး အံကြိတ်ရင်း တောက်ခတ်လိုက်တော့ ဒီပါ ခုတင် ခြေရင်းမှာ ထိုင်လိုက်မိသည်..။
"ဟင်း…ငွေမမက်တဲ့ မိန်းမ ဆိုရင်လည်း ရှာလို့ တွေ့နိုင်ပါသေးတယ်…အဖေ့ကို အမေ့လို..တကယ် ချစ်တဲ့ သူ ရှိမှာပါ..."
"ငါမှ မချစ်ချင်တာ…ဘာဖြစ်လည်း…အဖေ အသည်းကွဲနေတာ မဟုတ်တဲ့ အတွက် အစားထိုး ကုစားစရာ အချစ်တစ်ခု ဖွေရှာ နေစရာ မလိုပါဘူးကွာ…အဖေလည်း အထည်တွေ ပြန်မရောင်းတော့ဘူး..မလှမေလည်း  ဆွဲခြင်းလေး ကိုင်ပြီး ရောက်လာမှာ မဟုတ်ဘူး…သူ့ကိုယ်ပွား သားလေးကို ထားခဲ့တာပဲ အဖေ အသည်းမကွဲပါဘူး…တစ်ခါတလေ ချစ်သူကို ဝေးနေလို့ သတိရ တမ်းတ မိတဲ့ အခါမျိုးမှာ ဆွေးရတာက လွဲရင် သား အမေကို ချစ်နေရလို့ အဖေ ပျော်နေပါတယ်…ဒါကြောင့် အခုချိန်ထိ် ပျော်နေနိုင်တာပေါ့..အချစ်က အရာရာကို နုပျိုစေတယ်လေ…"
"အဖေ အသည်းမကွဲဘူးသာ ဆိုတယ်…ငိုနေတာပဲ.."
"မွန်းကြပ် လို့ပါ သားရယ်…အဖေ ငွေမရှိတဲ့ အချိန်တုန်းက တူတူ ရပ်တည်ပေးခဲ့တဲ့ မိန်းမက နာမ်စားလေး ခေါ်ခွင့်မရခဲ့ပေမဲ့ အခုမှ သိတဲ့ မိန်းမ တစ်ယောက်က ကိုကို ခေါ်သွားတာကို ခံပြင်းလို့ပါ…"
"အမေ့ကို အားနာပြီး ငိုတယ်ပေါ့.."
"အင်း.."
"အမေသာ သိရင် …မငိုပါနဲ့…ရှင်…လို့ ပြောနေမယ်ဆိုတာကော မတွေးမိဘူးလား.."
"မတွေးမိဘူး.."
"အဖေက လူဆိုးပဲ…ဖေကြီးတောင် အဖေ့ကြောင့် စိတ်မကောင်း ဖြစ်နေပြီ.."
"ဟား..ဟား..ဆရာလုပ်တဲ့ နေရာမှာ မင်း အမေနဲ့ တစ်ထပ်တည်းပဲ…"
"အမေ က ဆရာလုပ်တယ်ပေါ့…အမေရေ ကြားလား..ဆရာလုပ်…"
"ဟာ..ဟေ့ကောင်.."
ဒီပါ လက်ထဲက နို့ခွက်ကို လှမ်းပေးပြီး  မုန့်ကိုလည်း ကုန်အောင် ကျွေးခါ စိတ်ငြိမ်ဆေး တိုက်ပေးရသည်..။
အဖေ ပြောသလို အဖေ လူကောင်းဆိုတာ သိပါတယ် အဖေရယ်…ဒါပေမဲ့…
အဖေ က အလုပ်လုပ်တဲ့နေရာမှာ သူများတွေ အားကျရလောက်အောင် ကျွမ်းကျင် ပါးနပ်ပေမဲ့ လူမှုဆက်ဆံရေးကျတော့ မိန်းမရှောင်တက်တဲ့ အဖေက ပြောစရာဖြစ်ကျန်ခဲ့သည်လေ..။
အဖေ့ကို စောင်ခြုံပေးခဲ့လိုက်ပြီး အိပ်ခန်းမီး မှိတ်ခါ အောက်ထပ်ဆင်းလာတော့ ဖေကြီး က မအိပ်သေးပဲ စောင့်နေသည်..။
"ဒီပါ…"
"ဗျာ…"
"သား အဖေ နေကောင်းရဲ့လား.."
"ကောင်းပါတယ်..ဖေကြီး..မနက်က စိတ်လှုပ်ရှားပြီး…ဒေါသ ထွက်သွားလို့ပါ…"
"ဟင်း…တော်ကြာ တအားကြိတ်ငိုနေလို့ ဟိုတစ်ခါလို သတိလစ်နေဦးမယ်..ငါ စိတ်ညစ်လိုက်တာကွာ….မိန်းမရတုန်းက မိန်းမကို ရှိမှန်းတောင် မသိဘူး..နှစ်နှစ်လေးမှာ သူ အိမ်ပြန်လာတာ လေး ခေါက်လားပဲ ရှိတာပါကွာ…အခုမှ ဘာတွေ ဖြစ်နေမှန်း မသိဘူး…ကြာလေ ပိုဆိုးလာလေပဲ…ငါ့သား ရူးလို့တော့ မဖြစ်ဘူး..ဆရာ၀န်ပြောတဲ့ အတိုင်းပဲ..မ်ိန်းမ တစ်ယောက် အစားထိုးရမယ်…ပြောမရရင်တော့  အတင်းအကြပ်စီစဉ်ရလိမ့်မယ်.."
"မလုပ်….မလုပ်ပါနဲ့…ဖေကြီးရယ်…"
ဒီပါ မျက်တောင် ပုတ်ခတ်ရင်း ပြောလိုက်ပေမဲ့ မျက်ရည် တွေက ညာဘက်ပါးကို ကျူးကျော်လာတော့ သုတ်ပစ်လိုက်သည်..။
"သား အဖေ နေကောင်းအောင်ပါ…"
"အဲဒါဆို ပိုဆိုးသွားလိမ့်မယ်…အဖေက အမေ့ကို တကယ်ချစ်တာပါ ဖေကြီးရယ်…ဖေကြီးသာ အတင်းအကြပ် မလုပ်ပဲ အဖေ စိတ်ချမ်းသာ သလို နေခွင့်ပြုထားရင်…အဖေ က လူကောင်းတစ်ယောက်ပါပဲ…နော်…ဖေကြီး..အဖေ့ကို လွတ်ထားလိုက်ပါနော်…သူ မကြိုက်တာတွေ မလုပ်ခိုင်းပါနဲ့တော့…နော်.."
"ဟင်း…."
ဒီပါ့ မျက်ရည်တွေကို သုတ်ပေးပြီး ပခုံးကို လက်နဲ့ ဖက်ခါ ဖေကြီးက သက်ပြင်းချတော့ ဒီပါဖေကြီး ခါးကို ပြန်ဖက်ထားမိသည်..။
"ဖေကြီး အိပ်တော့လေ…ညနက်နေပြီ.."
"အေး..မင်းလည်း ဂိမ်းဆော့မနေနဲ့ မင်း အဖေလို ဖြစ်လိမ့်မယ်…အဖေက မေ မေ နဲ့ သား က တီဗွီဂိမ်း တီဗွီ ဂိမ်း ဖြစ်နေရင် ငါ သေရလိမ့်မယ်.."
"ဟုတ်ကဲ့…အိပ်တော့မယ်.."
ဖေကြီး ကို အိပ်ယာ ပေါ် တက်တာ စောင့်ပြီး စောင်ခြုံပေးခဲ့ ၍ ထွက်လာခဲ့လိုက်သည်..။
ဒီပါ အခန်းထဲ ၀င်လိုက်တော့ နံရံပေါ်မှာ အမေ့ရဲ့ ပုံတူ ပန်းချီကားကြီးက ကြိုဆို နေသည်..။
"သား အမေက သားမမှတ်မိလို့ စိတ်မကောင်း ဖြစ်နေရှာတာ…မမေ့အောင် အမြဲကြည့်ရမယ်.."
"ဟုတ်ကဲ့.."
ဒီပါ လေးတန်း နှစ် ဒီတိုက်ကြီးကို ပြောင်းလာရကတည်းက ဒီပါ့ သီးသန့်ခန်းထဲမှာ အမေ့ရဲ့ ပုံတူ ပန်းချီကား ချိတ်ပေးထားသည်…။
အမေ့ပုံတူကို ကြည့်ရင်း ဒီပါ မျက်ရည်စို့လာလို့ မျက်တောင် ပုတ်ခတ်မိသည်..။
အမေရယ်…ဘာဖြစ်လို့များ အစောကြီး ထွက်သွား ရတာလည်း…အဖေသနားပါတယ်….။
အမေ က ဒီက ကို အသက်နဲ့ လဲ မွေးပေးခဲ့တာ ကျေးဇူးတင်ပါတယ်...။
ဒါပေမဲ့ ……အဖေ ခံစားနေရတာ တွေ့ရင် ဒီက စိတ်မကောင်းဘူး…။
.
"အဖေ…ဘယ်မှာလည်း.."
"မလာဖြစ်တော့ဘူး…အရာရှိ ညစာ စားပွဲတက်ရမယ်.."
"အဖေကလည်းဗျာ.."
ဒီပါ လေဆိပ် ဖုန်းရုံးထဲက ထွက်ပြီး ဖေကြီးကို တွေ့တော့ သက်ပြင်းချမိသည်..။
အဖေတော့ ဆူခံရတော့မှာပဲ လို့ တွေးရင်း စိတ်လည်း ပူရသည်..။
"သား…လာလေ.."
"ဘာလည်း…မျိုးချစ် မလာဘူးမလား.."
ဖေကြီးက ဒေါသ မျက်နှာထားကြီးနဲ့ မေးတော့ ဒီပါ ခေါင်းညိတ်ပြလိုက်ရသည်..။
"ဟုတ်ကဲ့.."
"ဒီကောင်ကလေ…"
ဒက်ဒီကလည်း ဆူတော့မှာသိတော့ ဒီပါ ခေါင်းငုံ့လိုက်ပြီး မုသား မသုံးချင်သော်လည်း..
"လမ်းမှာရောက်နေပြီ…ဒီက မလာခိုင်းတော့တာပါ…"
"ဟင်း..ကောင်းတယ်..လာလည်း မှီမှာ မဟုတ်ဘူး.."
"သား..လာလေ…အန်ကယ်တ်ို့ ၀င်ရအောင်.."
ဒက်ဒီ့ သူငယ်ချင်းက ဒီပါ့ကို ပခုံးဖက်ခေါ်တော့ လေဆိပ်ထဲကို တစ်ချက်ဝေ့ကြည့်မိသည်..။
"ကိုကို …ချောကလက်နော်.."
"အေးပါကွာ…"
ရူပါက ရေခဲမုန့်တွေ ပေကျံနေတဲ့ မျက်နှာဖြင့် လက်ညိုးထောင်ခါ ပြောတော့ ဒီပါ ပြုံးရင်း ခေါင်းညိတ်လိုက်မိသည်..။
"သွားပြီ..ဖေကြီး.."
"ဒက်ဒီနဲ့ မာမီ…ဖေကြီး နဲ့ အဖေ့ကို ဂရုစိုက်ပါနော်…"
"အေးပါ…သားရယ်…တစ်ယောက်တည်း ဆိုပြီး အားငယ်မနေနဲ့…အကြောင်းရှိရင် ဖုန်းဆက်လိုက်လေ…"
"ဟုတ်ကဲ့…"
ဒီပါ မျက်ရည်လည်ရင်း လေဆိပ်ထဲ ကို ဝေ့ကြည့်ခါ ကျောခိုင်းလိုက်တော့  နှုတ်ခမ်းတွေ တုန်ယင်လာသည်..။
အဖေ အဲလို လုပ်တက်လို့ အမေ ထားခဲ့တာပေါ့…။
အဖေ့ကို မချစ်တော့ဘူးလို့ စိတ်ထဲက ပြောလိုက်မိသည်..။
"ဖြန်း.."
"အား…"
"ဟင်…အဖေ…"
ဒီပါ အပျော်လွန်ပြီး အဖေ နဲ့ တန်းတူ ဖြစ်နေတဲ့ အရပ်ကို အားမနာပဲ အဖေ့ရင်ခွင်ထဲ တိုး၀င် ပြီး ခါးကို ဖက်ထားမိသည်..။
"အဖေ…ဂိတ်ကျော်လာပြီ…"
"ကျော်ပါစေ.."
"စစ်ဆေးရေး ရှိတယ်လေ…"
"ဘာဖြစ်လည်း…သားက အဖေ့ကို စိတ်ဆိုးနေတာမလား…လေယာဉ်ထဲ အထိ လိုက်ပို့ပေးမယ်…ငါ့သား  အားငယ်ပြီး ငိုနေတာမလား…ယောင်္ကျား မဟုတ်ဘူးလားကွာ.."
"အဖေ့ကို စိတ်ဆိုးလို့ ငိုတာပါ…"
"ဟား..ဟား…မင်္ဂလာပါ ကိုမျိုး…"
ဘေးက ဒက်ဒီ့ သူငယ်ချင်းကို နှုတ်ဆက်တော့မှ ဒီပါ ရှက်လို့ အဖေ့ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်..။
တစ်ခါတလေ ဆယ်တန်းအောင်ထားတဲ့ ကိုယ့် အရွယ်ကို ကိုယ် မေ့နေတက်သည်..။
"ဟင်…အဖေလည်း လိုက်မှာလား.."
"အေးလေ…လေဆိပ်ထိ လိုက်ပို့ပေးမယ်…."
"ဟာ…တကယ်လား…"
"ရောက်နေပြီကိုပဲ.."
ဒီပါ လက်မှတ်ကို ကြည့်ပြီး အဖေ့ကို ကြည့်ခါ ပြုံးလိုက်မိသည်..။
အစတုန်းက အားငယ်နေမိသမျှ အဖေ အနားမှာ ရှိနေတော့ ဒီပါ အထင်လွဲခဲ့မိတာတွေ နောင်တ ရသည်..။
"အဖေ…"
"ဟင်.."
"ဒီက အဖေ့ကို ချစ်တယ်…"
"အေးပေါ့..လိုတာရတိုင်း ဒီစကား ပြောတက်တာ ယောင်္ကျားတွေရဲ့ အကျင့်ပဲ…"
"မဟုတ်ပါဘူး..တကယ်ချစ်တာ…"
"ဘာပူဆာဦးမလို့လည်း.."
"အဖေ..မိန်းမတွေကို မမုန်းပါနဲ့ …လုပ်ငန်းသဘောအရ ပတ်သက်တာလောက်ကို အမေ နားလည်ပေးနိုင်ပါတယ်…"
"မင်းက ဘယ်လိုသိလည်း.."
"အမေ ပြောတာလေ…"
"ဟင်..တကယ်လား…သား အိမ်မက်မက်တာလား..ဘယ်တုန်းကလည်း…ဘာဖြစ်လို့ အဖေ့ကို မပြောတာလည်းကွာ…ဘာတွေ မက်လည်း.."
အဖေက အားတက်သရော ပြောလာတော့ ဒီပါ ပြုံးရင်း ခေါင်းညိတ်လိုက်ခါ ခုံမှာ ပြင်ထိုင်လိုက်ပြီး..
"အဖေ့ ကို မငိုစေနဲ့တဲ့….အဖေငိုရင် အမေ စိတ်မကောင်းဘူးတဲ့…ညပိုင်း ၀ရန်တာမှာ အအေးတောထဲ အိပ်ရင် ဖျားမယ် အခန်းထဲ ၀င်အိပ်ပါတဲ့..ပြီးတော့…သားလေးကိုလည်း အလိုလိုက်ပါတဲ့…နောက်ပြီး မိန်းမတွေကိုချည်း လိုက်ပြသာနာ မရှာပါနဲ့…ကိုယ် ကောင်းရင် ခေါင်း မရွေ့ဘူးတဲ့…လုပ်ငန်းတွေ ထိခိုက်မခံနဲ့တဲ့..ရှင့်ကို စိတ္တဇ လို့ လူတွေ ပြောနေတာ ကျွန်မ မကြိုက်ဘူးတဲ့…အင်း..နောက်ဆုံးကတော့ ပြောလို့ မကောင်းဘူး.."
ဒီပါ့ အနားကို ကပ်ပြီး အာရုံစိုက်နားထောင်နေတဲ့ အဖေ က မျက်မှောင်တစ်ချက် တွန့်သွားပြီး စိုက်ကြည့်နေသည်..။
"ဘာလည်း ပြောလေကွာ…"
"မကောင်းပါဘူး အဖေရာ…"
"ဟာ..ဒီကောင်.."
"အဟဲ…ညဆို ဓာတ်ပုံ ကို တအားဖက်လို့ မနွေးဘူး စောင်ခြုံ အိပ်ပါတဲ့…ပြီးတော့….တအားမမွှေးနဲ့ ရှက်တယ်တဲ့…"
"ခွေးကောင်လေး.."
"ဟာ..တကယ်ပါဆို…"
"အမေက ဘာအရောင်လေး ၀တ်ထားလည်း.."
အဖေက စစ်ဆေး သလို မေးလာတော့ ဒီပါ တစ်ချက် တွေးလိုက်ပြီး တစ်ခါ က အဖေ ပြောပြဖူးသည့် အမေ က အသားရောင် ၀တ်စုံ လေးနဲ့ လှတယ် ဆိုတာ သတိရသည်..။
"ဇာ အကျီ င်္ အသားရောင်လေး…လုံချည်က လည်း လိုင်းစင်းတွေပါတယ်…"
"ဟုတ်..ဟုတ်တယ်…အဲဒါ သူ့ဆီမှာ ရှိတယ်…သားသားနားနား ပဲလား..ဟင်..ဘာတွေ တောင်းဆိုလည်း.."
"အဖေက အမေ့ အတွက်နေ့တိုင်း ကုသိုလ်တွေ လုပ်ပေးနေတာ အမေ က စိတ်ချမ်းသာနေမှာပါ…အမေ့စကား နားထောင်နော် အဖေ.."
"အေးပါကွာ.."
အဖေက တကယ်ယုံသွားတော့ ဒီပါ တစ်ချက်ပြုံးပြီး ထိုင်ခုံကို ခေါင်းမှီခါ မျက်လုံးမှိတ်ထားလိုက်သည်..။
"ဟွင်း.."
မျိုးချစ် ဘေးက သားဖြစ်သူ လူယုတ်ကလေးကို ကြည့်ပြီး ကြည်နူးစွာ ပြုံးလိုက်မိသည်..။
အဖေ့ အတွက် စိုးရိမ်ပြီး မှာကြားနေတာ သိလို့ နည်းနည်းတော့ ပြုပြင်ဖို့ လိုလာပြီလေ…။
အလိမ်ကောင်လေးရေ…ငါ က မင်း အဖေပါကွလို့ စိတ်ထဲ က ကြွေးကြော်ရင်း လက်ထဲက ဖတ်လက်စ စာအုပ်ကို ပြန်ဖတ်နေလိုက်သည်..။
သား စိတ်ချမ်းသာအောင် နေပေးမှပါလေ…မကြာခင် မေ နဲ့ တွေ့ရတော့မှာ သေချာ နေတော့ သားကို အတက်နိုင်ဆုံး အလို လိုက်ပေးသွားချင်ပါသည်..။
ဘာမှ မတောင်းဆိုတက်တဲ့ သားက ရှားရှားပါးပါး တောင်းဆိုလာတော့  မျိုးချစ် ပြင်ရတော့မည်..။
"ဟင်..အဖေ တကယ် ပြန်မှာလား.."
"အေးလေ…"
"ရောက်တာ…ခဏ မနေဘူး.."
"မရဘူး…စာရွက်စာတမ်းလည်း မစုံဘူး..ကိုမျိုး ကျွန်တော် အပ်ခဲ့မယ်နော်…"
"ကောင်းပါပြီ..စိတ်ချပါ ငါ့ညီ…"
"ကဲသွားပြီဟေ့…မင်း ကလေး မဟုတ်တော့ဘူးနော်…မင်း ယောင်္ကျား…."
"အဖေ….အမေ မှာတာတွေ မမေ့နဲ့နေ်ာ…"
"အေးပါ…"
အဖေက တကယ်ပဲ လေဆိပ်ရောက်အောင် ပို့ပေးခဲ့ပြီး  လေဆိပ်ကပဲ လေယာဉ်နဲ့ ပြန်သွားခဲ့သည်..။
ဒီပါ လိမ်လိုက်တာတွေ အဖေ ယုံသွားသလို အမေလည်း ခွင့်လွှတ် မှာပါလို့ တွေးရင်း တစ်ချက်ပြုံးမိသွားသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ရှည်ကုန်ပြန်ပဟ 😁
မရှည်လို့လည်း မရဘူး မရေးတက်တော့ဘူးလေ 😁
သည်းခံ ခွင့်လွှတ်ပေးကြပါနော် 🙏
ကျော်တယ်လွှားတယ်လေ
မရတော့ဘူး 😁

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 44

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now