ကောင်းကင်တွင် တိမ်ကင်းစင်၍ သာယာသောမနက်ခင်းလေးဖြစ်သည်။ မိုးစက်မျက်လုံးလေးနှစ်လုံး ဖွင့်ပြီးနိုးလာတော့...သူပျော်သွားပါသည်။ တိမ်ညိုမှ သူနှင့်မျက်နှာချင်းဆိုင်၍ သူ့ကို ကြင်နာစွာပြုံးပြရင်း ကြည့်နေသည့်အကြည့်များကြောင့်ဖြစ်သည်။ မနေ့ကဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့် ပက်သက်၍ သူညကကောင်းကောင်းအိပ်မပျော်ခဲ့...၊ တိမ်ညိုသူ့အနားကထွက်သွားလိုက်မည်ကို သူစိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။ ထိုစိုးရိမ်စိတ်များနှင့် အိပ်စက်ခဲ့ရသည့်အတွက်ကြောင့်လဲ အိမ်မက်များကမကောင်းလှပေ...။
ဘာမှမပြောသေးပဲ တိမ်ညို့နှင့်သူ အကြည့်ချင်းဆုံ၍ တခဏမျှ ကြည်နူးနေမိကြ၏။
"ကို နိုးနေပြီလား"
"နိုးနေလို့ပေါ့ ဟောဒီက ကို့ချစ်သူလေးအနားကမခွဲနိုင်မခွာနိုင်ဖြစ်နေလို့ ဒီတိုင်းအလှကြည့်နေတာ"
"စကားကတတ်ပြန်ပြီ...မောင်အရမ်းပျော်တယ်သိလား ကို"
"ဘာလို့လဲ"
"အော် မနေ့တုန်းက ကိစ္စတွေကြောင့် ကိုမောင့်နားကများထွက်သွားမလားဆိုတဲ့အတွေးတွေနဲ့ ပူပန်ပြီး အိပ်မပျော် ပျော်အောင်အိပ်ခဲ့ရတာလေ၊ ခုလိုမနက်ခင်းလေးမှာ အဲ့အတွေးတွေနဲ့ပြန်နိုးထလာပင်မဲ့ ကို့ကိုမြင်လိုက်ရတော့ မောင်ပျော်သွားတာပေါ့"
"အင်းပါ မောင်ရယ်...ကိုကမောင့်အနားကထွက်သွားမယ်တဲ့လား၊ ဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူး၊ ပြီးတော့ ကို့စိတ်ထဲတွေးတောင်မတွေးပါဘူး မောင်"
"ပိုပိုပြီး စွဲလမ်းလာတယ် ကို"
"အင်းပါ လာပါဦး ရင်ခွင်ထဲကို"
မိုးစက်ကို သူ့ရင်ခွင်ကျယ်ထဲဆွဲသွင်း၍ ဖက်ထားလိုက်ပြီးနောက်
"အမှန်ပြောရရင် ကိုကော မောင် ကို့အနားကထွက်သွားမှာကို အရမ်းကြောက်တာ...အဲ့တာကြောင့်ဒီမနက်လဲ စောစောထပြီး မောင့်ကိုပဲ တစိမ့်စိမ့်ကြည့်နေတာပေါ့"
"အွန်း မောင်အိမ်မက်တွေမကောင်းသလိုပဲ ကို...ဘာတွေမက်လဲဆိုတာတော့ သေချာမမှတ်မိတော့ဘူး ဝိုးတဝါးဖြစ်နေတယ်"
