Dark side of angle
အပိုင်း (၁၅)
Unicodeခေါင်းထဲ၌အရာရာသည် ဗလာချည်းသာဖြစ်နေ၏။ ခံစားချက်တွေကဗလာ နှလုံးသားတွင်လည်းဗလားချည်းသာ။ အိမ့်ကို သေစေခဲ့သည့်လူတစ်ယောက်နားမှာ ဇနီးကောင်းဖြစ်ဖို့အချိန်တိုင်းကြိုးစားနေခဲ့သည့် ကိုယ့်ကိုကိုယ်နောင်တရမိသည်။ သူ့စိတ်တွေ တည်ငြိမ်နေပြီဟုထင်ပါသည်။ အရာအားလုံးဟာ လေဟာနယ်တစ်ခုလို ဗလားကြည့်သက်သက်ဖြစ်နေသည်မှလွဲ၍ တည်ငြိမ်နေပါ၏။
သူ့လက်ကို တယောက်ယောက်က ဆုပ်ကိုင်ထားသည်။ ထိုလက်များက နွေးထွေး၍ပျော့ပျောင်းသည်။ သူ မျက်လုံးများဖွင့်၍ ထိုလက်ပိုင်ရှင်အား ကြည့်လ်ိုက်သည်။
'သင်းမြတ်ချယ်....'
'ဘယ်လိုလဲ နိုင်။ နေကောင်းရဲ့လား'
သူဇဝေဇဝါဖြင့်ခေါင်းငြိမ့်လိုက်သည်။
'ခဏနော် နိုင့်အမျိုးသားကို သွားခေါ်လ်ိုက်မယ်'
သူ့နားမှ ထထွက်သွားရန်ပြင်သည့် သင်းမြတ်ချယ်၏လက်ကို ဖျပ်ခနဲလှမ်းဆွဲထားလိုက်သည်။
'ဟင့်အင်း မခေါ်နဲ့။ ကျွန်မ သူနဲ့ မတွေ့ချင်ဘူး'
'နိုင့်ကို သူအရမ်းစိတ်ပူနေတာ'
'ထားလိုက်ပါ ။ ကျွန်မ အိပ်ပျော်သွားတာ ကြာပြီလား'
လက်တွင်ပတ်ထားသည့် နာရီကိုတစ်ချက်ကြည့်လိုက်ပြီး
'ဆယ့်ခြောက်နာရီရှိပြီ။ ဒေါက်တာထိုးပေးသွားတဲ့ ဆေးအရှိန်နဲ့ အဲ့လောက်အိပ်ပျော်သွားတာထင်တယ် ။ နိုင် မအိပ်တာ ဘယ်လောက်ကြာပြီလဲ'
'လေးဆယ့်နှစ်နာရီထင်တယ်'
သူက နိုင့်ကိုကြည့်ရင်း တစ်ခုခုအားမေးသင့်မမေးသင့် စဥ်းစားနေပုံရသည်။ ထို့နောက် သက်ပျင်းဖွဖွချလိုက်ပြီး
'နိုင်လဲ နိုးပြီဆိုတော့ ကိုယ်ပြန်တော့မယ်။ နိုင့်အမျိုးသားကိုတော့ နိုင် နိုးနေပြီဆိုတာ ပြောခဲ့မယ်နော်။ '
'သင်းမြတ်'
သူ မတ်တပ်ရက်လိုက်ပြီးမှ နိုင့်ကို လှည့်ကြည့်သည်။ နိုင် လှဲနေရာမှထ၍ ထိုင်လိုက်၏။