မိုးစက်တစ်ယောက် တိမ်ညို့၏ ထွားကြိုင်းလှသည့်ခန္ဓာကိုယ်ကို Taxi ကားထဲမှ ပွေ့ချီထုတ်လိုက်သည်။ နောက်ဆုံးတော့ မိုးစက်လဲ သူ၏တိုက်ခန်းသို့ အမူးလွန်နေသည့်တိမ်ညိုကို တစ်ပါတည်းခေါ်ဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။သို့ပင်မဲ့ ကံဆိုးချင်တော့ မိုးစက်၏တိုက်ခန်းကအပေါ်ဆုံးအထပ်ဖြစ်နေသည်၊ မိုးစက်မှာလဲ အတော်အသင့် ဗလကြွက်သားများရှိ၍ခန္ဓာကိုယ်အချိုးအစားကတိမ်ညိုနှင့်မတိမ်းမရိမ်းပင်ဖြစ်သော်လည်း သူ၏တိုက်ခန်းအပေါ်အထိ တိမ်ညို၏ အရုပ်ကြိုးပြတ်ဖြစ်နေသည့် ခန္ဓာကိုယ်ကို မိုးစက်တစ်ယောက် သယ်ရပေတော့မည်။တိမ်ညို၏ လမ်းပင်မလျှောက်နိုင်လောက်အောင်တွဲနေသည့် ခန္ဓာကိုယ်ကို အတင်းရုန်းကန်၍ အပေါ်ဆုံးတိုက်ခန်းအထိ မရောက်ရောက်အောင် ပုခုံးဖက်ပြီး ယိမ်းယိုင်နေသည့် တိမ်ညိုကိုသူ၏ခန္ဓာကိုယ်ကိုအမှီပြုခိုင်းထား၍ သယ်လာရသည်။
မိုးစက်၏တိုက်ခန်းက ငါးထပ်တိုက်ခန်းအပေါ်ဆုံးအထပ် ဖြစ်သည်။ တိမ်ညို၏ထွားကြိုင် လေးလံလှသည့် ခန္ဓာကိုယ်ကို အပေါ်ဆုံးအထပ်ထိရောက်အောင် ဆွဲခေါ်လာရသည့် မိုးစက်သည်ပင် ခြေကုန်လက်ပန်းကျသွားသည်။
"ဟူး...ဒီလူကို သယ်လာရတာနဲ့တင် အသက်ထွက်တော့မယ် လူမှန်းသူမှန်းမသိလောက်အောင် ဘာလို့သောက်မှန်းမသိဘူး ငါနဲ့သာမတွေ့ရင် ဒီလူ အိမ်ကိုဘယ်လိုပြန်မလဲ...ဟု"
သက်ပြင်းတစ်ချက်ချ၍ပွစိစိပြောနေလေသည်။
မိုးစက်ကတစ်ယောက်တည်းသမားတစ်ကောင်ကြွက်ဖြစ်သည်။ မိဘနှစ်ပါးကလဲ သူ ငယ်စဥ်အခါကပင်ဆုံးပါးသွားခဲ့ပြီမဟုတ်လော...ကြီးလာသည်အထိ အဒေါ်နှင့်အတူ ကြီးပြင်းလာရပြီး မိုးစက်၏အဒေါ်မှာလဲ မနှစ်တစ်နှစ်ကပင် ကျန်းမာရေး အခြေအနေမကောင်းသဖြင့် ဆေးရုံတင်ထားရပြီး ဆေးရုံမှာပင် ကွယ်လွန်ဆုံးပါးသွားခဲ့သည်။အဒေါ်ဖြစ်သူ၏ အမွေပိုင် ဤတိုက်ခန်းလေးနှင့် ဘဝအခြေအနေပေး မကောင်းသူ မိုးစက်လင်းတစ်ယောက်ပဲ ကျန်ရှိတော့သည်တကား.....။
ခဏအကြာ တိုက်ခန်းတံခါးကို ဖွင့်ရမည်ဖြစ်၍ တိမ်ညိုကိုပုခုံးဖက်၍ခန္ဓာကိုယ်ကို ထိန်းထားရာမှ အသာချခါ အနီးရှိနံရံကိုခနအမှီထားပြီး တိုက်ခန်းတံခါးသော့ဖွင့်နေစဥ် တိမ်ညိုထံမှ အော့အန်တော့မည့် အသံကြား၍ မိုးစက်လှည့်အကြည့်နှင့် တိမ်ညို၏ အန်ဖတ်တို့ကအရောက်.....၊
အန်ဖတ်များက သူ၏အင်္ကျီပေါ်သို့ အကုန်ပေကျန်ကုန်သည်။
