Ep-15(Unicode)

7.8K 1.3K 52
                                    



မြေလမ်းမကြီးဘေးတွင် ရှည်လျားသော စောင်းတန်းကြီးတစ်ခုရှိနေသည်။ လက်ဝဲဘက်မှာ ရွှေရောင်တဝန်းဝန်းတောက်ပနေသော စေတီတော်ကြီးကို မြင်လိုက်ရတာကြောင့် ဒါဟာ ရွှေစည်းခုံစေတီတော်ကြီးရဲ့ စောင်းတန်းဆိုတာ သိရသည်။

လှည်းယဉ်ရပ်လိုက်သောနေရာက မြေလမ်းခွဲလေးရှိသောနေရာတွင်ဖြစ်ပြီး အုတ်ဖြင့်ပြုလုပ်ထားသော လှေကားထစ်တွေရဲ့ဘေးမှာ မြေလမ်းလေးကို စောင်းတန်းကြားကနေဖောက်လုပ်ထားသည်။ အလင်္ကာနဲ့အတူ ထိုမြေလမ်းလေးအတိုင်းလျှောက်လာပြီး ခဏအကြာ ရှေးဘုန်းကြီးကျောင်းတစ်ဆောင်နှင့် ဇရပ်လေးတစ်ခုကိုတွေ့ရသည်။ထိုဇရပ်ဘေးမှာ သရက်ပင်၊ညောင်ပင် ၊ရေသဖန်းပင်ကြီးတွေ အုံ့ဆိုင်းလျှက်ရှိပြီး ရင်ပြင်တော်တစ်ခုနှင့် စေတီတစ်ဆူရောရှိသည်။

သူနဲ့အတူ ကျောင်းဝန်းထဲသို့ခြေချမိစဉ် မည်သည့်အနှောက်အယှက်မှမရှိသလို တားဆီးမည့်အရာလည်းမတွေ့။ ဒီအတိုင်း ဝင်သွားလို့ဖြစ်နေသည်။ထိုအချိန် ကျောင်းဆောင်ကြီး၏အနောက်မှ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးထွက်လာသည်။

လက်ထဲက ပွေ့ပိုက်ထားတဲ့ထင်းတွေနဲ့အတူ နဖူးတွင် ချွေးစို့နေသောကြောင့် ဆရာတော်ကြီးမှာ သက်ရှိတစ်ဦးဖြစ်မည်ဆိုပေမယ့် ဆရာတော်က သူတို့နှစ်ယောက်ကို မြင်နေရသလိုမျိုး လှမ်းကြည့်နေသည်။အမြင်အာရုံ သိပ်ကောင်းပုံမပေါ်သော်လည်း ခပ်မှေးမှေး စူးစိုက်ကြည့်သောမျက်ဝန်းတွေက သေချာပေါက် ရိုးနဲ့ အလင်္ကာဆီမှာသာ။ အလင်္ကာက ဓားကို ချကာ လက်အုပ်ချီသည်။ ရိုးလည်းထိုနည်းတူ လက်အုပ်ချီပြီးလျင် ဖိနပ်ကို ချွတ်ဖို့လုပ်သော်လည်း ဘယ်လိုမှ ချွတ်မရ။ ခြေဖဝါးနဲ့ ကော်လို တစ်ထပ်တည်းကပ်နေတာကြောင့် လက်လျော့လိုက်ရသည်။

ဆရာတော်ကြီးက ခေါင်းတစ်ချက်ညိတ်ပြကာ ရေသဖန်းပင်ကြီးအောက်က ဇရပ်ကို လက်ညိုးညွှန်ပြသည်။ သူတို့နှစ်ယောက်ကို တည်းခွင့်ပြုသည့်ဟန်။သက်ရှိမဟုတ်တဲ့ အရာတွေကိုမြင်နိုင်စွမ်းရှိရုံမက ဒီလိုလည်းလက်ခံထားနိုင်တယ်လား။ဒါမှမဟုတ် အလင်္ကာက သာမန်သရဲ တစ္ဆမေဟုတ်ဘဲ အစောင့်ရှောက်ဖြစ်တာကြောင့် ခွင့်ပြုတာလားတော့မသိ။ သေချာတာက သူတို့နှစ်ယောက်လုံး မည်သူ့ကိုမှ ဒုက္ခအနှောက်အယှက်တွေ မပေးဘူးဆိုတာ ဆရာတော်ကြီးက သိနေခြင်းကြောင့်ဖြစ်လိမ့်မည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now