Part 18

2K 111 6
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၈)
#မုန်းပါနဲ့ဦး

"ဦးဒီက…"
"ပြော…"
ခုတင်ပေါ်မှာ ကျောမှီပြီး ထိုင်နေတဲ့ ဦးဒီက ကို ပြောဖို့ စကားလုံးတွေရှာရင်း အချစ် အနားကို တိုးကပ်သွားမိသည်..။
"ပြောလေ…ရွှေခဲ.."
အချစ်မကြိုက်တဲ့ ငှက်နာမည်ကြီးကို ခေါ်လိုက်တော့ နှာခေါင်းရှုံ့ပြီး ခုတင်ပေါ်လက်ထောက်ခါ ခုန်တက်လိုက်သည်..။
"အချစ်ကို  လခပေးမယ်ဆို.."
အချစ်ပြောလိုက်တော့ မျက်မှောင်ကြုတ် ပြီးကြည့်ခါ မေးငေါ့ပြီး ထပ်မေးပြန်သည်..။
ဒါဆိုရင်တော့ အကြွေးမပေးချင်လို့ ရူးချင်ယောင်ဆောင်နေတာ သေချာသွားပြီပေါ့လေ..။
အချစ်မှာ နှလုံးသား အပြစ်ရှိထားသူမို့ အစစအရှာရှာ ပြုစု ဂရုစိုက်ခါ အောက်ခြေသိမ်း လိုက်လုပ်ပေးပါသည်..။
ပေးခါနီးကျတော့ သူဌေးသား ဖြစ်ပြီး တွန့်ဆုတ်ဆုတ် လုပ်နေတာ စိတ်တိုလာသည်…။
"ဟိုလေ….အချစ် ဒီအိမ်ကိုရောက်တာ တစ်လခွဲကျော်တောင် ရှိနေပြီလေ.."
"အဲတော့…"
"ဦးဒီက ကလည်း..အချစ်ကို လခသုံးသိန်ပေးမယ်ဆို မေ့သွားပြီလား..ကတိမတည်တာလား…"
"မမေ့ပါဘူး.."
ဦးဒီက ခုတင်ဘေးမှ အံဆွဲကို လက်နှိုက်မွှေနေတော့ အချစ် သုံးသိန်းရတော့မယ်ဆိုတဲ့ အသိဖြင့် ပျော်နေမိသည်..။
"ရော့…"
"သြော်…ချက်လက်မှတ်ပေးမှာလား..ဟိဟိ ကောင်းတယ်…အချစ်စုထားမှာလေ…"
အချစ် လက်ခုပ်ဖွဖွ တီး၍ စောင့်ကြိုနေချိန် အချစ် နဖူးကို စာရွက်ကပ်ပြီး လက်ထဲက စာအုပ်ကို ပြန်ဖတ်နေတော့ နှုတ်ခမ်းစူပြီး စာရွက်ကို ယူကြည့်လိုက်သည်..။
"ဒါဘာလည်း ဦးဒီက.."
"ကျောက်တစ်လုံးဖိုး ငွေလွဲထားတဲ့ ဘဏ်စာရွက်လေ.."
"ဟင်.."
"အဲဒါကြောင့်..ဒီလ သုံးသိန်းမရဘူး.."
"ဟာ..ဟာ…မရဘူးလေ…သုံးသ်ိန်း မတန်ဘူးလေ…ဦးဒီက ပေးလိုက်တာလေ.."
အချစ် ငြင်းဆန်နေချိန် လက်ထောင်ပြပြီး စာအုပ်ကို လက်ညိုးထိုးပြခါ တိတ်တိတ်နေဖို့ အချက်ပြသည်..။
ဒီလူကြီး အချစ်နဲ့ ရွယ်တူသာ ဆိုရင်တော့လေ….ထက်ပိုင်း ကျိူးအောင်ကို ချိုးပစ်လိုက်ပြီ…။
အချစ် နှုတ်ခမ်းစူစူ မှုန်ကြုတ်ကြုတ်ဖြင့် ဆောင့်အောင့်ပြီး အောက်ထပ်ဆင်းလာရသည်..။
တကယ့် လူညစ်ကြီး… အလုပ်လုပ်ပေးနေတုန်းက ပြောလိုက်ရင် အချစ်လည်း ခိုကပ်လုပ်လို့ရတာပေါ့…
သုံးသိန်းတောင် ယူထားမိလို့ အချစ် မှာ စေတနာ ပိုပြီး ခပ်ကုတ်ကုတ်လေး  နေမိတာပါ…။
အချစ် ဧည့်ခန်းကိုကြည့်တော့ ကြီးကြီး က အဖိုးနဲ့ စကားပြောနေလို့ မီးဖိုခန်းထဲ ၀င်သွားလိုက်သည်..။
"မေဖူးရေ…လူစီဖာ့ကို အစာကျွေးပြီးပြီလား.."
'ကျွေးပြီးပြီ အချစ်ရေ..အမလေး…မနေ့က သူ ခြံထဲ ဆင်းတုန်း ဟိုဘက်ခြံက လာမေးတယ် သိလား…ကြောင်ရောင်းဖို့ရှိလားတဲ့လေ…သူတို့ သမီးလေး လိုချင်လို့ ဒါမျိုးကြောင်လေး ရှိရင် ရောင်းပါတဲ့…လေးသိန်းလောက် ပေး၀ယ်ပါမယ်တဲ့…မေဖူး မြန်မြန်ပြန်ခေါ်လာရတယ်…အကိုကြီး သာ သိရင်တော့ မိုးမီးလောင်လိမ့်မယ်.."
"ဟမ်..လေးသိန်းလား.."
"ဟုတ်တယ်…လေးသိန်း.."
မေဖူးက မျက်လုံးပြူး၍ လက်လေးချောင်းထောင်ပြတော့ အချစ်လည်း မျက်လုံးပြူးသွားရသည်..။
ကြောင် တစ်ကောင်ကို လေးသိန်း ဆယ်ကောင်ဆို သိန်းလေးဆယ်…အိုး တစ်နှစ် အတွင်း သူဌေး ဖြစ်လောက်ပါသည်..။
အချစ် လက်ဖျောက်တစ်ချက်တီးလိုက်ပြီး ဘောင်းဘီ အရှည်ကို ခြေသလုံးရောက်အောင် လိတ်တင်လိုက်သည်..။
ရုပ်အင်္ကျီ လက်ရှည်ကို မတင်လိုက်ပြီး ဖိနပ်စီးခါ နောက်ခြံထဲ ဆင်းလာခဲ့လိုက်သည်..။
"ဟာ…ပန်းအချစ်ဦး ဘယ်ကိုလည်း.."
"ဟိုနေ့က ကိုဖိုးကောင်းတို့အိမ်မှာ ကြောင်တစ်ကောင် တွေ့လိုက်တယ်လေ.."
"သြော်..ဟုတ်တယ်…ဘယ်က ရောက်နေတာလည်း မသိပါဘူး…တညောင်ညောင် လုပ်နေလို့ အစာကျွေးထားတယ်..သြော်…ဟိုမှာ.."
အချစ် နဲ့ စကားပြောနေရင်း အိမ်အနားမှာ ထမင်းစားနေတာတွေ့တော့ အချစ် အနားကို သွားပြီး ပွတ်သပ်ပေးမိသည်..။
"ကြောင်လေးက သေးလိုက်တာ.."
"မသေးပါဘူး..နှစ်နှစ်သားလောက် ရှိပါပြီ.."
"ဟုတ်လား အချစ်ခေါ်သွားမယ်…"
"ဟင်.."
ကိုဖိုးကောင်း ပါးစပ် အဟောင်းသားဖြင့် ကျန် ခဲ့ပေမဲ့ အချစ်ကတော့ ကြောင်လေးကို ပိုက်ခါ ပွတ်သပ်ပေးရင်း အိမ်ပေါ်ကို ခေါ်လာခဲ့လိုက်သည်..။
လူစီဖာက မှုန်ကြုတ်ကြုတ်ကြည့်နေတော့ ဧည့်ခန်း ကို ခေါ်လာခဲ့ပြီး ဆိုဖာပေါ် တင်ထားတော့ ကြောင်မလေးကလည်း အချစ်ရောက်စကလို အိမ်ကို တစ်ပတ်လည် လိုက်စပ်စုနေသည်..။
"ဟယ်..ဘယ်ကကြောင်ကြီးတုန်း.."
"အချစ် ကြောင်ပါ ကြီးကြီး.."
"သြော်…ဟုတ်လား..သမီးရယ်…မဲမဲ ကြီးကိုများ.."
"အချစ်က အမဲရောင် ကြိုက်လို့ပါ…"
"အေး…အေး…အထူးအဆန်းပါပဲအေ.."
ကြီးကြီးက ပြောသွားပေမဲ့ အချစ် ဂရုမစိုက်စွာဖြင့် ခေါင်းကို ပွတ်သပ်ပေးနေတော့ ကြောင်လေးက ခေါင်းထိုးပေးသည်..။
"ဟင်…ဒါ ဘယ်က ကြောင်ကြီးလည်း.."
"အချစ်ကြောင်ပါ.."
ညစာ စားတဲ့  ထမင်းဝိုင်းကို ရောက်တာနဲ့ ဦးဒီက ရဲ့ မျက်မှောင်ကြုတ်ပြီး ထွက်လာတဲ့ အမေးက အချစ် အဖြေကြောင့် ပြန် တိတ်သွားသည်..။
"ကိုရူပါ ဒီမှာ အသီးကြော်.."
"အင်း…ကျေးဇူးပဲ.."
အချစ် ရိုးသားစွာ  ခပ်ထည့်ပေးလိုက်တော့ ကိုကို လည်း ပန်းကန် လှမ်းပေးသည်..။
ဦးဒီက မျက်နှာကို အကဲခတ်မိချိန် ဘာမှ မထူးခြားပေမဲ့ ကြောက်မိသည်..။
အချစ်ဘက်က အရိုးသားဆုံးဖြစ်အောင် ကြိုးစားပြနေရတာကြောင့် အခုတလော မျက်နှာ ပြန်ကြည်လင်လာတာ ဖြစ်သည်..။
အချစ်လည်း ဘာအကြောင်းကြောင့်မှ အိမ်မပြန်ချင်ပါဘူး..ဒီမှာနေရတာ ပျော်နေပြီ..။
"..…"
"ဟုတ်.."
ဦးကပ်စေးနှဲကြီးက အချစ်ပန်းကန်ထဲကို ကြက်သား ချိုချဉ်ကြော် ခပ်ထည့်ပေးတော့ ခေါင်းညိတ်ပြီး စိတ်ထဲမပါပဲ ပြုံးနေရသည်..။
ဟူး..လခမရလို့ စိတ်ဆိုးနေပေမဲ့ အတက်နိုင်ဆုံး ဟန်ဆောင်ရမှာပေါ့လေ..။
တော်ကြာ ငွေကြည့်ပြီး ပြုစုတယ် ထင်နေမှ ဒုက္ခ..။
"ဖေကြီး မနက်ဖြန်ကျရင် မင်း ဒက်ဒီဆီ လိုက်သွားရမယ်.."
"ဟုတ်ကဲ့…"
"ရူပါက ဒီမှာ လာအိပ်ပေးလိုက်.."
"ဟုတ်.."
ကိုကို က ခေါင်းညိတ်ပြီး ထမင်းဆက်စားနေပေမဲ့ ဦးဒီက က သူ့ကြောင် လူစီဖာ ကို ကြည့်ပြီး စဉ်းစားခန်း ၀င်နေသည်..။
"သားလည်း ဒီလထဲ ဆေးစစ်ရမယ်မလား.."
"ဟုတ်ကဲ့.."
"အင်း..ဖေကြီး ပြန်မလာခင် လိုက်ခဲ့လေ…သမီးကိုလည်း မင်း ဒက်ဒီတို့ကို တွေ့ပေးရမယ်.."
"ဟုတ်ကဲ့…ဒါပေမဲ့ ဒီ တစ်ပတ်တော့ ဒီက ရှိနေမှ ဖြစ်မယ် ဖေကြီး.."
"…အဆင်ပြေရင် လိုက်ခဲ့ပေါ့လေ…"
ဦးဒီက ခေါင်းညိတ်ပြီး ထမင်း ဆက်စားနေတော့ အချစ် မျက်နှာလို မျက်နှာရဖြင့် ပုစွန်ဟင်းကို ခပ်ထည့်ပေးမိသည်..။
"ကျေးဇူး.."
အချစ်ကို နှုတ်ခမ်းတွန့် ပြုံးပြပြီး ထမင်းကို ဆက်စားနေတော့ ဘာတွေ ဆူဦးမလည်း တွေးရင်း ကြိုကြောက်နေရသည်..။
ကိုကို နဲ့ မခွဲနိုင်လို့ပေါ့ ဦးဒီက ရယ် မဟုတ်ရင်တော့လား…ခင်ဗျားကြီးလို အဖိုးကြီးကိုလေ လှေကားက ကို တွန်းချပစ်တယ် သိရဲ့လား...။
အချစ် ကိုယ့်အတွေးနဲ့ ကိုယ် ကြိတ်ပြုံး၍ ထမင်းကို လက်စသပ်ခါ စားလိုက်ရသည်..။
"ဦးဒီက အိပ်တော့မလား.."
'အင်း.."
အချစ် ခုတင်ပေါ်တက်ဖို့ ကူညီပေးလိုက်ပြီး စောင်ကို နေရာချ၍ လိုအပ်တာတွေ အားလုံး အဆင့်သင့် ဖြစ်အောင် လုပ်လိုက်သည်..။
လူစီဖာ့ အတွက် ၀ယ်ထားပြီး မသုံးတဲ့ ခြင်းလေးကို အပေါ်ထပ်အထိ သယ်လာပြီး အခန်းထောင့်မှာ နေရာချရသည်..။
"လာ…လာ….လူစီဖာ ဒီမှာ အိပ်…"
"ဘာလုပ်မလို့လည်း.."
"အိပ်ယာလေး နဲ့ အိပ်တော့ ဦးဒီကလည်း လွတ်လွတ်လပ်လပ် အိပ်လို့ရတာပေါ့.."
"နေပါစေ…"
"လာပါ ကလေးရဲ့..လာ…လာ…"
အချစ် လူစီဖာ့ကို ပွေ့ချီပြီး ခြင်းတောင်းထဲ နေရာချခါ ပွတ်သပ်ပေးတော့ ငြိမ်ပြီး အိပ်နေသည်..။
တစ်ကောင်တော့ အိပ်တော့မယ်..။
အချစ် အပေါ်ထပ် ဧည့်ခန်းဆိုဖာပေါ်မှာ အိပ်နေတဲ့ ကြောင်မဲလေး ကို အခန်းထဲ ခေါ်လာပြီး ခြင်းထောင်းထဲ ထည့်ခါ နှစ်ကောင်စလုံးကို ပွတ်သပ်ပေးမိသည်..။
"ရွှေခဲ ဘာလုပ်နေတာလည်း.."
"ဟင်..ကြောင်လေးတွေ တူတူအိပ်ခိုင်းနေတာ.."
"ကြောင်လေးတွေ..ဘယ်က ကြောင်တွေလည်း..ဟင်.."
"အချစ် ကြောင်လေးနဲ့ ဦးဒီက ကြောင်လေး တူတူ အိပ်နေတာလေ.."
"ဟာ…..ပြန်လွှတ်လိုက်စမ်း..အိုး..လူစီဖာ..လာလာ…"
အချစ်လက်အောက်ကနေ ခုန်ထွက်သွားတဲ့ လူစီဖာ့ကို လှမ်းဖမ်းပေမဲ့ လွှတ်သွားတော့ စိတ်တိုရသည်..။
ကျစ်…တော်တော် ကြီးကျယ်တဲ့ ကြောင်စုတ် သူ့ သခင် မျက်နှာနဲ့ ကြောင်ပါးဝနေတာလေ…။
"ဦးဒီက ကလည်း တစ်ညတည်းငှားပါ.."
"ဘာလုပ်မလို့လည်း.."
အချစ် ကုတင်ပေါ် တက်ပြီး ခခယယ တောင်းတော့ လူစီဖာကို ပိုက်ထားရင်း မေးခွန်းတွေ စလာတော့သည်..။
"ဟိုမှာ အချစ် ကြောင်လေးနဲ့ ဒီည အိပ်ခိုင်းမလို့ပါ…"
"ဟာ..တူမှ မတူတာ…ဟိုကြောင် ကိုက်ရင် လူစီဖာ သေလိမ့်မယ်.."
'ဟွန့် ဒီလောက်ကြောင်ကြီးက ဒီကြောင်ပေါက်ကလေး ကိုက်တာနဲ့ သေပါ့မလား.."
"နိုင်ငံခြားကြောင်ကွ…"
"တစ်ညတည်းပါ ဦးရယ်..သူတို့လည်း ချစ်နေကြပါပြီ…ချစ်ခြင်းကို မခွဲပါနဲ့နော်…ဦးဒီက ၀ဋ်လည်လိမ့်မယ် သိလား.."
"ဘာကို ချစ်မှာလည်း…ဘာတွေ လျှောက်လုပ်နေတာလည်း ...."
ဦးဒီက က မျက်နှာ အိုအိုကြီးကို ရှုံ့မဲ့ ခါ ခပ်စပ်စပ် အော်တော့ အချစ် မျက်လုံး ပေကလက်တောင် ဖြစ်သွားရသည်..။
"သူတို့ တူတူ အိပ်ပြီးရင် ကလေးလေးတွေ မွေးလာအောင်လေ…"
'ဘာ…"
"နော်..နော်…ပေးပါ ဦးဒီက ရယ်.."
"နေပါဦး..မင်း ကြောင်မချစ်တက်ပါဘူး.."
"အဟဲဟုတ်တယ်…ရောင်းစားမလို့လေ တစ်ကောင် လေးသိန်းတောင်ရမယ်တဲ့…"
'ဟင်….မင်း..တော်တော် လွန်ပါလား…ပန်းအချစ်ဦး…သွား..သွား… ကြောင်ကလေကချေ  ကို 
မောင်းထုတ်စမ်း…ငါ့ကလေး ကြောက်နေပြီ…"
'အချစ် ကြောင်က ကလေကချေ မဟုတ်ဘူး.."
အချစ် မခံမရပ်နိုင်ဖြင့် အေ်ာပြီး ဦးဒီက ကိုယ်ပေါ်က လူစီဖာရဲ့ အမြီးကို လှမ်းဆွဲတော့ ဦးဒီက က အချစ်လက်ကို ပုတ်ချသည်..။
"ဦးဒီက ကပ်စေးမနှဲပါနဲ့ ဒီမှာပဲ အိပ်ခိုင်းမှာပါ…"
"ဖယ်နော်…"
"မင်းနော်…ငါ ခြေထောက်ကောင်းတာမဟုတ်ဘူး..ဘာဖြစ်လို့ ဒီလောက်ဆိုးနေတာလည်း.."
'ဦးဒီက မသိဘူးလား..မသိဘူးလား..ဟမ်…အချစ်ကို လခမပေးဘူးလေ…အဲတော့ ပိုက်ဆံရှာရမယ်…"
"သြော်ဟော….ဒါကြောင့်လား…အဟွင်း..မင်းက ငါ့ကြောင့်ကို အသုံးချမယ်ပေါ့လေ…မရဘူး..လုံး၀ မရဘူး..မင်းပါ အပြင်ထွက်အိပ်ရမယ် မှတ်ပါ…"
"ရမလား….အချစ်က ခြေကောင်းလက်ကောင်း…သိရဲ့လား..ဒီလို…ဒီလို…."
"အ…"
အချစ် လှမ်းဆွဲတာကို ဦးဒီက ရှောင်လိုက်တော့ အချစ် ဟက်ထိုးကျခါ ထပ်လျက်သား ဖြစ်သွားချိန် အချစ် ပါးကို အမွှေးအမျှင်တွေစူးမိပြီး နွေးခနဲ့ ဖြစ်သွားသည်..။
အချစ် ရုန်းထလိုက်ပြီး ရင်ဘတ်ထဲ ဘာတွေ ဖြစ်နေမှန်း မသိချိန် ခုတင်ပေါ်က ခုန်ဆင်းခဲ့ရသည်..။
"ကောင်မလေး…"
"ဟင်…"
"Sorry.."
"ဟဲ..ဟဲ…ကျေပြီနော်.."
အချစ် ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်ပြီး ကျောခိုင်းခါ ဘာလုပ်ရမှန်း မသိလို့ ကြောင်လေး ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးနေမိသည်..။
ဘာတွေ ဖြစ်ကုန်ပါလိမ့်…ဒီတစ်ခါ ကြောက်တာလည်း မဟုတ်ပဲ လက်တွေက တုန်နေသေးသည်..။
"ရွေခဲ.."
"ဟင်.."
"အိပ်ကြမယ်လေ…"
"ဦးဒီက အိပ်ပါ…အချစ်ပြီးမှပဲ.."
"ကြောက်သွားလို့လား.."
"မကြောက်ပါဘူး…ဘာကို ကြောက်ရမှာလည်း.."
အချစ် မခံချင်စိတ်ဖြင့် မျက်မှောင်ကြုတ်ခါ လက်သီးလေး ဆုတ်၍ ထလာခဲ့လိုက်သည်..။
ခုတင်ပေါ် ပြန်တက်ပြီး ပုံမှန်လုပ်နေကျ အတိုင်း ဦးဒီက ကို စောင်ခြုံ ပေးခါ  ကျောပေးပြီး အိပ်ချလိုက်မိသည်..။
"ရွှေခဲ..အစွန်ဘက် ရောက်နေတယ်…ပြုတ်ကျလိမ့်မယ်…"
"ဟင်..ဟုတ်လား…"
အချစ် ဘာတွေ ဖြစ်မှန်းမသိ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေလို့ ခေါင်းအုံးကို နောက်တွန်းပြီး နောက်ကို ဆုတ်မိသည်..။
"ဟင်.."
"….."
ဦးဒီက ကို ၀င်တိုက်မိတော့ လှည့်ကြည့်ချိန် အချစ်ကို ငုံ့ကြည့်နေတဲ့ ဦးဒီက ရင်ခွင်ထဲကို ရောက်သွားရသည်..။
ဟာ…ဒီနေ့ ဘာတွေ ဖြစ်နေပါလိမ့်… စိတ်ညစ်ဖို့ကောင်းလိုက်တာ..။
အချစ် အမြန်နောက်ရွေ့ လိုက်ပြီး ပြုတ်ကျလည်း ကျပါစေ ဆိုတဲ့ စိတ်နဲ့ အစွန်းဘက်ကိုပဲ ကပ်အိပ်နေလိုက်သည်..။
.
"ဟင်း…."
ဒီပါ ၀ရန်တာမှာ ငေးနေရင်း လေးကြိမ်မြှောက် သက်ပြင်း တစ်ချက် ချမိပြန်သည်..။
အိမ်ထဲ ပြန်၀င်လာပြီး ဧည့်ခန်းက အမေနဲ့ အဖေရဲ့ ပုံတူ ပန်းချီကားကို မော့ကြည့်မိသည်..။
"ဒီက ဘယ်လို လုပ်ရမလည်း အဖေ..ဘာတွေ ပြောသင့်လည်း…
ဒီက ကို ခါးခါးသီးသီး မုန်းသွားမှာစိုးတယ်… တစ်သက်လုံး တူတူ နေရမဲ့ သူတွေက တစ်ယောက်နဲ့ တစ်ယောက် ဒဏ်ရာ မပေးသင့်ဘူးလို့ အဖေ ပြောဖူးတယ်လေ…ဒီက ဘာလုပ်ရမလည်း..အမေ..အမေသာ ရှိရင် သူ့ကို ဆူမှာလား..သူက ကလေးစိတ်မို့..စိတ်လှုပ်ရှားတာပဲ ဖြစ်ပါလိမ့်မယ်…ဒီက တာ၀န်အရ အတက်နိုင်ဆုံး လမ်းမှန်ပြပေး ရမှာပေါ့လေ.."
ဒီပါ သက်ပြင်းချရင်း အခန်းထဲကို ၀င်လာတော့ ဒီကောင်မလေး ရှိမနေပြန်ဘူးလေ…။
အခုနောက်ပိုင်း ရူပါ့ကို သိပ်ပြီး ရင်းရင်းနှီးနှီး မနေတော့သလို တမ်းတမ်းစွဲ ပုံစံ သိပ်မရှိတော့ပါဘူး..။
စင်ကာပူရောက်တာနဲ့ သိရမဲ့ အတူတူ သူအရှက်ရသွားလောက်အောင် ပေါ်ပေါ်တင်တင်  အသိပေး မပြောရက်လို့ ရူပါ့ မိသားစု အကြောင်းလည်း ခုချိန်ထိ အသိမပေးရသေးပါ…။
မိန်းကလေး တစ်ယောက် ကို "သူ့မှာ မိန်းမရှိတယ်..မင်းအနေအထိုင်  ဆင်ခြင်ပါ"ပြောဖို့ လွယ်ပေမဲ့ တစ်ဖက်က မိန်းကလေးမှာလည်း အရှက်သိက္ခာ စော်ကားသလို ဖြစ်သွားနိုင်သည်..။
ကိုယ့်ဆီကို ရုတ်တရက်ရောက်လာရတဲ့ ဖူးပွင့်စ ပန်းလေး ရဲ့ နှလုံးသား နုနုလေးကို ကိုယ့်စကားကြောင့် မနာကျင်စေချင်…။
မစဉ်းစားပဲ လျှောက်လုပ်တက်ပေမဲ့ စကားနားထောင်တော့ ၀မ်းသာရသည်..။
အရင်တုန်းက ရူပါ မပြန်မချင်း အပေါ်မတက်သည့် ကောင်မလေးက ပြောထားပြီးတဲ့ နောက်ပိုင်း ဒီပါ့ အနားမှာချည်း လိုက်ကပ်နေတက်သည်..။
ကိုယ့်အနားကို အဲလိုကြီး လိုက်ကပ်ပြန်တော့လည်း ဒီပါ့မှာ ရင်ခုန်သံကြောင့် စိတ်ရှုပ်ရသည်.။
သူက ကလေး တစ်ယောက်လို စိတ်ပါလက်ပါ အနားမှာ ပြုစုနေပေမဲ့ ကိုယ်က မရိုးသားသလို ခံံစားနေရတာလည်း အဆင်မပြေ..။
စိတ်ထဲမှာ ကလေးလေး လိုပဲ ချစ်နေချင်သည်..။
ဖြူစင်တဲ့ အချစ်တွေကို ရင်ခုန်သံ အရောင်စုံ အဖြစ်ပြောင်းလဲဖို့ လွယ်ပေမဲ့ ရောင်စုံ အချစ် က အဖြူရောင်လို မလှပ နိုင်တာလည်း သိပါသည်..။
ဖြည်းဖြည်းချင်းပေါ့ အချစ်ရယ်…။
ဒီပါ ပြုံးရင်း အောက်ထပ်ကို ဆင်းလာခဲ့တော့ ဧည့်ခန်းမှာလည်း ရှိမနေပြန်..။
"ရွှေခဲ…"
ဒီပါ အောက်ထပ်မှာ လိုက်ရှာရင်း မတွေ့လို့ ခေါ်ကြည့်ပြီးမှ မခေါ်သင့်ဘူးဆိုတာ သတိရတော့သည်..။
ဖေကြီးသာသိရင် ပေါက်ကရ နာမည်ပေးလို့ အဆူခံရပါလိမ့်ဦးမည်..။
"မေဖူး….ကောင်မလေးကော…"
"ဟင်….ခြံထဲမှာလား မသိဘူး…ကိုကြီး .."
ဒီပါ ဝှီးချဲကို လှည့်လိုက်ပြီး ဧည့်ခန်းကို ဖြတ်ကျော်ခါ ပြတင်းပေါက် အနားမှာ ရပ်လိုက်၍ အပြင်ကိုဝေ့၀ဲ ကြည့်မိသည်..။
မနက်ကတည်းက မျက်နှာချင်း ဆိုင်လည်း ခဏပဲ ပြီးရင် ပျောက်သွားတက်သည်..။
ဖေကြီးကို နှုတ်ဆက်တာတောင်မှ ဒီပါနဲ့ အကြည့်ခပ်လွဲလွဲ လုပ်ပြီး ရှောင်နေတာ သိသာသည်..။
ညတုန်းက ဖြစ်သွားတဲ့ မတော်တဆ ကိစ္စကို အခွင့်အရေးယူတယ် ထင်သွားတာလား..။
ဒီကောင်မလေး ကြောက်များသွားပြီလား…လို့ တွေးရင်း သနားမိသေးသည်..။
အခုတော့လည်း သူ့ဟာသူ အဆင်ပြေနေပါပြီ..။
အပင်တွေကို ထိုးထည့်လိုက် ရေလောင်းလိုက် လုပ်နေတာ လက်တွေကော မျက်နှာတွေပါ ရွံစက်တွေ ဖြစ်နေပြီ..။
"ပန်းအချစ်ဦး.."
"ရှင်…"
"လာဦး.."
"ဒီမှာ အပင်….ဟုတ်ကဲ့.."
အပင်တွေကို လက်ညိုးထိုးပြပြီးမှ ဆက်မပြောတော့ပဲ ထလာတော့ လိမ်မာသားပဲ လို့ စိတ်ထဲကို တွေးမိသည်..။
"ကြည့်ဦး…တစ်ကိုယ်လုံးလည်း.. ညစ်ပတ်နေတာပဲ …ဘာဖြစ်လို့ သူ့ဟာသူနေတဲ့ အပင်တွေကို သွားဒုက္ခ ပေးနေတာလည်း ရွှေခဲရယ်…"
"အပင်ပေါက်ကလေးတွေ တွေ့လို့ ခွဲစိုက်နေတာ.."
"မင်းစိုက်တက်တာလည်း မဟုတ်ဘူး..ဖိုးကောင်းတို့ကို စိုက်ခိုင်းပေါ့…ခုတော့ တစ်ကိုယ်လုံး ရွံချည်းပဲ.."
"အချစ်စိုက်ပြီး ပြန်ရောင်းစားမလို့လေ…"
"ဘာ…မင်းကလေ..ပြည့်စုံ နေတဲ့ ကြားက တော်တော်လေးကို ငွေလိုချင်နေတာပဲ.. မနေ့ကလည်း ရေမချိုးဘူးမလား… အညစ်ပတ်လေး… သွား…ရေသွားချိုး…"
အချစ် နှုတ်ခမ်းစူပြီး အညစ်ပတ်လေး ပြောတာ မကျေနပ်လို့ ဦးဒီက ရဲ့ ဝှီးချဲကိုလည်း တွန်းပြေးလာခဲ့လိုက်သည်…။
ဦးဒီက တဟေ့ဟေ့ အော်နေပေမဲ့ ဂရုမစိုက်စွာဖြင့် လှေကားထဲ ထည့်ခါ အပေါ်ထပ်ရောက်တဲ့ အထိ ခေါ်လာမိသည်.။
"ကျစ်…မမေးပဲနဲ့…အလုပ်ရှိလို့ အောက် တစ်ခါ ပြန်ဆင်းရဦးမယ်.."
ဦးဒီက က အချစ်ကို ဆူပြီး လှေကားထဲ ၀င်သွားတော့မှ အချစ် လျှာထုတ်ပြလိုက်သည်..။
အလကား လူကြီး..။
"ဟာ…"
အချစ်ရဲ့ အကျင့်အရ ရေမချိုးခင် အ၀တ်ထုတ်ဖို့ မေ့ပြီး ရေချိုးပြီးမှ ကပျာကယာ ပြေးထုတ်တက်တာ အကျင့်ပါနေပြီ.။
အခုလည်း ဦးဒီကရဲ့ ရေချိုးပြီးရင် ၀တ်တဲ့ အကျီ င်္ကို မတော်ပဲ ခါးကြိုးတွေ ဘာတွေ သေချာ ချည်ခါ အ၀တ် လာထုတ်ရသည်..။
အချစ် ဘီဒို အောက်ဆုံးထပ်မှာ ဖွတ်ထားတဲ့ ရေမြုပ်ပါတဲ့ ဟာတွေ မတွေ့တော့ အ၀တ်တွေ ဆွဲချခါ ဖွကြည့်မိသည်..။
ဒီ အနားမှာ သေချာထားတာပါ လို့ တွေးရင်း ကိုယ့် မျက်လုံး ကိုယ် မယုံလို့ အထပ်ထပ်လိုက်ရှာနေရသည်..။
"ဟာ…."
"အယ်.."
"ဒါတွေက ဘယ်လို ဖြစ်တာလည်း…ကောင်မလေး…"
ဘီဒို ရှေ့မှာ အပုံလိုက်ဖြစ်နေတဲ့ အချစ် အ၀တ်အစားတွေကို ကြည့်ပြီး ဦးဒီက လက်ညိုးထိုးပြမေးတော့ ခေါင်းကုတ်ရတော့သည်..။
အဆူခံရတော့မှာပဲ ပန်းအချစ်ဦးရေ…လို့ စိတ်ထဲက ညီးညူမိသည်..။
"ဟို…အကျီ င်္ပျောက်လို့ရှာနေတာပါ.."
"တွေ့ရင်လည်း ပြန်သိမ်းလေ.."
"မတွေ့လို့ပေါ့.."
"အမယ်…ငါ့ကို ပြန်အော်တယ်..ဟုတ်လား.."
"အချစ်က စိတ်ညစ်ရတဲ့ ကြားထဲ ဦးဒီက က လိုက်ဆူနေတာကိုး…ရှာတွေ့ရင် ဦးဒီက မပြောလည်း ပြန်သိမ်းမှာပေါ့လို့..ဘာပဲ ဖြစ်ဖြစ် လိုက်ဆူနေတာ များလာပြီ…"
အချစ် စူပုတ်ပုတ်ဖြင့် အ၀တ်တွေကို ဖြစ်သလို ပြန်ခေါက်နေရတာ စိတ်က မရှည်ချင် ရေချိုးထားတာ ကြာနေပြီ ခုချိန်ထိ အကျီ င်္က မတွေ့သေးဘူး… စိတ်တိုဖို့ ကောင်းလိုက်တဲ့ နေ့..။
"မင်း ဘာပျောက်တာလည်း.."
"အောက်ခံ.."
ဒီလောက် စပ်စုချင်တဲ့ ဦးလေးကြီး ရှက်သွားပါစေ ဆိုပြီး အချစ် ပြောချလိုက်တော့ ဦးလေးကြီးက ထုံးစံ အတိုင်း နှုတ်ခမ်းတွန့်ရုံ ပြုံးသည်..။
"ဘာလည်း.."
"ဟို အထူကြီးတွေ ဆိုရင်တော့ ငါ ပစ်ခိုင်းလိုက်ပြီ.."
"ဟင်..အချစ်ဟာတွေ….အိုး…ဦးဒီက ကြည့်တယ်…ယူတယ်….မရှက်ဘူးလား…အိုး..ရှက်ဖို့ကောင်းလိုက်တာ…"
အချစ် မျက်နှာတွေပူ နားတွေအူပြီး အဝတ်ပုံထဲ ခေါင်းမှောက်ခါ အော်မိသည်။
"ဘာရှက်စရာရှိလည်း…မင်းမှားနေရင် လမ်းမှန်ကို တင်ပေးဖို့က ငါ့တာ၀န်လို့ မပြောခဲ့ဘူးလား.."
"ဦးဒီက လွန်သွားပြီ..မိန်းမ ကိစ္စတွေလည်း လိုက်ပါတာပဲ..အချစ်ဟာ့ အချစ် ဘီဒိုထဲ ထည့်ထားတာ ဘာမှားလည်း.."
"မင်း အရွယ်နဲ့ ဒီလိုဟာတွေ မ၀တ်သင့်ဘူး..ပန်းအချစ်ဦး..မင်းကို ကြည့်ရတာ မိခင် ရဲ့ အုပ်ထိန်းမှုမရှိသလို အဒေါ် လုပ်သူရဲ့ စကားကိုလည်း နာခံတဲ့ ပုံမပေါ်ဘူး..ဒါကြောင့် မိန်းမ တစ်ယောက် သိသင့် သိထိုက်တာတွေ မင်းမသိဘူး…"
အချစ် စိတ်တိုလွန်းလို့ လက်ထဲက အင်္ကျီ ီင်္င်္ကို ပစ်ချလိုက်ပြီး ခါးထောက် ခေါင်းမော့ခါ ခပ်လှောင်လှောင်ရယ်လိုက်သည်..။
ဦးဒီက ကို မကျေနပ်တာတွေ များလွန်းလို့ မြိုသိပ်ထားတာတွေ ပေါက်ကွဲ ပစ်ချင်နေတာ ကြာပေါ့..။
"ဒီမှာ ဦးဒီက…အချစ်က ဆယ်နှစ်သမီးကတည်းက အမျိုးသမီး ကိစ္စ အကုန်သိတယ်…သိသင့်သိထိုက်တာ အကုန်သိတယ်…အမေ တို့ အဒေါ်တို့ ဆီက ရှေးထုံးတွေ မသင်ချင်လို့ ကိုယ့်ဟာကို ခုခေတ် လူတွေ ဆီက အများကြီး လေ့လာထားတာ…အချစ်တို့က လူသာ ငယ်ပေမဲ့ ဘ၀ကသင်ပေးတဲ့ ဗဟုသုတ အပြည့်ရှိတယ်…ဦးဒီက ရဲ့ စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာတွေ တောင် အချစ် သိတယ်…"
"မင်းကိုမင်း..အထင်ကြီးလွန်းနေပြီ ကောင်မလေး..မင်း အလုပ် က မှားလား မှန်လား မင်း မခွဲတက်သေးဘူး.."
"အိုး…စကားလမ်းကြောင်းမလွဲနဲ့…အချစ်ကို နေရာတကာ ကလေးလို လိုက်ချုပ်ချယ်နေတာတွေ အချစ်မကြိုက်ဘူး..ဘယ်တုန်းကမှ မကြိုက်ဘူး..ဦးဒီက သိအောင်ပြောထားတာပါ…"
"အဟွင်း…ဒါဖြင့် ဒီကိစ္စမှာ မင်းမှန်တယ်ပေါ့လေ…"
"မှန်တယ်..ဒါကြောင့် အချစ်ကို ဦးဒီက ပစ်လိုက်တဲ့ ဟာမျိုး ထပ်၀ယ်ပေးပါ.."
"မ၀တ်ရဘူး ဆိုရင်ကော…"
"မ၀တ်ဘူးလေ….ဒီတိုင်းထိုင်နေမယ်…"
အချစ် ကိုယ်ပေါ်က ရေချိုးအ၀တ်ကြီးကို လက်ညိုးထိုးပြပြီး လက်ပိုက် ပခုံးတွန့်ခါ ပြောလိုက်တော့ ဦးဒီက က ပြုံးစေ့စေဖြင့် ထွက်သွားသည်..။
အချစ် အ၀တ်တွေကိုစူဆောင့်ပြီး ခေါက်နေတုန်း ပြန်၀င်လာတော့ လက်ထဲမှာ စာအုပ်ကြီးပါလာပြန်သည်..။
"ကောင်မလေး.."
"…."
"ဟေ့…ရွှေခဲ…"
"ဘာလည်း.."
"ဘယ်လိုဖြစ်တာလည်း.."
"မဖြစ်ဘူး.."
"အဟွင်း…မင်းက ပိုက်ဆံတော်တော်ကြိုက်တဲ့ ကောင်မလေးပဲ…"
"ဟွင့်..အဲဒါကြောင့် ကိုယ့်အားနည်းချက်ကို ဘယ်လို ရင်းနှီးပါစေ မပြောပါနဲ့တဲ့လေ..တကယ်မှန်တယ်.. အချစ် အကြောင်းသိတော့ အထင်သေးပြီမလား…အချစ်တို့က ပိုက်ဆံကြိုက်တယ် ဆိုပေမဲ့ ကိုယ့်လုပ်အား နဲ့ ရတဲ့ ပိုက်ဆံကို လိုချင် သိလား..သူများ ပိုက်ဆံကို အချောင်လိုချင်တာ မဟုတ်ဘူး…ဦးဒီက မတရားလုပ်တာ.."
"မင်း မနေ့ကတည်း ရန်စွာနေတယ်နော်…မင်းကို သုံးချင်တာ သုံးဖို့ ငါးသိန်းပေးထားတာတောင် တစ်ရွက်မှ မလျော့သေးဘူးမလား.... ဒီလောက်ပဲ လခ ပိုက်ဆံလိုချင်နေလား.. ဘာအတွက် သုံးမယ်ပြောရင် ငါ ပေးမှာပေါ့…
ပြော …ဘယ်လောက်လိုချင်လည်း.."
"မပြောဘူး..ပေးလည်း မပေးနဲ့တော့..ဦးဒီက က ကတိမတည်တဲ့ ဦးကပ်စေးနှဲကြီး…"
"ဟာ….ကျစ်..ထားပါတော့…ရော့ စာအုပ်ဖတ်ကြည့်ပြီး ဆုံးဖြတ်ပေါ့..ရေစိုကြီးနဲ့ ကြာကြာ မနေနဲ့နော်…သင့်တော်မဲ့ အ၀တ်အစားတွေကို ရောက်တဲ့ နေ့ကတည်းက မင်းထက်နားလည်တဲ့ မိန်းကလေး နှစ်ယောက် လိုက်၀ယ်ပေးထားသားပဲကွ…မင်းဟာ့မင်း ဆရာလုပ်ပြီး ကလေး အမေတွေ ၀တ်တဲ့ ဟာမျိုး ခိုး၀တ်နေတော့ကြည့်ရတာ အဆင်မပြေဘူး..ဘယ်သူမှ မင်းကို မပြောပေမဲ့ …ငါက သနားမိလို့  အရာရာကို အမုန်းခံပြီး မျက်နှာပူပူ နဲ့ လိုက်ပြောနေရတာကွ…..."
"ဟင်…"
အချစ် မျက်လုံးပြူး၍ လှမ်းကြည့်လိုက်တော့ အခန်းထဲက ထွက်သွားပြီ..။
ဒီလူကြီး ဘာတွေ ပြောသွားတာပါလိမ့်…။
အင်းပေါ့..အသက်ကဖြင့် သေခါနီးဆိုတော့ မိန်းမတွေ အကြောင်းအားလုံးသိနေပြီးပြီပေါ့လေ…။
အချစ်ကို ပစ်ချပေးခဲ့တဲ့ စာအုပ်ကို ကောက်ယူပြီး တဖျတ်ဖျတ် ဆွဲလှန်ခါ လျှောက်ကြည့်မိသည်.။
"ဟင်…ဒီလူကြီး နှာဘူးကြီးပဲ.."
အချစ်ကတော့ ခြေထောက်ကျိုးနေတဲ့ အဖိုးကြီး ဆိုပြီး စေတနာ ထားခါ အနားမှာအနီးကပ်ပြုစုပေမဲ့  သူ့စိတ်ကို သိလိုက်တော့ လန့်လာရသည်..
ခြေကျိုးနေတဲ့ သူကတော့ ဒီလို မိန်းမအ၀တ်အစား စာအုပ်လည်း ဖတ်တာပဲလား..။
လူတွေကို အပေါ်ယံ ကြည့်ပြီး မယုံနဲ့ ဆိုတာ တကယ်မှန်တာပဲ..။
အချစ် နှာခေါင်းရှုံ့ရင်း စာတွေ လိုက်ဖတ်နေတော့ ရင်သားကင်ဆာ အကြောင်း ဖြစ်နေသည်..။
"အား…ရှက်ဖို့ကောင်းလိုက်တာ…ဆိုင်က ဟာမ ကြီးပြောတော့ ပုံကျလှပဆို…အခုတော့ ကလေးအမေ တွေနဲ့ သင့်တော်တဲ့  အမျိုးအစားတဲ့..အား.."
အချစ် စာအုပ်ကို ပစ်ချလိုက်ပြီး ရှက်လွန်းလို့ အော်ငိုချင်လာသည်..။
ဦးဒီက ဘယ်လိုသိသွားပါလိမ့်…။
သိမှာပေါ့ အချစ် အ၀တ်အစားတွေ က စည်းမရှိ ကမ်းမရှိ တစ်ခန်းလုံး ပြန့်ကျဲနေတက်တာပဲဟာ…… ရှက်ဖို့ကောင်းလိုက်တာ…။
အချစ် အ၀တ်ပုံထဲ ခေါင်းတိုးပြီး မျက်နှာပူ ရှက်လို့ စိတ်ထဲရှိတဲ့ အတိုင်း အော်နေမိသည်..။
"ဒီမှာ.."
"ဖတ်ပြီးပြီလား.."
"အွင်း.."
အချစ် မျက်နှာ ခပ်လွဲလွဲဖြင့် လှမ်းပေးနေတာကို မယူသေးပဲ လူကို မော့ကြည့်နေသေးသည်..။
မျက်နှာတွေ ပူလွန်းလို့ မီးထတောက်တော့မယ် ဦးလေးကြီးရဲ့…။
"မင်း အတွက် ယူထားလေ…စာအုပ်စ၀ယ်ကတည်းက မင်းအတွက် ဆိုပြီး ၀ယ်ထားတာပဲ သိချင်တာရှိရင် ဖတ်ကြည့်ပေါ့…ဆရာ၀န်ရေးတာ ဆိုတော့ အဆင်ပြေမှာပါ…"
"ဟုတ်…ကျေးဇူးတင်ပါတယ်.."
အချစ် ခပ်သွက်သွက် ပြောပြီး စာအုပ်ကို ကိုင်ခါ အခန်းထဲ အပြေးတပိုင်း ၀င်ပြေးလာခဲ့ရသည်..။
စာအုပ်ထူထူ ကိုကြည့်ပြီး အချစ် ခေါင်းကုတ်ရင်း ခုတင်ပေါ်မှာ ထိုင်လိုက်သည်..။
စာမျက်နှာတွေကို မကျော်ပဲ အစ မာတိကာမှ အကြောင်းအရာတွေကို လိုက်ဖတ်ကြည့်တော့ တော်တော် စုံပါသည်..။
ပုံတွေနဲ့ စာတွေ တွဲရေးထားလို့ စာအုပ်က တော်တော်လည်း ထူသည်.။
လိုအပ်တဲ့ အချိန်ဖတ်မယ် ဆိုတဲ့ အတွေးဖြင့် အချစ် အိပ်တဲ့ဘေးက ခုံလေးပေါ် တင်ပြီး ဦးဒီက နဲ့ တူတူ ထမင်းစားဖို့ ထွက်လာခဲ့လိုက်သည်.။
ထမင်းဝိုင်းမှာ မျက်နှာပူပေမဲ့ ဦးဒီက က ပုံမှန်အတိုင်း ပြောဆိုခါ ဟင်းထည့်ပေးတော့ အချစ်လည်း စိတ်တွေ ပေါ့ပါးလာရသည်..။
"ဟုတ်လား..ရတယ်လေ…ဖိုးကောင်းတို့ရှိတယ်…အင်း..သတိထား မောင်းနော်.. ဟုတ်ပြီ.."
အချစ် မှာ စာအုပ်ဖတ်ပြီးခါမှ ဂျင်းဘောင်းဘီတို့ ကိုယ်ကြပ်တို့ဖြင့် ကြပ်ကြပ်တုတ်တုတ် မအိပ်ရဲတော့ပဲ တစ်ခါမှ မ၀တ်ဖူးသည့် ညအိပ်၀တ်စုံ ၀မ်းစက်ကလေးကို ထုတ်၀တ်ထားရသည်..။
"ဦးဒီက အိပ်တော့မလား.."
"အင်း..အဟွင်း..ရွှေခဲက ဒီလိုကျတော့ ဆယ်နှစ်သမီး ကလေးလေး လိုပဲ.."
ကလေးနဲ့တူမှာပေါ့ ၀မ်းစက် အကျီ င်္မှာက မစ်ကီမောက်စ် ပုံလေးတွေ ပြည့်နေတာလေ…။
အချစ် ဘာမှ ပြန်မပြောတော့ပဲ ခုတင်ပေါ်တက်ခါ စောင်ခြုံပြီး အိပ်လိုက်သည်..။
အိပ်ရတာ ဒီနေ့မှ နူးညံလိုက်တာလို့ တွေးမိရင်း မျက်လုံးတွေ စင်းကျလာတော့သည်..။
"တီ…တီ…"
"ဟင်…"
အချစ် အိပ်ပျော်နေရာက ကားဟွန်းသံ သဲ့သဲ့ လေးကြောင့် ဖျတ်ခနဲ့ မျက်လုံးပွင့်သွားခါ ခုတင်ပေါ်က ခုန်ဆင်းမိသည်..။
ကိုကို နောက်ကျမယ်လို့ ဖုန်းဆက်ထားတာ ကိုဖိုးကောင်းတို့ အိပ်နေကြပြီ ထင်တယ်..။
အချစ် ခြေသံမကြားအောင် ဖွဖွ လျှောက်၍ အခန်းပြင်ထွက်ခါ ၀ရန်တာကို ရောက်လာသည်..။
အောက်ထပ်မှာ ကားတစ်စီးတည်းရှိသလို ကိုကို့ကားလည်း မတွေ့…။
လမ်းက သွားတဲ့ ကားဟွန်းသံ ဖြစ်မှာပါလို့ တွေးပြီး အိမ်ထဲ ပြန်၀င်ဖို့ လုပ်နေချိန် ခြံရှေ့မှာ ကားမီးရောင် အရင်ရောက်လာပြီး ကိုကို့ကားလေး ထိုးရပ်သည်..။
ကိုကို့ကို ဘယ်လောက် စိတ်ဝိညာဉ်ကပါ စွဲလမ်းနေလည်း မသိ..။
အိပ်နေရင်းနဲ့တောင် ကြိုသိနေပြီလေ..။
အချစ် ၀ရန်တာကနေ ငုံ့ကြည့်နေတုန်း ကိုဖိုးကောင်းက ခြံတံခါး ဖွင့်ပေးပြီး ကိုကို့ကားက ၀င်လာသည်..။
ကိုကို နဲ့ တူတူ မနေရပေမဲ့ တစ်အိမ်တည်း မြင်ခွင့်ရပြီလို့ တွေးရင်း အချစ် ကျေနပ်စွာ ပြုံးလိုက်မိသည်..။
"ဟင်.."
ကိုကို က ကားထဲက တယိမ်းတယိုင် ထွက်လာခါ ကိုဖိုးကောင်းကလည်း တွဲထားရသည်..။
ကိုကို ဘာဖြစ်လို့လည်း ဆိုတဲ့ စိုးရိမ်စိတ်ဖြင့် လှေကားကနေ ပြေးဆင်းသွားလိုက်တော့ ကိုဖိုးကောင်းက ဆိုဖာပေါ်မှာ ချပြီး ခါးထောက်ခါ အမောဖြေနေသည်..။
"ဟင်..ပန်းအချစ်ဦး..."
"အင်း..ကိုဖိုးကောင်း ကိုရူပါ ဘာဖြစ်တာလည်းဟင်.."
"သြော်..အကိုလေးက ဒင်နာက ပြန်လာတိုင်း အဲလိုပဲ..ကြီးကြီး ကို သွားနှိုးလိုက်ဦးမယ်.."
ကိုဖိုးကောင်းက ခါးထောက်ထားတာ ဖြုတ်ပြီး ကြီးကြီး တို့ အိပ်ခန်းဘက်ကို လှည့်လိုက်တော့
"မခေါ်ပါနဲ့ အချစ် ပို့ပေးလိုက်မယ်…"
"ဟင်…ရပါ့မလား.."
"ရပါတယ်…"
အချစ် ခေါင်းညိတ်ပြီး ပြောလိုက်တော့ မှ ကိုဖိုးကောင်းက အိမ်ထဲက ထွက်သွားပြီး ခြံတံခါး ပိတ်ခါ ကားကို နေရာချနေသည်..။
အချစ် အကို၀မ်းကွဲတွေ မူးလာတိုင်း အချစ်ပဲ နေရာချပေးရ တာ ဆိုတော့ ဘာမှ မထူးခြားသလို ကိုကို့ လက်ကို မြှောက်ပြီး အချစ် ခေါင်းတိုး၀င်ခါ ပခုံးနဲ့ ထမ်းလိုက်သည်..။
"ကိုရူပါ အခန်းထဲ ပို့ပေးမယ်နော်.."
"ဟမ်…ဘယ်သူလည်း.."
ကိုယ် အရမ်းချစ်ရတဲ့ သရုပ်ဆောင် တစ်ယောက်ရဲ့ မူးနေတဲ့ မျက်နှာကို ငဲ့ကြည့်ရင်း အချစ် သဘောကျစွာရယ်မိသည်..။
ဒီပုံလေး သာ အင်တာနက်ပေါ်ရောက်သွားရင်တော့ ကြည့်ကောင်းပြီ..။
အချစ် မနက်ကတည်း ပြင်ထားတဲ့ အခန်းထဲကို ခေါ်သွားရင်း ခုတင် နားကို ရောက်တော့ လက်နဲ့ ပခုံးတွေ ညောင်းလာပြီ..။
"ကိုရူပါ လမ်းလျှောက်လေ.."
"အင်း.."
ခြေလှမ်း ခပ်လေးလေး ကိုပင် အချစ် မှာ မနည်း ၀န်ပေါ့သွားတော့ ကျေးဇူးတွေ တင်နေရသည်..။
ခုတင်ပေါ် ရောက်တော့ ထိုင်ခိုင်းလိုက်ပြီး ဖိနပ်ကြီးကို ချွတ်ပေးရတော့သည်..။
"အိပ်လိုက်နော်.."
"အိ…အိ…လာကွာ..အိပ်မယ်…"
"အိုး…"
အချစ်ကို ဆွဲဖက်ပြီး ဝုန်းခနဲ့ လဲချလိုက်တော့ ဖက်လျက်သားဖြင့် ကိုကို ရင်ဘတ်ပေါ် ပါးအပ်ပြီးသား ဖြစ်သွားသည်..။
အချစ် ရုန်းထချိန် ကိုကို က ပြန်ဆွဲဖက်ထားတာ တင်းကြပ်နေတော့ ခဏ ငြိမ်နေရသည်..။
တဖြည်းဖြည်း လက်တွေက လျှောကျသွားတော့ အချစ် ထလို့ ရတဲ့ အနေအထား ရောက်သွားသည်..။
စိတ်ထဲက ထပြေးဖို့ ရည်ရွယ်လိုက်ပေမဲ့ တစ်ချိန်လုံး တောင့်တ ခဲ့ရတဲ့ နီးစပ်မှုကလေးကို မစွန့်ချင်..။
ဦးဒီက ကို မြင်ရရင် အချစ်ဘ၀ ကြီး ကို စိတ်ဆင်းရဲလို့ ကျောပေး အိပ်နေရပေမဲ့ အခုလို ကိုကိုနဲ့သာ နေခွင့်ရရင် ရင်ခွင်ထဲ ၀င် အိပ်ချင်ပါသည်..။
အချစ်က ထူးဆန်းတယ် အနီးအပါးမှာ အမြဲတွေ့မြင်ထိတွေ့ နေရသူတွေကို မချစ်မိပေမဲ့ ဓာတ်ပုံလေး တစ်ပုံကို တွေ့မိပြီး ချစ်မိသွားတယ်..။
အချစ်က လွတ်လပ်မှုကို  နှစ်သက်ပြီး စည်းမျဉ်း တွေ ဘောင်တွေနဲ့ ပိတ်လှောင်ထားတဲ့ နေရာမှာ မပျော်တက်ဘူး..။
တစ်ခါတလေ ကျတော့ အချစ်က ဘာကိုမှ မစဉ်းစားတက်တော့ပဲ ချစ်ရသူကို ပိုင်ဆိုင်ခွင့် ရဖို့ အတွက် မကြံသင့်တာတွေ ကြံစည်မိပြန်ရော..။
မဖြစ်သင့်တာတွေ ဖြစ်လာတဲ့ အခါ အချစ်မှားတယ်လို့ သတ်မှတ်ကြမှာလား..။
အချစ် စိတ်ထဲ သက်ပြင်းမောတွေ ဖြစ်လာပြီး အခွင့်အရေးများလား တွေးကြည့်မိသည်..။
ဇာတ်လမ်းတွဲထဲမှာ မင်းသားက မူးနေတုန်း မင်းသမီး နဲ့ အိပ်ပျော်သွားတာလေ..။
ဦးဒီက ပြောတော့ မင်းသမီးက နှိပ်စက် ခံရတာ သနားဖို့ ကောင်းတယ် ဆိုပေမဲ့ နောက်ဆုံးတော့ မင်းသားက သနားပြီး ချစ်သွားတယ်လေ…။
မင်းသမီးသာ အဲဒီ့ညက အရက်တိုက်ပြီး ဇာတ်လမ်းမဆင်ခဲ့ရင် မင်းသားနဲ့ တစ်သက်လုံးဝေးသွားမှာပေါ့..။
အချစ် တံတွေးတစ်ချက် မြိုချလိုက်ပြီး ကိုကို့ရဲ့ မျက်နှာ ချောချောမှုန်မှုန်ကို မော့ကြည့်မိသည်..။
"ငါလေ…အသည်းလေးကို တွေ့ရင် ပြေးဖက်ပြီး သူ့ရင်ခွင်ထဲ တိုး၀င်မိမှာသိလား.."
"ဟို ရုပ်ရှင်ထဲက လိုမျိုး…အသည်းလေး ဆီမှာ အလုပ်သမား လုပ်ရရင် ကောင်းမှာပဲ အမြဲတမ်း တွေ့နေရမှာလေ.."
"တစ်ခါတည်း အပိုင်ကြံပြီး ရအောင် ယူပစ်လိုက်မယ်…ဟား..ဟား.."
"ဟင်း…"
အချစ် သူငယ်ချင်းတွေနဲ့ ပြောတဲ့ စကားကို ပြန်ကြားယောင်ရင်း သက်ပြင်းချခါ ကိုကို့ရင်ခွင်ထဲ ပိုတိုး ၀င်မိသည်..။
ကိုကို့ ခါးကို မရဲတရဲ ပြန်ဖက်ထားရင်း ကြောက်စိတ် နဲ့အတူ လုပ်ရဲ ကိုင်ရဲ တဲ့ စိတ်တွေက လွန်ဆွဲ သလို ဖြစ်နေသည်..။
ဦးဒီက တို့ သိရင် ဘာပြောမလည်း…။
အိုး…ဆူမှာပေါ့…ဆူပါစေ…မနက်ကျရင် ကိုကို့ က အချစ်ကို ယူမှ ဖြစ်တော့မှာလေ…။
ဖိုးဖိုး လည်း ဆူဦးမှာပါပဲ…နေပါစေ..နောက်တော့လည်း…အချစ်က ကိုကိုရဲ့ တရား၀င် ဇနီး ဖြစ်ပြီလေ..။
မူးနေလို့ ဘာမှ မသိပေမဲ့ အချစ်ကတော့ ရုပ်ရှင်ထဲက အတိုင်း ဟန်ဆောင် ငိုပြပြီး တာ၀န်ယူခိုင်းရမှာပဲပေါ့လေ..။
အချစ် ကို ခွင့်လွှတ်ပါ ကိုကို ရယ်…ကိုကို လည်းကြာလာရင် အချစ်ကို သနားပြီး ချစ်သွားမှာပါ..။
အချစ် မျက်လုံး စုံမှိတ်ပြီး ကိုကို့ကို ဖက်ခါ ကြောက်စိတ်ကြောင့် ရင်တုန်နေတာကို ရပ်အောင်လုပ်ရသည်..။
"ကျီ.."
"ဟင်.."
အခန်းတံခါး က အသံ မထွက်ပေမဲ့ အောက်ကြမ်းခင်းအမာ နဲ့ တိုက်တိုင်း ထွက်နေကျ အသံ တစ်ခု..။
အချစ် မျက်လုံး ပြူး၍ ကြည့်လိုက်တော့ အခန်း၀မှာ ဝှီးချဲ အနက်ရောင် နဲ့ အတူ တင်းမာခက်ထန် နေတဲ့ ဦးဒီက ရဲ့ မျက်နှာ…။
"မင်းထွက်လာလို့ရပြီ.."
"ဟင်…"
"မြန်မြန် လာလေ…"
အချစ် တံတွေး တစ်ချက် မြိုချပြီး  ကိုကို နိုးသွားမှာစိုးလို့ ဖြည်းဖြည်းလေး ထလာခဲ့ရသည်..။
အခန်းထဲမှာ အော်ဟစ် ငိုကြွေး ပြရင် ကိုကို ကလည်း အချစ်ကို မုန်းသွားမှာ စိုးမိသည်..။
အဲလိုကြီး မမုန်းစေချင်တာကြောင့် အချစ် နှုတ်ခမ်းဖိကိုက်ပြီး ဦးဒီက နောက်ကို လိုက်သွားရသည်..။
"အိ…ဘယ်လည်း.."
"ဟင်.."
"ညီ အိပ်တော့…"
"သြော်…ကြီးကြီး ကိုး.."
ကိုကို့ရဲ ပလုံးပထွေး အသံ ကြားရပေမဲ့ အချစ် အပေါ်ကို တက်လာခဲ့ရသည်..။
ဦးဒီက ဘာပြောမလည်း တွေးရင်း ကြောက်လိုက် ရင်တုန်လိုက်ဖြင့် ဘာတွေ ပြောရမလည်း စဉ်းစားမိသည်..။
"သွားအိပ်တော့လေ…"
"ဟင်…"
"ညနက်နေပြီ.."
ဘာမှ မထူးခြားသည့် အခြေအနေကြောင့် အချစ် ကြောက်စိတ်လျော့သွားအောင် လက်ကို ဆုတ်လိုက်ဖြန့်လိုက် လုပ်ရင်း..
"ဟို..ဟို…ဦးဒီက…အချစ် ပြောစရာ ရှိတယ်.."
"ဘာလည်း.."
"ဟို…ကိုရူပါက အချစ်ကို….အချစ်ကို….အဟင့်..ဟီး…."
"ဘာလုပ်လည်း.."
"အချစ်ကို စော်ကားတယ်.."
"ဘာ…"
"အဲဒါ ကိုရူပါ တာ၀န်ယူပေးရမယ်…"
"ပန်းအချစ်ဦး.."
ညနက်နက် တိတ်ဆိတ်မှုမှာ ဦးဒီကရဲ့ အံကြိတ်ပြီး ထွက်လာတဲ့ စကားသံ တိုးတိုး က ခြောက်ခြား စရာကောင်းသည်..။
အချစ် ရင်တွေ တုန်ပြီး ကြောက်နေပေမဲ့ လျော့လို့ မဖြစ်တာ သိနေသည်.။
ဒီကိစ္စဒီအလုပ်က အပြော တစ်ခု အပေါ်မှာ မူတည်နေတဲ့ အချစ် လုပ်နေကျ ပွဲစား အလုပ်တွေထက် ပိုသည်..။
အချစ် နှလုံးသားနဲ့ သက်ဆိုင်နေတဲ့ အလိမ်အညာ ကောက်ကျစ်မှု တစ်ခု..။
"အချစ် က နစ်နာသူပါ…"
"နစ်နာသူ ဟုတ်လား…အဟွင်း..မင်း အိပ်ယာ က ဒီမှာ …ည တစ်နာရီကို မင်းက ဘယ်လို ဖြစ်ပြီး အောက်ထပ်က ရူပါ့ အခန်းထဲ ရောက်နေတာလည်း…ရူပါက အပေါ်တက်လာပြီး မင်းကို ဆွဲချခေါ်သွားတာလား.."
"အချစ် က ခြံတံခါး ဖွင့်ပေးဖို့သွားတာကို..ကိုရူပါက.."
"ဖိုးကောင်းက ခြံတံခါး ဖွင့်ပြီး ခေါ်လာတာလေ.."
"ဟင်.."
အချစ်မှားသွားတဲ့ အချက်ကို ထောက်ပြလိုက်တော့ အချစ် မျက်လုံးပြူးဖြင့် ကြည့်မိပြီး ဟန်ဆောင်ခါ မျက်နှာ လေး ပြန်တည်လိုက်ရသည်..။
"ဟုတ်တယ်..ကြီးကြီး အိပ်ရေးပျက်မှာ စိုးလို့ အချစ် ပို့ပေးမယ် ပြောလိုက်တာ…ပြီးတော့ အခန်းထဲရောက်တော့ ကိုရူပါကလည်း မူးနေတော့ အချစ်ကို ဆွဲဖက်တယ်..အချစ်ရုန်းပေမဲ့ အတင်း…..အဟင့်…"
"ဆက်ပြော…."
"ဦးဒီက နှမချင်းမစာမနာ မပြောပါနဲ့…ကိုရူပါ က ဦးဒီက ရဲ့ ညီဖြစ်တာနဲ့ မိန်းကလေး တစ်ယောက် ဘ၀ပျက်လည်း ဂရုမစိုက်ဘူး ဆိုတာမျိုး မလုပ်ပါနဲ့…အချစ်ကတော့ ဒီကိစ္စ မရှင်းပေးရင် ဖိုးဖိုးကို ရှင်းခိုင်းမယ်…ပြီးရင် တရားရုံး အထိ ရှင်းခိုင်းမယ်.."
"အဟွင်း..မင်း က မြွေမလေးပဲ..ပန်းအချစ်ဦးရဲ့.…"
"အချစ်က နစ်နာရသူပါ..ဒါကြောင့် အခုချိန် အိမ်မှာ အကြီးဆုံး ဖြစ်တဲ့ ဦးဒီက ရှင်း ပေးနိုင်မလားလို့ မေးနေတာပါ.."
"ကောင်းပြီလေ..ငါရှင်းပေးမယ်…ဒါပေမဲ့ ဒီကိစ္စ ရူပါ သိလို့မဖြစ်ဘူး…မင်းအတွက် ဘာမှ မထူးဆန်းပေမဲ့ ရူပါကတော့ သူ့ အကိုရဲ့ မိန်းမ နဲ့ လွန်ကျူးမိတာ သိရင် သူ့ ကိုယ်သူ သတ်သေချင်စိတ်ပေါက်အောင် စိတ်ရှုပ်သွားလိမ့်မယ်…ရူပါ …ငါ့ကို ဘယ်လောက် ရိုသေလည်း မင်းသိတယ် မလား.."
အချစ် ခေါင်းငုံ့လိုက်ပြီး ခေါင်းညိတ်ပြလိုက်တော့ ခုတင် အနားကို ဝှီးချဲ ရွေ့သွားခါ ခုတင် ပေါ် တက်ဖို့ပြင်နေသည်..။
အချစ်ရဲ့ လုပ်နေကျ တာ၀န် ၀တ္တရားတွေက စိတ်မှာ စွဲနေတော့ အလို အလျောက် အနားကို ရောက်သွားခါ ဒေါက်ဖြုတ်ပေးဖို့ ပြင်မိသည်..။
"ပန်းအချစ်ဦး.."
"ဟင်.."
"ငါ ဒီကိစ္စ မရှင်းရသရွေ့ မင် ငါ့ အနားကို မလာပါနဲ့….."
အချစ် မျက်နှာကို စေ့စေ့ ကြည့်ပြီး ပြောလိုက်တော့ အချစ် မျက်နှာကို ရိုက်တာထက် ခံရခက်သွားခါ မျက်နှာတွေ ပူလောင်လာသည်..။
ဘာကိုမှ ဂရုမစိုက်ဘူး ဘာတွေ ပြောလာလာ ခံပစ်လိုက်မယ် ဆိုတဲ့ စိတ်တင်းထားမှုတွေ လွင့်ပျယ် ကုန်ပြီး မျက်ရည်တွေ စို့လာသည်..။
"စာဖတ်ခန်းထဲမှာ ခုံရှိတယ်..အခုည အဲ့မှာ မင်းအိပ်.."
"ဟင်…"
"မင်း ယောင်္ကျားရဲ့ ညီနဲ့ မင်းအခုပဲ လွန်ကျူးလာတယ်ဆို…မင်းက ငါ့ဘေးမှာ ယှဉ်တွဲ အိပ်ချင်သေးလို့လား…မင်း ဘယ်လိုမှ မနေဘူးလား..မင်းက တော်တော် ခံစားချက်မဲ့ တာပဲ ပန်းအချစ်ဦး…"
အချစ် မကြားချင်တဲ့ စကားတွေ ထပ်ပြီး ထွက်လာမှာ စိုးလို့ အခန်းထဲက ပြေးထွက်လာခဲ့ရသည်..။
စာဖတ်ခန်းထဲက ခုံပေါ်မှာထိုင်ရင်း စီးကျနေတဲ့ မျက်ရည်တွေကို အင်္ကျီ  လက်ဖြင့် ဆွဲယူသုတ်မိသည်..။
အိုး..မငိုစမ်းနဲ့ နင် ဒီထက် မက အပြောခံခဲ့ရတာဖူးတာပဲ…သူ့ထက် ရိုင်းစိုင်းတဲ့ သူတွေနဲ့ နင် နေခဲ့ဖူးတာပဲ..။
ဒီလူကြီး မာမာထန်ထန် ပြောတဲ့ စကားနည်းနည်းလေးကို ဘာလို့ လိုက်ခံစားနေတာလည်း။
နင့်ရဲ့ မူပိုင် စကား ကို ပြန်စဉ်းစားစမ်း…အပြောခံရလို့ ဘာမှ မဖြစ်ဘူး…အပြောခံရတာနဲ့ တန်အောင် ပြန်ယူတက်ရမယ်..။
ဟုတ်တယ်…ကိုကို့ကို မရရင် မဖြစ်ဘူး..ကိုကို့ကို ပိုင်ကို ပိုင်ရမယ်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
အမလေး အမလေး မနေ့က အချစ်အဆူခံရတာကို ဝမ်းတွေသာကြတာ မသနားဘူးလား ဟင့် 😁
ခုတော့ အဆိုးမလေး ပိုဆိုးပြီ 😁
ဦးဒီက တော့ ဆူပြီးပြီ 😁
အချစ်ရေ မငို မငိုနဲ့ကွယ် 😁
စပိုက်ကာ့ကို လည်း စာဖတ်သူတွေ ဘယ်လို ဆူတော့မလည်း
ကြိုတင် ရင်ခုန်နေပါပြီ 😍
ဆူခံရဖို့ စပိုက်ကာ ကြိုးစားပါသည် ။
Love U 😘

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now