Ep-11(Unicode)

8.6K 1.3K 42
                                    



တပေါင်းတန်ခူးအချိန်ခါမို့ တိုက်ခတ်သော လေညင်းထဲမှာ အပူငွေ့နွေးနွေးလေးများ ပါရှိနေသည်။ သို့သော် သက်တမ်းရင့် အိုမင်းနေပြီဖြစ်သော မန်ကျည်းပင်ကြီးအောက်တွင် ရှိနေသည်မို့ အပူဒဏ်ဟာ ခန္ဓာကိုယ်ပေါ် မသက်ရောက်နိုင်။ မန်ကျည်းရွက်လေးတွေက လက်သည်းခွံမျှလောက်တောင် မရှိပေမယ့် သူ့၏အရိပ် အာဝါသကတော့မသေး။အေးမြလှသည်။

"ကိုရင် နယ ကိုင်းအစွန်အဖျားထိ မသွားလေနှင့်"

ပင်စည်ကြီးမှတစ်ဆင့် ကိုင်းအဖျားမှာရှိနေသော သာနုနယကို အပင်အောက်မှ သီဟလှမ်းအော်နေသည်။သူတက်နေတာ အပင်ရဲ့တစ်ဝက်လောက်သာရှိပေမယ့် မြေပြင်နဲ့တော့ ဝါးတစ်ပြန်စာမြင့်သလို အပင်ကိုင်းဖြာနေတဲ့ တစ်ခြမ်းက ရေကန်ပြင်ပေးတွင်ရှိသည်။သီဟရဲ့အော်ခေါ်သံကိုကြားသော်လည်း တုန့်ပြန်မှုမရှိ။ ဖက်ဖူးစိမ်းရောင် (ခေါ်) အဝါနုရောင်ရှိသော မန်ကျည်းရွက်နုလေးကိုသာ အာရုံစိုက်ရွေးခူးနေသည်။

"ဗျို့ သာနုနယ"

ရုတ်တရက်အသံကျယ်ကျယ်အော်လိုက်သော သီဟကြောင့် ကိုင်ထားတဲ့ လက်တစ်ဖက်က ကိုင်းချော်သွားသည်။ဟန်ချက်မပျက်အောင် ကျန်လက်တစ်ဖက်နဲ့ ပြန်ဖမ်းကိုင်တော့ ခူးထားတဲ့ လက်တစ်ဆုပ်စာ မန်ကျည်းရွက်က ခါးပုံစထဲမထည့်မှီ အောက်သို့ ကျကုန်သည်။

"အော်မနေစမ်းနဲ့ ကိုရင်သီဟရာ .... မန်ကျည်းကိုင်းဆိုတာ လက်သန်းလောက် အရွယ်အစားကို ခိုစီးရင်တောင် ကျိုးတဲ့ အမျိုးမဟုတ်ဘူး။နောက်ပြီး အပင်ထိပ်က ငတေကို မအော်ဘဲ ဘာကြောင့်​အပင်တစ်ဝက်က ကျုပ်ကို အော်နေရတာတုန်း"

"အဲ့ ငတေက အပင်တိုင်း တက်နေကျလေ ကိုရင် နယရဲ့ ၊ ခင်ဗျားတစ်ခုခုဖြစ်ရင် ကျုပ်တို့အရသာရှိတဲ့ မုန့်ပဲသွားရည်စာတွေငတ်မှာဗျ "

သာနုနယရဲ့ လက်ထဲက ပြုတ်ကျသွားတဲ့ မန်ကျည်းညွှန့်လေးတွေကို မြေပြင်ပေါ်မှ တစ်ခုချင်းပြန်ကောက်ရင်း သီဟဖြေသည်။

"ဟုတ်ပါပြီ သီဟရာ ကျုပ်အခုပဲ ဆင်းလာခဲ့မယ် ရပြီလား"

မြေပြင်ပေါ်မှာ အသံတိတ်သွားသော သီဟကို ငုံ့ကြည့်နေရာမှ အပင်မြင့်ဖျားထပ်သို့ တစ်ခါမော့ကြည့်မိသည်။ကျောက်ဆစ်ရုပ်လို တည်မြဲအတိုင်းမျက်နှာနှင့် ကျွမ်းကျင်စွာ အပင်ကိုင်းခွကို ခြေဖြင့်ချိတ်ထားသော တေဇက ကန်ချမှသာ ကျပေလိမ့်မည်။ထို့ကြောင့်​သူ့ကို လှမ်းမအော်တော့ဘဲ မြေပြင်ပေါ်သို့ အရင်ဆင်းလာလိုက်သည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now