Part 17

2K 121 3
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၇)
#မုန်းပါနဲ့ဦး

"ဖိုးဖိုး…ဒီမှာ လိမ္မော်သီးစားပါဦး.."
"အေး…ငါ့သမီးက လိမ်မာလိုက်တာကွာ…သမီး အိမ်မှာချည်းနေရတာ ပျင်းရင် အပြင်လေး ဘာလေးထွက် ပါလား.."
"အချစ်က လျှောက်သွားချင်ပေမဲ့ ဦးဒီက နဲ့ သွားလို့ မရဘူးလေ…"
"ဟုတ်သားပဲ…ကဲ ဒါဖြင့် ရူပါ လိုက်ပို့လိုက်ကွာ.."
"ဗျာ…"
ရူပါက မျက်လုံးပြူးဖြင့် ဗျာလိုက်တော့ စပျစ်သီး အခွံပါးလေး နွှာနေရာမှ ခဏရပ်၍  တစ်ချက်ကြည့်လိုက်သည်..။
"မဖြစ်ဘူး ထင်တယ်..ဖေကြီး…ရူပါက အလုပ်တွေနဲ့လေ…"
"ဖိုးကောင်း နဲ့ သွားပါလား..ပန်းအချစ်ဦး.."
သူမကို ပါ တစ်ဆက်တည်းလှည့်ပြီး ပြောလိုက်တော့ မျက်နှာက အလိုမကျစွာဖြင့် နှုတ်ခမ်းစူ ခေါင်းငုံ့နေတာ သိပေမဲ့ မသိချင်ယောင်သာ ဆောင်ထားလိုက်သည်..။
"ဖိုးကောင်းကို အချစ်က ဘယ်လို ပူဆာမလည်း.."
"လိုချင်တာတွေ ၀ယ်လို့ရအောင် ပိုက်ဆံပေးလိုက်မယ်လေ…"
"နေပါစေတော့…အချစ် မသွားချင်တော့ပါဘူး…"
"ကဲပါ… ကျွန်တော်မျိုး ကိုယ်တိုင် လိုက်ပို့ပါ့မယ်…စိတ်တော် အလိုကျပါရဲ့လား မယ်တော် ပန်းအချစ်ဦးရယ်.."
"ဟင်..တကယ်လား.."
"အင်း…"
"ကျေးဇူးတင်ပါတယ်..ဖိုးဖိုး.."
"ဟေ.."
"ဟား..ဟား…"
"ခုတော့ မဖြစ်သေးဘူး…လဆန်းပိုင်းလောက် အလုပ်ပါးမှ လိုက်ပို့မယ်လေ…"
"ဟုတ်…ရပါတယ်..ကိုရူပါ…"
"အမယ် တယ် လိမ်မာနေတာပဲ…ဟား..ဟား…"
ရူပါ က ရယ်ပြီး ခေါင်းကို ပုတ်ပေးတော့ အပြုံးလေး ဖြင့် ခေါင်းငုံ့နေတာကို ဒီပါ စိတ်ထဲ ဘ၀င်မကျဖြစ်ရသည်..။
ဖေကြီးကတော့ သဘောကျစွာ ပြုံးနေပေမဲ့ ဒီပါ တစ်ယောက်တည်း မှုန်ကြုတ်ကြုတ် မျက်နှာထား ပြောင်းသွားရတော့သည်..။
ဒီပါ့ အနားကို ရောက်တိုင်း မေးခွန်းတွေ အများကြီး မေးတက်ပေမဲ့ အခုနောက်ပိုင်းမှ ရူပါ့ အကြောင်းချည်းသာ ဖြစ်သည်။
"ဦးဒီက…ကိုရူပါ့မှာ ရည်းစားတွေ ရှိလားဟင်.."
"ဘာဖြစ်လို့လည်း.."
"အချစ် သိချင်လို့ပါ…"
"အင်း..ရှိတယ်…"
"မယုံပါဘူး.."
"ဟော..မင်းမေးလို့ ဒီက ဖြေရတာလေ…"
"အရင်က ရှိခဲ့ရင်တောင် ခု မရှိတော့ဘူး ထင်ပါတယ်.."
"ဘာဖြစ်လို့လည်း.."
"အချစ် ရှိနေလို့လေ…ဟိဟိ.."
ဆယ်ကျော်သက် အရွယ် စိတ်လှုပ်ရှားတာမျိုးဆို အပြစ် မဟုတ်ပေမဲ့ မှားယွင်းတဲ့ အတွေးတွေ ခေါင်း ထဲ ရောက်ကုန်မှာ စိုးမိသည်.။
အခုတလော ရူပါ ၀ယ်ပေးထားသည့် မိတ်ကပ်တွေကိုလည်း သုံးနည်းတွေ ဖတ်ခိုင်းပြီး မလိမ်းတက် လိမ်းတက်ဖြင့် လိမ်းနေသည်..။
ရူပါ လာမဲ့ အချိန်ဆိုရင် အပေါ်ထပ်မှာရောက်နေလည်း အလုပ်လုပ်နေရင်း လှစ်ခနဲ ပျောက်သွားတက်ခါ ခြံတံခါး ပြေးဖွင့်ပေးတက်နေပြီ..။
"မုန့်မစားသေးဘူး.."
"ကိုရူပါ မှ မလာသေးတာလေ…"
"အဟား..ဒါဖြင့် အကို မလာရင် မစားပဲ နေမလား.."
"နေမှာပေါ့…အချစ်က တကယ်မစားပဲ ငတ်ခံပြီး စောင့်နေမှာ.."
"နောက်ဆိုရင်တော့ အချိန်လေးစားရတော့မယ်…ဟေ့.."
ရူပါ့ကို စကားပြောတိုင်း ပုံမှန် ရိုးရိုးသားသား ကလေး တစ်ယောက်လို မဟုတ်တော့ပဲ ခေါင်းလေးငုံ့လိုက် နှုတ်ခမ်းလေး ကိုက်လိုက်ဖြင့်  မိန်းမပျို တစ်ယောက်ရဲ့ မပွင့်တပွင့် ဟန်ပန် အမူအယာတွေ လုပ်တက်နေပြီ..။
"ကိုရူပါ ကို ထွက်ကြိုနေတာ…"
"မနေ့က မလာတော့ သတိရပြီး အိပ်မပျော်ဘူး.."
"အဲကောင်မလေးတွေ သိပ်ကဲတာ အချစ် လုံး၀ မကြိုက်ဘူး…ကိုရူပါ စကား ပြန်မပြောရဘူးနော်"
မျက်နှာ အမူအယာ အမျိုးမျိုးနဲ့ အနှောင့်အသွား မကင်းသည့် မူနွဲ့နွဲ့ ဆိုဟန်လေးတွေကို ဒီပါ သတိထားမိတာ ကြာပါပြီ..။
ရောက်ခါစတုန်းက သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ရူပါ့ကို အရူးအမူး အားပေးစွဲလမ်းတက်သည့် ဆယ်ကျော်သက် တစ်ယောက် ရဲ့ ပုံစံလေးမို့ ရိုးရှင်းပါသည်..။
အခုနောက်ပိုင်း..အထူးသဖြင့် ရူပါ သူ့အတွက် အ၀တ်အစားနဲ့ အလှပြင် ပစ္စည်း တစ်ချို့ လက်ဆောင်ပေးပြီး ကတည်းက ပြောင်းလဲသွားတော့သည်.။
ဖိုးဖိုးရှေ့မှာ မသင့်တော်လို့ပါ ဆိုတဲ့ အကြောင်း ပြချက်ဖြင့် အရင်၀တ်နေကျ ဂျင်းဒူးကျ နဲ့ ရှပ် လက်ရှည်တွေအစား ဂါ၀န်  ဝဲ၀ဲလေးတွေကို ၀တ်လာသည်..။
အ၀တ်အစားလဲဖို့ ပျင်းသလို ဒီပါ မပြောရင် နှစ်ရက်လောက် ၀တ်ထားတက်တဲ့ သူက ရူပါ လာခါနီးတိုင်း အ၀တ်အစား ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြေးလဲ တက်နေပြီ..။
ပိန်ပါးသွယ်လျသည့် ကလေးသာသာ ခန္ဓာကိုယ်လေးကို မြန်မာ၀တ်စုံ လေးတွေဖြင့် ကိုယ်ဟန် အလှပေါ်အောင် ၀တ်တက်နေပြီ…။
ကလေး တစ်ယောက်လို လူေ၇ှ့ မရှောင် ဆံပင်တိုတို တွေကို ဆွဲကုတ်တက်သည့် ကောင်မလေးက ဆံပင်ကို မကြာခဏ ဖြီးရင်း ဆံပင် မြန်မြန်ရှည်ချင်နေပြီ လို့ ခဏခဏ ညီးညူ လာသည်..။
ပြဿနာ တက်ပြီး ကတည်းက ကားနဲ့ ပဲ စျေးသွားဖို့ အမိန့်ချလိုက်တော့ မေဖူးနဲ့ ပေါင်းပြီး စင်တာတွေကို လိုက်ပို့ခိုင်းသည်..။
ကလေးအရွယ်နဲ့ မသင့်တော်သည့်  အတွင်း၀တ် တွေကို ဘီဒို အောက်ဆုံးမှာ ထိုးသိပ်ဖွက်ထားခါ ၀တ်တက်နေပြီ..။
အရင်က သူ့ရဲ့ ကိုယ်သင်းနံ့လေး က သဘာ၀ဆန်ပေမဲ့ အခုနောက်ပိုင်း ရူပါ လက်ဆောင်ပေးထားတဲ့ စျေးကြီး ရေမွှေးနံ့ဖြင့် သင်းပျံ့စူးရှလာသည်..။
နှုတ်ခမ်းနီတွေကို နှုတ်ခမ်းပုံ လှလှလေးပေါ်အောင် ဆိုးပြီး ရေချိုးခန်းထဲက မှန် ကို အနမ်း ခိုးပေးတက်နေပြီ..။
ရင်ခုန်တက်စ အရွယ်ငယ်ငယ် ကောင်မလေးတွေရဲ့ အချစ်ကြောင့် ပြောင်းလဲမှု ပုံစံ ကို သူနဲ့ ကျမှ ဒီပါ အသေအချာ သိခွင့်ရတော့သည်..။
ရူပါက မိန်းကလေး ပေါင်းများစွာနဲ့ အလိုက်အထိုက် စကားပြော ဆက်ဆံနေရသူမို့ ဘာမှအထွေအထူး မတွေးတက်သလို ပေါ့ပေါ့ပါးပါးပဲ နေတက်သည်..။
မနေ့က ရူပါ နဲ့ သူ စကားပြောနေရင်း သူ့ကိုယ်သူ အချစ်ကလို့ မပြောတော့ပဲ ချစ်ကလို့ သုံးသွားတာ ရူပါ ဘယ်လိုမှ မနေပေမဲ့ သတိထားမိတဲ့  ဒီပါ က ရင်ပူရတော့သည်..။
"ညီ မပြန်သေးဘူးမလား.."
"ဟုတ် ကိုကို..ဘာခိုင်းမလို့လည်း.."
"မခိုင်းပါဘူး…ဒီက နားချင်နေပြီ…အဲဒါ ညီပဲ ဖေကြီးကို ဆေးတိုက်လိုက်ပါနော်…"
"အင်း….ကိုကိုလည်း ဆေးစစ်ရဦးမယ်နော်…"
"အင်း…မာမီ့ဆီသွားရင်းနဲ့ စစ်လိုက်မယ်လေ…"
"ကောင်းတယ်..ဒါမှ မာမီလည်း စိတ်ချမ်းသာမှာ…သူ့သားလေးကို တစ်နေ့ နှစ်ခေါက် ဖုန်းပြောရတာတောင် လွမ်းနေတုန်းပဲ…"
"အဟွင်း…..ကိုကိုလည်း လွမ်းတာပဲ…ပန်းအချစ်ဦး…လိုက်ပို့ပါလား.."
"ဟင်….အင်း…"
ရူပါ စကားပြောတာကို မျက်လုံး အရောင်လဲ့လဲ့ လေးဖြင့်ငေးကြည့်ရင်း လိမ္မော်သီးစိပ်လေးတွေ အမျှင်နွှင်ခါ ပန်းကန်ထဲ ထည့်ပေးချိန် ဒီပါ ပြောလိုက်တော့ ပြန်ကြည့်ပြီးမှ ခေါင်းညိတ်သည်..။
၀ှီးချဲကို ကိုယ်တိုင် မမောင်းပဲ သူတွန်းပေးတာကို စောင့်နေတော့ ခြေ တစ်လှမ်း ကဋေတစ်သန်း ဟန်ပန်ဖြင့် ခပ်ဖြည်းဖြည်းသာ တွန်းပေးသည်..။
"ဟင်း…"
"ဘာဖြစ်လို့လည်း.."
"ရှင်…ဘာမှ ဖြစ်ပါဘူး…"
"မင်းကြည့်ရတာ စိတ်မချမ်းသာ သလိုပဲ…ဘာလည်း ငါ့ကို လိုက်ပို့ရလို့လား.."
"အင်း..အဲ မဟုတ်ပါဘူး…ဦးဒီက ကလည်း နောက်နေပြန်ပြီ…"
ဒီပါ့ အမေးကို ရယ်သံစွပ်ပြီး ဟန်ဆောင်ဖြေ လိုက်ပေမဲ့ ဒီပါကတော့ သူ့မျက်နှာကို မမြင်လည်း ဘယ်လို ပုံသဏ္ဍန် ဖြစ်နေမလည်း ခန့်မှန်း နိုင်ပါသည်…။
"အိပ်မလား ဟင်.."
"မအိပ်ချင်ဘူး…ငါတို့ ကြည့်လက်စ ဇာတ်လမ်းတွဲ ဆက်ကြည့်မလား.."
"အင်း.."
ဒီပါက အားတက်သရော ပြောလိုက်ပေမဲ့ အင်းဆိုတဲ့ ခပ်ငိုင်ငိုင် အသံ  နဲ့ အတူ တီဗွီ ခလုတ်ကို ဖွင့်သည်…။
"လာလေ…ကုတင်ပေါ်တက်ကြမယ်.."
"ဦးဒီက တက်ပါ..အချစ် ပူလို့…"
ဒီပါ ခေါင်းညိတ်လိုက်ပြီး ဝှီးချဲကို နေရာပြောင်းတော့ လက်ပိုက် ငေးကြောင်ခါ တီဗွီကို စိတ်မပါပဲရပ်ကြည့်နေသည်..။
ဒါ သူပုံစံ မှ မဟုတ်တာပဲ…သူ့ပုံစံ အစစ်က ရူပါ မရှိလို့ စိတ်နဲ့ ကိုယ်နဲ့ ကပ်နေချိန်ဆိုရင် ဒီပါ တွန့်ခနဲ့ တစ်ချက်ဖြစ်ရင်တောင် ဘာဖြစ်လို့လည်း ဘာလိုအပ်လည်း ဆိုပြီး ပျာနေတက်တာလေ…။
"အ.."
ဒီပါ မနာပေမဲ့ အသံထွက်လိုက်တော့မှ အနားကို သုတ်ခနဲ့ ရောက်လာပြီး ကုတင်ပေါ် ခြေထောက်ရောက်အောင် ခပ် ဖြည်းဖြည်းတင်ပေးသည်..။
"နေကောင်းရဲ့လား ကောင်မလေး.."
"ဟင်…ဟုတ်…"
"မင်း မျက်နှာ ကြည့်ရတာလည်း မကောင်းပါလား.."
"အချစ် ဟိုဟာ ဖြစ်နေလို့…"
တူတူနေ တူတူအိပ်ပြီး  နှစ်ဆယ့်လေးနာရီလုံး အနားမှာ အမြဲနေရသူက ယောင်္ကျားတစ်ယောက် ဖြစ်နေလို့ မသိနားမလည်ဘူး အထင်နဲ့ မိန်းမ သဘာဝြဖင့် ကိုင်ခြောက်လိုက်တဲ့ အခါ ဒီပါ ခေါင်းညိတ်လိုက်ရသည်..။
"အရမ်း ပင်ပန်းနေမှာပဲ…ဆိုဖာမှာ ထိုင်လေ.."
"ဟုတ်…"
မတ်တက်ရပ် လက်ပိုက်ထားတဲ့ သူမ စကားနောက်ကိုလိုက်ရင်း ပင်ပန်းနေမှာပဲ လို့ ပြောပေးလိုက်တော့ တကယ် ပင်ပန်းနေတဲ့သူလို့ပဲ နွမ်းလျလျ မျက်နှာဖြင့် ထိုင်လိုက်သည်..။
"ဆေးသောက်ထားလား.."
"ဟင်..ဟုတ်…"
ဒီပါ တီဗွီကြည့်နေစဉ် ခဏအတွင်း ဖျတ်ခနဲ့ထ ပြေးတော့ အံသြရင်း ဘာများ ဖြစ်လို့ပါလိမ့်လို့ အခန်းတံခါးကို လိုက်ကြည့်နေမိသည်..။
နားထဲကို ၀င်လာတဲ့ ကားစက်သံ သဲ့သဲ့ ကြားတော့မှ သဘောပေါက်တော့သည်..။
အပေါ်ထပ် အခန်းထဲမှာ ရုပ်ရှင်ထဲက စကားသံတွေအကြား  ခြံတံခါး ဖွင့်သံကို သူကြားနိုင်တာ သူ့ရဲ့ အာရုံ စူးစိုက်အားကို ချီးကျူးမိသည်..။
အခန်းတံခါး ဘေးက ဘီဒို ပေါ်လစ် အရောင်လက်လက် ပေါ်မှာ ၀ရန်တာက ရပ်ကြည့်နေတဲ့ သူ ပုံရိပ်ကိုတွေ့နေရသည်..။
ခဏ ကြာတော့ အခန်းဘက်ကို ပြန်လျှောက်လာချိန် ဒီပါ တီဗွီဆီ အကြည့်ပြန်ရွေ့လိုက်သည်..။
"ဦးဒီက.."
"အင်း.."
"ခိုင်းစရာ မရှိရင် အချစ် အောက်ခဏသွားချင်လို့.."
"ဘာယူမလို့လည်း ကောင်မလေး..."
"မယူပါဘူး..ကိုရူပါ ပြန်တော့မယ်…"
"ဟင်…"
ဒီပါ နားမလည်သော ဟန်ဖြင့် မျက်ခုံးတွန့်ခါ မေးလိုက်တော့ အပြစ်ရှိသူလို ခေါင်းငုံ့ခါ အကြည့်တွေကို ရင်မဆိုင် နိုင် ရှာတော့ပေ….။
"အချစ် သွားနှုတ်ဆက်မလို့ပါ.."
"သြော်..သွားလေ…"
"ဟုတ်.."
"နေဦး…ဖေကြီးက ငါ့ကို မေးရင် ဘယ်လိုလုပ်မလည်း…"
"ရပါတယ်..အချစ် ..ဦးဒီက အတွက် ဖျော်ရည် လာယူတာလို့ ပြောလိုက်မယ်လေ…နော်…"
ဒီပါ ခေါင်းညိတ်လိုက်တော့ မျက်နှာက ချက်ချင်း ၀င်းလက်သွားပြီး နောက်လှည့် မကြည့်ပဲ အခန်းထဲက ထွက်သွားတော့သည်..။
ရုပ်ရှင် ထဲမှာ မိသားစု ထမင်းစားနေတဲ့ ဇာတ်၀င်ခန်းပေမဲ့ ဒီပါ သက်ပြင်းချလိုက်မိသည်..။
.
"ဦးဒီက…အဲလို မိန်းကလေး အပြင်မှာ တကယ်ရှိလား.."
"ရှိမှာပေါ့..ရုပ်ရှင် ဆိုတာ လူ့လောက ရဲ့ ပုံရိပ်တွေ ကို အခြေခံပြီး ဇာတ်လမ်း ဇာတ် ကွက် ဖြစ်လာတာပဲလေ…"
"သနားပါတယ်နော်…"
"အဟွင်း..သူက ဒီကားရဲ့ ဗီလိန်ပဲလေ…မင်းက သနားနေတာ မထူးဆန်းဘူးလား…"
"အချစ်ကတော့ သနားတယ်…သူက မင်းသားကို တကယ်ချစ်ရှာတာလေ…"
"တကယ်ချစ်ပေမဲ့ စည်းဘောင်တွေကို ကျော်ပြီ ချစ်တော့ သူ့ အချစ်ပါ တန်ဖိုးမဲ့ သွားတာပေါ့…"
"သူက ဘာလုပ်လို့လည်း.."
ဒီပါ ရှင်းပြတာကို အလိုမကျသလို နှုတ်ခမ်းစူပြီး ပြောတော့ နှုတ်ခမ်းကိုက်လျက် ပြောရမဲ့ စကား ကို ကြိုစဉ်းစားရသည်..။
တကယ်တော့ ဒီလို ရုပ်ရှင်တိုင်းမှာ ဗီလိန် မင်းသမီး တစ်ယောက်တော့ ပါသည်လေ…။
အခုလည်း မင်းသားက အရက်မူးတာကို ဗီလိန်က ဇာတ်လမ်းလုပ်ပြီး အပိုင်ကြံတဲ့ အခန်း…။
"မင်းသမီးက မိန်းကလေး တစ်ယောက် ရှိသင့်ရှိထိုက်တဲ့ တန်ဖိုးကို စိတ်ခံစားချက် ကြောင့် လျော့ချလိုက်တာ သူ့ရဲ့ ပထမဆုံး အမှားပဲ…"
"ဟင်.."
"ရုပ်ရှင် အစ မှာ မင်းသားက သူ့ကို လေဆိပ်မှာ သွားကြိုတော့ အတင်းဆွဲဖက်ပြီး နမ်းလိုက်တယ်လေ…ပျော်ပျော်နေတက်တာနဲ့ ပေါ့ပေါ့ နေတက်တာ မတူဘူး.. ပျော်ပျော်နေတက်တာက ချစ်ဖို့ကောင်းတယ်…ဥပမာ အသက်ကြီးကြီး မိန်းမ တစ်ယောက်က ကလေးတွေနဲ့ ပေါင်းသင်း ရုပ်ရှင် လိုက်ကြည့်တယ် စနောက်နေတယ် ဂိမ်းတွေဆော့မယ်..အဲလိုတွေ့ရင် အသက်ကြီးမှ ကြီးပေါကြီး လို့ပြောတယ်..ခပ်ပေါပေါ နေတက်တယ်လို့လည်း သုံးတယ်…ဒါပေမဲ့ အပေါစားဆန်တယ်လို့ ပြောချင်တာ မဟုတ်ဘူး…လောကကြီးက သူ ပျော်ပျော်နေတက်တာကို အသိအမှတ်ပြုတယ်..ဒါကြောင့် ပျော်ပျော်နေတက်တဲ့ မိန်းကလေးတစ်ယောက်ကို  တစ်ဘ၀လုံး နှစ်သက်မြတ်နိုး တန်ဖိုးထားပြီးချစ်မဲ့ ယောင်္ကျားတစ်ယောက်လောက် ဖြစ်ဖြစ် ရှိလိမ့်မယ်...…အင်း..ဒီလိုမှ မဟုတ်ပဲ မိန်းမတစ်ယောက်ရဲ့ ရှိသင့်တဲ့ မာန အရှက် သိက္ခာတွေ ကျဆင်းတဲ့ အထိ အပြောအဆိုမှာ ဖြစ်ဖြစ် အပြုအမူမှာ ဖြစ်ဖြစ် ပေါ့ပျက်ပျက် နိုင်နေရင်တော့ သူက အပေါစား မိန်းမ ဖြစ်သွားကော …အဲလို ပေါ့ပေါ့ နိုင်တဲ့ မိန်းကလေးမျိုးကို ယောင်္ကျားတွေကလည်း ပေါ့ပေါ့ပဲ သဘောထားတယ်…လိုအပ်မှု တစ်ခုကြောင့် ခင်မင်ရင်းနှီးနေရတယ် ဆိုရင်တောင် သူ တို့ စိတ်ထဲမှာ အဲဒီမိန်းမရဲ့ တန်ဖိုး လုံး၀ဇီးရိုးပဲ… တစ်သက်လုံး တန်ဖိုးထားရအောင် အဲဒီ့မိန်းမဆီမှာ တန်ဖိုးမှ မရှိတာပဲလေ…"
"တကယ်တော့ မင်းသမီးက ချစ်လို့ ပျော်လွန်းလို့ အဲလို လုပ်မိတာပါ.."
ငယ်ရွယ်သူ တစ်ယောက်ကို သဘောပေါက်အောင် ရှင်းပြရတာ ပထမဆုံး မို့လို့ သေချာ စဉ်းစားပြီးမှ ပြောခဲ့ပေမဲ့ သဘောမပေါက်သူ မရွှေခဲ ကြောင့် စိတ်ညစ်ချင်သလို ဖြစ်သွားရသည်..။
ကိုယ် အာညောင်းအောင်ရှင်းပြခဲ့ပေမဲ့ သူ့မှာ မေးခွန်းတွေ ကျန်နေဆဲပင်…။
"ပန်းအချစ်ဦး ကို မေတ္တာ ရှိနေတဲ့ ကောင်လေး တစ်ယောက်က အပြင်မှာ ပန်းစည်းလေး နဲ့ ရပ်စောင့်နေမယ်…မင်းက ခြံ ပြင်ရောက်တာနဲ့ ဆွဲဖက်ပြီး နမ်းမယ်..ပြီးရင် မင်းကိုချစ်လို့ပါ ဆိုပြီး ပန်းစည်းလေး ပေးရင် မင်း ကျေနပ်မလား.."
"အဲဒါ…."
"အဟွင်း..ငါ့ အထင်တော့ အဲဒီ့ကောင်လေး ဆေးရုံရောက်နေလောက်ပြီ…"
"ဟုတ်တယ်လေ…လုပ်မှာပဲ…"
ဒီပါ့ စကားကို နှုတ်ခမ်းမဲ့ ပြီး ထောက်ခံပြလိုက်တော့ တစ်ချက်ပြုံးမိပြီးမှ..
"အဲလိုပဲပေါ့…ငါတို့ ယောင်္ကျားလေးတွေလည်း မကြိုက်ဘူး..ကိုယ်ချစ်တဲ့သူ နမ်းရင်တော့ ပျော်မှာပေါ့လေ…မိန်းမဆိုတဲ့ အားနည်းချက်ကြောင့် ဘာမှ ပြန်လုပ်ပြန်ပြောဖို့ မလွယ်ပေမဲ့ စိတ်ထဲမှာတော့ ဘယ်ကြိုက်မလည်း…မဟုတ်ဘူးလား…"
"အချစ် အပေါစား မဟုတ်ပါဘူး..ဖုန်းပေးတုန်းက ဒီတိုင်း ပျော်ပြီး စိတ်လွတ်သွားလို့ပါ"
"ဟင်.."
ဒီပါ ရှင်းပြမိခါမှ သူ့လုပ်ရပ်နဲ့ သွားတိုက်ဆိုင်နေတော့ ပြန်ပြင်ပြောဖို့ စကားရှာမရ ဖြစ်ရတော့သည်..
တော်တော်လေးကို အတွေးရှုပ်တက်တဲ့ ကောင်မလေး…။
"ငါ့နေရာမှာ တခြားသူ ဆိုလည်း ဒီလို လုပ်မလား.."
"ကိုရူပါ ရယ်…ဦးဒီက ရယ် နှစ်ယောက်တည်းပါ…"
"ဟင်..ရူပါ့ကိုလည်း လုပ်တယ်.."
"အင်း အိမ်ကိုရောက်တော့ ပျော်ပြီး ဖြစ်သွားတာပါ…ပြီးတော့ ဖုန်းရတော့ တစ်ခါ အချစ် ဘ၀မှာ အပျော်ရဆုံး နှစ်ခါတည်း ရှိတာပါ…"
"ကောင်းတယ်…အနာဂတ်မှာ မင်း မတော်တဆ ထီပေါက်ရင် လာ အကြောင်းကြားပေးတဲ့ ဦးလေးကြီးကိုလည်း ပြေးနမ်းမဲ့ ပုံပဲ…"
"ဦးဒီကနော်…"
ဒီပါ့ကို နှုတ်ခမ်းကိုက်ပြီး မျက်မှောင်လေးကြုတ်ခါ မကျေမနပ် ဆိုက်ကြည့်နေတော့ ပြုံးလိုက်မိသည်..။
အခုမှပဲ ကလေး ဆန်တဲ့ အမူအယာလေးတွေ ပြန်တွေ့ရတော့တာလေ…။
"မင်းအရွယ်က စိတ်ခံစားချက်တွေကို မြိုသိပ်တက်ရမဲ့ အရွယ်ရောက်နေပြီ..ပန်းအချစ်ဦး..ဆယ်ကျော်သက်တွေ ရဲ့ အမှားက အယုံလွယ်တယ်…ထင်ရာစိုင်းတက်တယ် အချိန်ဖြုန်းတက်ပြီး…ခံစားချက်ကို မထိန်းချုပ်နိုင်သလို..သူတစ်ပါးကို နားမလည်တက်ဘူးတဲ့…ငါတော့  မင်းဆီမှာ ဒီ အချက်တွေ အားလုံးတွေ့ပြီးပြီ.."
"ဟင်..ဘယ်မှားလို့လည်း.."
မျက်နှာ စူပုတ်ပုတ် ကလေး က တစ်ဆင့်တက်ပြီး မျက်နှာ တည်တည် လေး နဲ့ မေးတော့ ဒီပါ ခေါင်းကို ပုတ်မိသည်…။
"အယုံလွယ်လို့…မဟုတ်ဘူး..မင်းက လောဘကြောင့်ပါ ကျောက် သမား အလိမ်ခံရပြီးပြီ..ထင်ရာစိုင်းတာကတော့ ပြောစရာတောင် မလိုဘူး..ဘာပဲ လုပ်လုပ် ထင်ရာစိုင်းနေတာပဲမလား..ဖုန်းနှိပ်ရင်း အချိန်ဖြုန်းလွန်းလို့ ဘယ်နေ့ မျက်မှန်လေးနဲ့ ဖြစ်မလည်း မသိဘူး..ခံစားချက် မထိန်းချုပ်နိုင်လို့…ချစ်ရင် ချစ်တယ်..မုန်းရင် မုန်းတယ်…ကြည့်မရရင် မရဘူးလို့ ချက်ချင်းပြောထွက်နေတာပေါ့…
ခံစားချက် အတိုင်း လက်ပါလိုက်လို့ ဖြေရှင်းခဲ့ရပြီးပြီ...
တစ်ဖက်သားရဲ့ ခံစားချက်ကိုလည်း မင်း နားမလည်သေးဘူး.."
နောက်ဆုံး တစ်ချက်ကိုတော့ ဒီပါ နောက်ဆက်တွဲ သက်ပြင်း တစ်ချက်နဲ့ အတူ ရင်မောစွာ ပြောလိုက်မိသည်..။
"….."
ငြိမ်သက် တိတ်ဆိတ်နေတဲ့ ကောင်မလေးကို ငေးရင်း သူနားလည် သဘောပေါက်အောင် ကြိုးစားချင်ပါသေးသည်..။
" မင်းက ကလေး လိုပဲ ဖြူစင်လွန်းပါတယ် ပန်းအချစ်ဦး…ဒါကြောင့်  မင်းသေချာ မသိသေးတဲ့ လောကကြီးမှာ စိတ်ကူးယဉ်ပြီး အမှားတွေ လျှောက်လုပ်မိမှာ စိုးရိမ်တယ်…မင်းမှာ အနီးကပ် သွန်သင်ပြသ ပေးခဲ့တဲ့ မိဘလည်းမရှိသလို ပညာနဲ့ လောက အကြောင်း သင်ပြပေးတဲ့ ကျောင်း ဆိုတာလည်း မင်း မနေချင်ဘူး..ဒါကြောင့် အခုလို ကိုယ့်ကိုယ်ကို မထိန်းမတ်နိုင်ခင် အချိန်လေးမှာ ဘာပဲ လုပ်လုပ် စဉ်းစားပါ မစဉ်းစားတက်ဘူးဆိုရင် ..အကို တစ်ယောက်လို သဘောထားပြီး ဒီက ကို ပြောပါ…ဟုတ်လား.."
"အင်း…"
"သူတို့ ဘာဆက်ဖြစ်မလည်း မသိဘူး.."
ရုပ်ရှင် တစ်ပိုင်း ပြီးသွားတော့ ဒီပါ ကို မေးပင့်ပြီး ကြည့်ခိုင်းခါ မေးခွန်း နောက်တစ်ခု ထပ်မေးသည်..။
ဒီပါ သက်ပြင်းချပြီး တီဗွီကို လှမ်းပ်ိတ်လိုက်ခါ သူမ ခြေထောက်ပေါ်  စောင်လွှမ်းပေးမိသည်..။
"မင်းသားလည်း စိတ်ညစ်ရမယ်…မင်းသမီးကို မုန်းတီးမယ်…အချစ်က ရယူ ပိုင်ဆိုင်ခြင်းဆိုတဲ့ အတိုင်း ကြိုးစားခဲ့တဲ့ မင်းသမီးက တစ်သက်လုံး အချစ်မေတ္တာမရပဲ နောင်တတွေနဲ့ ရှင်သန်သွားရလိမ့်မယ်.."
"ဟင်း…"
"စိတ်ညစ်ဖို့ ကောင်းတယ်မလား…ဒီက အသိ ထဲမှာ အဲလို အတွဲ တစ်တွဲရှိတယ်…မိန်းကလေးက အချစ်မခံရတဲ့ အပြင် အဲဒီ့ ယောင်္ကျား စိတ်ညစ်စရာ ကြုံရတိုင်း မိန်းမ ကြောင့်ဆိုပြီး ရိုက်တယ်တဲ့လေ…ချစ်တဲ့ သူဆီက အချစ်ပြန်ခံရတာပဲ ကောင်းတယ်မလား…အဲလို လုပ်လိုက်ရင် အချစ်ဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး.."
"ဒါပေမဲ့….ကိုယ် ချစ်ရတဲ့ သူကို အမြဲတွေ့နေရမယ် မလား.."
"ကိုယ်က ချစ်ပေမဲ့ သူ မှ မချစ်တာလေ…
ကိုယ့်ကို မချစ်တဲ့ သူနဲ့ နေရတဲ့ အခါ အသက်မရှိတဲ့ သူနဲ့ နေရသလိုပဲ ချစ်နေရတဲ့ သူကို အမြဲတွေ့နေရတာ စိတ်ဖြေစရာ တစ်ခု ဖြစ်ပေမဲ့ ကြည့်ရင်းကြည့်ရင်း နာကျင်စရာတွေပဲ များလာပြီး ကိုယ်ပဲ ပင်ပန်းရတယ်…"
"ဦးဒီက ရဲ့ အချစ်အကြောင်း ကလည်း
စိတ်ညစ်စရာချည်း ပဲ ပြောနေတယ်…"
" မှားယွင်းနေတဲ့ ဆုံးဖြတ်ချက် တစ်ခုမှာ ပျော်စရာမှ မရှိတာ ကောင်မလေးရယ်…"
"အင်း…အချစ် အိပ်တော့မယ်…"
ဒီပါ ဘေးမှာခွေခွေလေး လဲချ အိပ်လိုက်တဲ့ သူမလေးကို ငေးရင်း သနားကရုဏာ ဖြစ်မိသည်..။
ဘယ်လောက် သန်မာပါတယ်ဆိုတဲ့ မိန်းကလေးပဲ ဖြစ်ပါစေ…
သူ့အတွက် အားကိုးခိုလှုံရာ အဖြစ် တစ်စုံ တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ ရင်ခွင်ကျယ်ကို မသိစိတ်က တောင့်တမိတက်တယ်တဲ့လေ…။
အားနွဲ့တဲ့ မိန်းကလေးတစ်ယောက် အတွက် သန်မာတဲ့ လက်တစ်စုံရဲ့ အကြင်အနာ အယုအယ အချော့ အမြူ အထွေးအပိုက်တော့ လိုအပ်ဦးမှာပဲ…။
ဒါပေမဲ့ မနူးညံ့တက်တဲ့ တစ်ဇွတ်ထိုး ဆန်ဆန် ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်က ဘာတွေ များ လိုအပ်နေမလည်း ဆိုတာ ဒီပါ မတွေးတက်ပါ…။
"ကောင်မလေး …"
အိပ်ချင်ယောင် ဆောင်နေတာ ဒါမှ မဟုတ်ရင် တစ်ခုခု ကို တွေးတောနေတာ သိလိုက်တော့ ဆက်မခေါ်တော့ပဲ စောင်ထူထူ ကို ပခုံးအထိ လွမ်းခြုံပေးလိုက်သည်..။
မင်းရဲ့ နုနယ်တဲ့ နှလုံးသားလေး နာကျင်မှာ စိုးလို့ ဖွင့်မပြောရက်တဲ့ အမှန်တရား တစ်ခုရှိနေသေးတယ်...။
မင်း ဘာတွေ လိုအပ်နေလည်း ပြောပါ ရူပါ မပေးနိုင်ပေမဲ့ ဒီက ပေးနိုင်အောင် ကြိုးစားပါ့မယ် ကောင်မလေးရယ်..။
.
"ကောင်မလေး.."
"ဟင်.."
အချစ် မနက်စာ စားပြီး သောက်ဖို့ အတွက် ဆေးထုတ်နေရင်း ခေါ်လိုက်တော့ မျက်လုံးလှန်ကြည့်ပြီး ပြန်ထူးသည်..။
"ရူပါ့ ကို မခေါ်နဲ့တော့ မနက်ဖြန် ဒီက နဲ့ တူတူသွားမယ်.."
"ဟို..ဦးဒီက ခြေထောက်…"
"ရတယ်…ကားပေါ်က စောင့်မယ်လေ…မေဖူးကိုလည်း ခေါ်သွားပေါ့.."
"အချစ်က…"
"ရူပါ အလုပ်တွေ အရမ်းများနေတယ်…သူက အပြင်မှာ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရတဲ့ သူ မဟုတ်ဘူး..မီဒီယာတွေက အမြဲရှိနေကြတယ်…ဖေကြီးကို ကြောက်ရလို့ လိုက်ပို့ပေမဲ့ အားနာဖို့ကောင်းတယ်လေ…"
"ဟုတ်.."
အချစ် မအီမလည် ဖြင့် ခေါင်းညိတ်လိုက်ပြီး ဆေးတွေကို အိတ်ကလေးထဲ ထည့်ခါ ခုံပေါ် တင်လိုက်သည်..။
"ဦးဒီက ဘာခိုင်းဦးမလည်း ဟင်…"
"မခိုင်းပါဘူး..ထိုင်လေ.."
"ဟုတ်…"
ဦးဒီက စာအုပ်ဖတ်နေချိန်ဆို အချစ် အနားမှာ ဖုန်းနှိပ်နေကျမို့လို့ ထိုင်ခိုင်းပေမဲ့ အချစ်မှာတော့ စိတ်ထဲ တစ်မျိုးဖြစ်နေသည်..။
ကိုကို နဲ့ အပြင်သွားချင်လို့ တမင်တကာ အစီအစဉ်တွေ ချပြီး အဖိုး ကြားလောက်အောင် ကြီးကြီးကို ညီးပြနေခဲ့ရတာလေ…။
အခုတော့ အဖိုးကလည်း သွားခွင့်ပြုပြီး ကိုကို ကလည်း ခေါ်သွားမယ် ဆိုကာမှ ဦးဒီက က တစ်မျိုး..။
အဲ လူကြီး အခုတလော ဘာဖြစ်နေမှန်းကို မသိဘူး..။
ကိုကို လာတဲ့ အချိန်ဆိုရင် အချစ်ကို တစ်ခု မဟုတ် တစ်ခု ခိုင်းတော့သည်..။
စာအုပ်ကျန်ခဲ့လို့က စပြီး အပေါ်ထပ် ရေချိုးခန်းထဲ ဆပ်ပြာဘူး အသစ်ထည့်ပါဦးဆိုတာက အထိ ကိုကိုလာတဲ့ အချိန်ကျမှ သူ သတိရတော့သည်..။
အချစ်မှာ ကိုကို့ မျက်နှာလေး ကို ငေးစိမ့်ကြည့်နေချင်ပေမဲ့ တစ်ခုချင်းစီ ထလုပ်ရတာ စိတ်မရှည်..။
ပြန်ပြောဖို့ကလည်း မကောင်းတော့ ငြိမ်နေရပေမဲ့ မကျေမနပ်တော့ဖြစ်သည်…။
အချစ် အတွက် ကိုကို က ဂါ၀န်လေး သုံးထည် မိတ်ကပ် ပစ္စည်းတွေ လက်ဆောင်ပေးသည်..။
လက်ဆောင် အိတ်တွေ ပေးရင်း "လှသွားတော့မှ မချစ်တော့ဘူးဆိုရင် ထုမှာနော် " တဲ့လေ…။
ဒါဆို ကိုကိုက အချစ် ချစ်နေတာကို သိလို့ပေါ့..ကိုကိုကလည်း အချစ်ကို ချစ်လို့ သာ ပစ္စည်းတွေ လက်ဆောင်ပေးတာလေ..။
မေဖူးဆို အကိုလေး အကိုလေး နဲ့ လိုက်ပြီး ချွဲနေတာတောင် ဘာမှ ၀ယ်မပေးဘူးလေ..။
အချစ် နှလုံးသားထဲက အသည်းလေးကို ကိုကို လို့ ပြောင်းခေါ်နေမိတာကြာပြီ..။
အိပ်မက်ထဲမှာ အချစ်က ကိုကို့ရင်ခွင်ထဲမှာရောက်နေခါ ကိုကို က နဖူးကို နမ်းပေးသည်..။
အချစ်က အသည်းလေးလို့ခေါ်တော့ ကိုကိုက အဲလို မကြိုက်ဘူး ကိုကိုလို့ ခေါ်ရမယ်တဲ့လေ…။
အိပ်ယာနိုးကတည်းက ကိုကိုလို့ပဲ သတ်မှတ်လိုက်ချိန် ကိုကိုက လက်ဆောင်တွေ ၀ယ်လာပေးတော့ အမှတ်တရလေး ဖြစ်သွားသည်..။
"ဘာဖြစ်လို့လည်း.."
"ဟင်.."
အချစ် စိတ်ထဲမှ စကားလုံးတွေက ဦးဒီကရဲ့ မေးခွန်းကြောင့် ပျောက်ကုန်ပြီး ကြောင်တောင်တောင်လေး ပြန်ကြည့်မိသည်..။
"ဟောဗျာ…ထိုင်ပါဆို ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေတယ်.."
"သြော်..ဟုတ်…"
အချစ် ဘေးနားက ခုံမှာ ၀င်ထိုင်လိုက်ပြီး ဦးဒီက ဖတ်လက်စ စာအုပ်သုံးအုပ်ကို စာရွက်ခေါက်ကလေး ညှပ်ခါ မှတ်ထားတာ တွေ့တော့ စပ်စုချင်လာသည်…။
"ဒါကြည့်လို့ရလား ဟင်.."
"အင်း..မှတ်ထားတာတွေ့ မရွေ့နဲ့.."
"ဟုတ်ကဲ့…"
အချစ် စာအုပ်ကို စိတ်မ၀င်စားစွာလှန်လိုက်ပြီး စာရွက်ခေါက်ကလေး ထည့်ထားတဲ့ စာမျက်နှာမှ စတင် ဖတ်မိသည်..။
စာတစ်မျက်နှာကို မကျော်ပဲ စိတ်ရှည်ရှည် ဖတ်ကြည့်ပြီးတဲ့နောက်မှာ စာရွက်တွေကို အထပ်ကလေးလုပ်ပြီး ဆော့သလို လှန်ပစ်လိုက်သည်..။
ရောက်ပါပြီ အချစ် ဖတ်ချင်နေတဲ့ နောက်ဆုံး စာမျက်နှာ ….။
အချစ် စာတွေကိုမကျော်ပေမဲ့ စိတ်လောအားကြီးစွာ ဖတ်မိသည်..။
လူကြီးသူမရဲ့ စကားကို နားမထောင်ပဲ တဇွတ်ထိုး ဆန်တက်တဲ့ ကောင်လေးရဲ့ ဇာတ်သိမ်းက ဘာများ ဖြစ်နေမလည်း..
"ဟင်…သူ့အဖေနဲ့ ပြန်တွေ့သွားတယ်…ဟုတ်လား.."
အချစ် စကားကြောင့် ဦးဒီက က စာအုပ်ဖတ်နေရင်းက အချစ်ကို ငုံ့ကြည့်ပြီး မျက်ခုံးတွန့်ခါ
"အင်း..စာတွေကို ကျော်ဖတ်ပစ်တယ်နော်…"
"အချစ် သိချင်လို့ပါ…"
"ဂျိုးက သူ့အဖေနဲ့ ပြန်တွေ့သလို အဖိုးတန်တဲ့ အာမခံ သေတ္တာလည်း ပါလာတယ်လေ…"
"အချစ်ကတော့ ဂျိုးကို အားကျလိုက်တာ…သူက အသက်ငယ်ငယ် ကလေး တစ်ယောက်ပေမဲ့ မစဉ်းစားပဲ ဆုံးဖြတ်ထားတဲ့ အတိုင်း ဇွတ်လုပ်လိုက်လို့ အားလုံးအတွက် အဆင်ပြေသွားတာလေ…"
"ဟင်း…အဲလို မဟုတ်သေးပါဘူး..ရွှေခဲရယ် မင်းမှားနေပြီ.."
"ရွှေခဲ မခေါ်ပါနဲ့ဆို.."
အချစ် နှုတ်ခမ်းစူ မျက်ခုံးတွန့်ပြီး ပြန်ခံပြောလိုက်တော့ ဦးဒီက ပြုံးပြန်သည်..။
ဘာမှန်းကို မသိဘူး… နှစ်ယောက်တည်း ရှိချိန်တိုင်း နာမည် မခေါ်တော့ပဲ လူနာမည် မဟုတ်တဲ့ ရွှေခဲလို့ ခေါ်တာ အချစ် လုံး၀ မကြိုက်ပါ..။
အချစ် မကြိုက်တာ သိတော့ ဦးဒီက က အမြဲခေါ်တော့သည်..။
"မင်းမှာက မေးခွန်းတွေ အမြဲများနေတာကိုးကွ…"
"အချစ်ပြောတာ မဟုတ်ဘူးလား.."
အချစ် မေးငေါ့ပြီး စာပ်အုပ်ကို ပုတ်ပြ တော့ ခေါင်းညိတ်၍ လက်ပြခါ ရပ်ခိုင်းသည်..။
"ဂျိုး မို့လို့ ပြန်လာရတယ်လို့ မထင်ဘူး..ဂျိုးကို အတုယူပြီး ကလေးတစ်ယောက်က အဲလို လုပ်သွားရင် အသက် ဆုံးရှုံးဖို့ ရာခိုင်နှုန်းများတယ်…ဒါကြောင့် ၀တ္ထု တစ်အုပ်လုံးမှာ ခက်ခဲမှုတွေ ပြဿနာတွေ ကြောက်စရာတွေနဲ့ ပုံဖော်ထားတယ်…ကလေး တစ်ယောက် မပြောနဲ့ ဖတ်နေတဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်တောင် ကြောက်ရတယ်… ရင်တုန်ရတယ်…ဒီစာအုပ်ကိုသာ အိမ်ပြေးလေး တစ်ယောက် အစအဆုံး ဖတ်ခဲ့ရင် ဂျိုးလိုမျိုး ပင်လယ်ထဲ ထွက်ဖို့ ဆုံးဖြတ်ရဲတော့မှာ မဟုတ်ဘူး…စာသင်ခန်းထဲပဲ ပြန်သွားလိမ့်မယ်…"
"အချစ်က အဲ့ဒါကြောင့် အစအဆုံး မဖတ်တာပေါ့…"
"အတွေးမလွဲနဲ့ သေချာ ဖတ်ကြည့်ဦး.."
အချစ် ခေါင်းကို ပုတ်ပြီး ပြောတော့ ခေါင်းညိတ်လိုက်ရပေမဲ့ စိတ်ထဲက ဆုံးဖြတ်ချက်ကို မပြင်တော့ပါဘူး..။
"အချစ် အောက်ထပ်သွားလိုက်ဦးမယ်.."
"အင်း.."
အချစ် ဖုန်းယူပြီး အောက်ထပ်ရောက်တော့ ခြံထဲကို ဆက်ဆင်းလာခဲ့လိုက်သည်..။
ပန်းပင်လေးတွေ ကြားထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်နေမိသည်..။
"ဟလို.."
"ဟလို…ကိုရူပါ လား အချစ်ပါ…"
"သြော်..ညီမလေး ပြောလေ…"
"အခု အားလားဟင်.."
"အားလားဆိုတော့……အင်း အားပါတယ် ဘာဖြစ်လို့လည်း.."
"အချစ် ပြပွဲသွားကြည့်ချင်လို့….ကန်တော်ကြီးမှာ ဒီနေ့ နောက်ဆုံးတဲ့လေ.."
"သြော်…စာအုပ်ပြပွဲလား.."
"ဟုတ်.."
"ဟုတ်တယ်..ဟုတ်တယ်…အခုလာခေါ်မယ်နော်…"
အချစ် ဖုန်းချလိုက်ပြီး နှုတ်ခမ်းကိုက်ခါ အပျော်တွေကို မြိုချနေရတော့သည်..။
ဟူး..တော်ပါသေးရဲ့ အဆင်ပြေလို့…။
"အဟမ်း…"
စာဖတ်ခန်းကို ကျော်လာပြီး အချစ် အခန်းထဲ ၀င်ခါ လော့ခ်ချ၍ အ၀တ်အစားတွေ ရွေးနေမိသည်..။
မသိမသာနဲ့ လှမဲ့ အ၀တ်အစားမျိုးရွေးမှ ဖြစ်မည်..။
တော်ကြာ အ၀တ်အစား အသစ်ဆိုတာ သိရင် ဦးဒီက က စပ်စုနေမှ ဒုက္ခ….။
"ရွှေခဲ ဘယ်ကိုလည်း.."
"ဟင်..ဘာဖြစ်လို့လည်း.."
"မသိဘူးလေ…မင်း အ၀တ်အစားတွေ အပြေးအလွှား လဲနေလို့ပါ.."
"အောက်မှာ အပင် ရေလောင်းရင်း စိုသွားလို့…"
"သြော်..ရေသုတ်ဦး.."
"ဟုတ်.."
အချစ်ကို လှမ်းပြောပြီး စာဖတ်မပျက်တဲ့ ဦးဒီက ကြောင့် သက်မချနိုင်တော့သည်..။
တော်တေ်ာ မျက်စိ လျှင်တဲ့ ဦးလေးကြီး..။
အချစ် ဖွက်ယူလာသည့်ပေါင်ဒါ ဘူးကို မီးဖိုခန်းထဲ ၀င် လိမ်း၍ နှုတ်ခမ်းနီ ပါးပါး ဆိုးရသည်..။
"သြော်…အဖိုး ရှိတာပဲ…"
"အေး..မင်းက ဘာဖြစ်လို့လည်း.."
"မဖြစ်ပါဘူး..စာအုပ်ပွဲတော် နောက်ဆုံးနေ့ဆိုတော့ ပန်းအချစ်ဦး  သွားချင်တယ်ဆိုလို့ လာခေါ်တာပါ.."
"သြော်…အေး…သွားလေ…မေဖူးရေ…. မြေးမလေးကို သွားခေါ်ချေ…"
"အချစ် ဒီမှာပါ…"
"အင်..အင်း…ငါ့သမီးက မြန်မာ ၀တ်စုံလေးနဲ့ကျတော့ ကျက်သရေ ရှိသားဟ…သွား…သွား.."
"ဟုတ်ကဲ့…ဖိုးဖိုး.."
အချစ် ခပ်ရို့ရို့လေး ထွက်လာခဲ့ခါ ကားပေါ်ရောက်တော့မှ သက်ပြင်းချနိုင်တော့သည်..။
တော်ပါသေးရဲ့…။
"ဆောရီး ညီမလေးရယ်…အကို လိုက်လို့မရဘူး…လူအရမ်းများတယ်…"
"ဟင်…အင်း…ရပါတယ်…ကိုကို..အဲ ကိုရူပါရဲ့…ကျေးဇူးတင်ပါတယ်နော်.."
အချစ် ရောက်ပြီးမှတော့ မထူးစိတ်ဖြင့်  ကားပေါ်က ဆင်းခါ စာအုပ်တန်းတွေကြား တစ်ယောက်တည်း လျှောက်နေရသည်..။
ဦးဒီက ပြောတာကို မယုံချင်လို့ ဖြစ်တာလေ…။
အခုတော့ စိတ်ကူးယဉ်ခဲ့သမျှ တက်တက် စင် အောင် လွဲပါပြီလား..မိရွှေခဲ ရယ်…။
အချစ် စိတ်ကူးယဉ်ထားတာက မရောက်ဖူးတဲ့ နေရာတွေ ကို ကိုကို လိုက်ပို့ အချစ်က ပျော်ရင် ကိုကိုကလည်း ပျော်..။
အခုတော့ ကားပေါ်ရောက်ကတည်းက ဖုန်းသံ မြည်တာ တစ်ချက်မှ မရပ်သေး..။
အစကတော့ ကိုကိုကလည်း မကိုင်ပေမဲ့ နောက်တော့ ကိုင်လိုက်သည်..။
တစ်ဖက်က ဘာတွေ ပြောနေလည်း မသိပေမဲ့ ကိုကိုကတော့ တောင်းပန်ပြီး နည်းနည်း နောက်ကျမဲ့ အကြောင်းပြောရသည်..။
အချစ်ကြောင့်ကိုကိုတော့ ဒုက္ခရောက်ပါပြီ…။
စာအုပ်တန်းထဲ လျှောက်သွားရင်း ဦးဒီက ဆီမှာ ဖတ်ခဲ့တဲ့ ဒက်ဇယ်လာ ဆိုတဲ့ စာအုပ်ကိုတွေ့တော့ ၀ယ်ချင်သွားသည်..။
"ဒါ ဘယ်လောက်လည်း ဟင်.."
"နှစ်ထောင့်နှစ်ရာပါ အစ်မ.. နှစ်ထောင်နဲ့ ယူပါ.."
"သြော်..ဟုတ်.."
အချစ် စာအုပ်ကို ပြန်ချပြီး ပိုက်ဆံယူမလာမိတာ သတိရတော့ ကားရပ်ထားတဲ့ နေရာဆီကို ပြန်လာရသည်..။
"ဟင်.."
ကားတွေထဲမှာ ကိုကို့ကားကို မတွေ့တော့လို့ အချစ် ပတ်လည် ရှာရင်း စိတ်ညစ်လာရသည်..။
ကားတန်းကြီး တစ်လျှောက် အစအဆုံး လိုက်ကြည့်တာ ဘယ်မှာမှ လည်း မတွေ့ပါ..။
ဆယ့်ငါးမိနစ်ကြာတော့ ကားက ပြန်ကွေ့၀င်လာပြီး ရပ်လိုက်ချိန် အချစ် အပြေးလေး သွားမိသည်..။
"ညီမလေး.."
"ရှင်…"
"နောက်မှာ ထိုင်ပါလား…သတင်းသမားတွေ ရှိလို့.."
"သြော်..ဟုတ်…"
အချစ် နောက်ခန်းထဲ ကို ၀င် ပြီး အလိုက်တသိ ခေါင်းငုံ့ နေလိုက်တော့မှ ကားကို ပြန်ချိုးကွေ့ပြီး မောင်းထွက်သည်..။
အချစ် ဘာတွေ ၀ယ်လာသလည်းတောင် မမေးပါလား ကိုကိုရယ်..။
အင်းလေ ကိုကိုမှ မလွတ်လပ်တာပဲ…သနားပါတယ်…။
အချစ် ခြံထဲကို ရောက်တာနဲ့ မျက်လုံးပြူးသွားရတာက ဦးဒီက ရဲ့ ဝှီးချဲက ပန်းခြံထဲက ခုံတွေနားကိုရောက်နေပြီ..။
ဘယ်ကိုမှ မသွားလိုက်ရပဲ ကားရှာတာနဲ့ ညောင်းနေတဲ့ ခြေထောက်တွေက  ဦးဒီက ကိုတွေ့တော့မှ ခွေကျချင်လာသည်..။
"ပြန်လာကြပြီလား.."
"ဟုတ်တယ်..ကိုကို…သတင်းသမားတွေ ရှိလို့ ညီတောင် လိုက်မပို့နိုင်ဘူး.."
"ဟုတ်သားပဲ…ညီ ပင်ပန်းသွားပြီကွာ…ထမင်းစားပြီးမှ ပြန်တော့လေ…"
"မရဘူး…ဒါရိုက်တာ ကောနေပြီ.."
"အင်း …ဒီက့ကြောင့် ညီ စိတ်ရှုပ်သွားရပြီကွာ "
"မဟုတ်တာ..ဒီလိုပဲ ဟိုရှောင် ဒီပြေး ဘ၀ ကို ညီက ရွေးချယ်ထားတာပဲ ဟား..ဟား.."
"စာအုပ်ပွဲတော်က ဒီနေ့ နောက်ဆုံးနေမို့လေ..ရခဲ့လား ပန်းအချစ်ဦး.."
"ဟင်.."
"စာအုပ်လေ…"
ဦးဒီက က ဘာမှ မပြောင်းလဲတဲ့ မျက်နှာထားနဲ့ မေးနေတော့ အချစ် ခေါင်းကို ခပ်လေးလေး ခါရမ်းမိသည်..။
"နောက်မှ ဖိုးကောင်း ကို၀ယ်ခိုင်းလိုက်မယ်…တက်လေ…"
"ဟုတ်…"
အချစ် အိမ်ပေါ်တက်လာတော့ ကြီးကြီးကလည်း မျက်နှာ မကောင်းသလို မေဖူးကလည်း ငိုနေသည်..။
ဘာတွေ ဖြစ်လို့ပါလိမ့်…။
သူတို့ကို ကြည့်ရင်း အချစ် အိမ်ပြင်ဘက်ကို တစ်ချက် လှမ်းကြည့်တော့ ကားပေါ်က ကိုကို့ကို လက်လှမ်းပြနေတဲ့ ဦးဒီက က ပုံမှန် အတိုင်း ရှိသလိုပင်..။
အချစ် စိတ်လေးလေး ဖြင့် အပေါ်ကို တက်လာရတာ ဘာကြောင့်မှန်း မသိ ကြောက်စိတ်က ပိုများနေသည်..။
"ပန်းအချစ်ဦး.."
"ရှင်…"
"လာပါဦး.."
"ဟုတ်.."
အချစ် အ၀တ်အစားမလဲရသေးခင် စာဖတ်ခန်းဘက်က အသံကြားတော့ ထွက်လာခဲ့ရသည်..။
"မင်း ဘာလုပ်တာလည်း ပန်းအချစ်ဦး…"
"ဟို…လည်…"
"မင်းကို ငါလိုက်ပို့ပေးပါမယ်လို့ မပြောထားဘူးလား…မင်း အ၀တ်အစားလဲတာတွေ့တော့ ငါ မမေးခဲ့ဘူးလား…မင်းပြောတော့ အ၀တ်ရေစိုလို့ဆို…မင်းလိမ်တယ်….ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ ငါ အမုန်းဆုံးနဲ့ ခွင့်မလွှတ်နိုင်ဆုံးပဲ ပန်းအချစ်ဦး.."
ဦးဒီက ကြောက်စရာ မျက်နှာတည်တည်ကြီး နဲ့  မေးခွန်းတွေ ထုတ်၍ ပြောနေတော့ အချစ် ခေါင်းငုံ့လိုက်မိပြီး မျက်တောင် ပုတ်ခတ်ရင်း..
"အချစ် …အချစ် စာအုပ်ပွဲတော်သွားချင်လို့ပါ…"
"မင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး…မင်းကြောင့် ငါ မေဖူးကိုဆူတယ် တစ်ခါမှ ပြန်မပြောတဲ့ ကြီးကြီးကိုပါ ပြန်ပြောမိတယ်….အခု မှ ငါတွေးကြည့်ပြီး သိပ်ရှက်တာပဲ ပန်းအချစ်ဦးရယ်…သိပ်ရှက်ဖို့ကောင်းတယ်…"
"အချစ်သွားတာ ဖိုးဖိုး သိပါတယ်.."
"ဘာဆင်ခြေမှ မလိုဘူး..မင်း ပုံစံ ဘယ်လို ဖြစ်နေတာလည်း ငါသိတယ်..ဖြစ်ပြီးခဲ့တာတွေ ဘာမှ ပြန်ပြောမနေတော့ဘူး…ရှေ့ဆက် မင်း ပုံစံတွေကို ပြင်ပေးပါလို့ ငါတောင်းဆိုချင်တယ်…"
"အချစ်က …"
"ဘာဖြစ်နေလို့ လည်းလို့ မေးချင်တာလား..မင်း မေးလေ…ငါ ညှာတာ မှု မရှိပဲ ဖြေပေးလိုက်မယ်…"
"….."
အချစ် မမေးရဲတော့ပဲ တိတ်ဆိတ်စွာ နှုတ်ခမ်းဖိကိုက်ပြီး ခပ်တောင့်တောင့်လေး ရပ်နေမိသည်..။
"မင်း မေ့နေတာ တစ်ခု ပြောရလိမ့်မယ်..မင်းမှာ တရား၀င် ခင်ပွန်း ယောင်္ကျားရှိတယ်…မင်းရဲ့ အကြောင်းကိစ္စ ကြီးငယ်တိုင်းက ငါ နဲ့ ပဲ ဆိုင်တယ်…မင်းစိတ်ချမ်းသာ သလို နေနိုင်ဖို့ ကလေး တစ်ယောက်လို  လွတ်လွတ်လပ်လပ် နေခွင့်ပြုထားပေမဲ့ လမ်းမှားလိုက်နေတာတော့ ခွင့်မပြုနိုင်ဘူး ပန်းအချစ်ဦး..လက်ထပ်လိုက်တယ် ဆိုတာ လူနှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တစ်ခုတည်း ပေါင်းလိုက်တာပဲ..ဇနီးဖြစ်သူ က သိက္ခာမရှိတဲ့ အလုပ်လုပ်ရင် သူ့ ခင်ပွန်းကလည်း ဘာမှမလုပ်ရပဲ နေရင်းထိုင်ရင်း သိက္ခာကျမှာပဲ..အခု သိက္ခာ တစ်ခုတည်း မဟုတ်ဘူး ကိုယ်ကျင့်တရားပါ ပါလာပြီ…. ရှက်ဖို့ကောင်းတယ်..ငါ့ ခံယူချက်က မင်းကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ မင်းကို လမ်းမှား မရောက်အောင် ဆွဲခေါ်ပြီး လမ်းမှန်ရောက်အောင်ပို့ပေးဖို့ ငါ့မှာ တာ၀န်ရှိတယ်…ဒါကြောင့် နောက်ဆို အနေအထိုင် ဆင်ခြင်ပေးပါ…ရူပါက မင်းအပေါ် ဖြူဖြူစင်စင်ပဲ ရင်းနှီးချစ်ခင် နေတာကို မျက်နှာပျက်ရအောင် မလုပ်ပါနဲ့ ပန်းအချစ်ဦး… နောက်ဆို မင်း ဘာလုပ်ချင်ချင် ဘာပဲလိုအပ်ပါစေ ငါ့ကို ပဲ ပြော… ငါ့ဆီကပဲ တောင်းပါလို့..တောင်းဆိုချင်တယ်.."
"ဟ..ဟုတ်.."
ဦးဒီက ဆိုက်ကြည့်ချိန် အချစ် မျက်လုံးလေး ဝိုင်းလျက် မျက်ရည်ဝေ့လာတော့  ရင်မဆိုင်နိုင်လို့ ခေါင်းငုံ့လိုက်မိသည်..။
အချစ် ေ၀၀ါးနေတဲ့ အမြင်ဖြင့်  ဆိုက်ကြည့်နေမိတဲ့ ဝှီးချဲက အလိုလို လှိမ့်သွားခါ အခန်းထဲက ထွက်သွားသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
အချစ်ကလည်း မသိ
ရုပါကလည်း မသိ
အိအိ ကလည်း မသိ
ဒီပါကလည်း မပြော
စပိုက်ကာလည်း မသိ😁
ဇာတ်မျောကုန်ပြီလား မသိ

Comment ပြန်တာ နောက်ကျရင် ခွင့်လွှတ် ကြပါ 🙏

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now