ဤမနက် မိုးဖွဲဖွဲလေးများကျနေလေသည်။ တိမ်ညိုမိုးစက်ထက်အရင် အစောဦးဆုံး နိုးနေလေ၏။ နိုးလာတော့ အိပ်ယာမှမထသေးပဲ သူ၏ချစ်သူလေးဖြစ်သည့် မိုးစက်ကိုစိုက်ကြည့်နေမိသည်။ အပြစ်ကင်းသည့် ကလေးတစ်ယောက်တစ်ဖွယ် အိပ်မောကျနေလေ၏။ ထို့နောက် မိုးစက်၏မျက်နှာပေါ်ကျနေသည့် ဖြောင့်စင်းရသည့် ဆံနွယ်လေးများကို နဖူးပေါ်သို့ လက်ဖြင့်အသာအယာသပ်တင်လိုက်ပြီး...မိုးစက်၏နဖူးလေးကို နူးနူးညံ့ညံ့ပင် နမ်းရှိုက်လိုက်သည်။
မိုးစက်ဆိုသည့်ကောင်လေးသာ မရှိတော့ရင် သူကမ္ဘာပျက်ရပေမည်ဟု အတွေးများဝင်လာရင်း ထိုခံစားချက်အငွေ့အသက်တို့ကြောင့် မျက်ရည်ဝဲလာလေသည်။ အတွေးလွန်နေပြီဖြစ်၍ ထိုအတွေးများကိုအမြန်ဖျောက်ပစ်ပြီး မိုးစက်ကိုတစ်ချက်ပြန်ကြည့်ရာ ယခု သူ့ရှေ့မှောက်၌ ထိုလူသားရှိနေသည်ဖြစ်သောကြောင့် ဝမ်းသာကြည်နူးမိပြီး ဤလူသားကိုသူ့အနားကနေ ဘယ်မှပေးမသွားတော့လောက်အောင် ပို၍ပင်အချစ်တွေထပ်တိုးပွားလာလေသည်။ ဒီလူသားနှင့်ဆုံတွေ့ခွင့်ပေးခဲ့သည့် ကံကြမ္မာကြီးကိုပင် ကျေးဇူးတင်နေမိလေသည်။
ထို့နောက် စောင်လွတ်နေသည့် မိုးစက်ကို စောင်သေချာပြန်ကြုံပေးခဲ့ပြီး တိမ်ညိုထလာလိုက်သည်။
တကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး မနက်စာပါပြင်ထားလိုက်သည်။ ခဏအကြာမိုးစက်နိုးပြီး အနောက်ခန်းထဲသို့ ဝင်လာတော့...
"နိုးပြီလား အိပ်ပုတ်လေး၊ ကို မနက်စာပါပြင်ထားတယ်"
"အင်း ကို အစောကြီးနိုးနေတာလား..."
"ဟုတ်တယ် မောင်၊ သွား မျက်နှာသွားသစ်တော့ ကိုစောင့်နေမယ်"
"အွန်း"
ဒီလိုနှင့် မနက်စာစားကြရင်း
"မောင် နေမကောင်းဘူးလား၊ မောင့်ကိုကြည့်ရတာ မျက်နှာမကောင်းသလိုပဲ"
"အင်း ကို ခေါင်းနဲနဲကိုက်နေလို့"
"ဟုတ်လား မောင် အဲ့တာဆို မနက်စာလေးပြီးအောင် အရင်စားလိုက် ပြီးရင်ကိုဆေးတိုက်မယ်"
