ဒီလိုနှင့် တိမ်ညိုအိမ်ပြန်ရောက်လာပြီး အဝတ်ထုပ်တွေပြင်နေသည့် အမေ့ကိုတွေ့သောအခါ
                              "ဟင် အမေ ဒီညလား ခရီးက...သားကမနက်ဖြန်မှလို့ထင်နေတာ"
                              "အော် သားပြန်ရောက်ပြီလား...အေးကွယ်မနက်ဖြန်မှ ဆိုပင်မဲ့ ခွင့်ပြန်တဲ့လူတွေများတော့ အမေလည်းမနေ့ကတည်းက ဒီနေ့ညအတွက် ကားလက်မှတ်ကြိုဖြတ်ထားလိုက်လို့သားရေ"
                              "အော် ဟုတ်...အမေ"
                              "ဒီနေ့တင် အမေလဲ နယ်ကအမျိုးတွေအတွက်ဆိုပြီး စျေးပတ်ဝယ်နေရတာနဲ့ တစ်နေကုန်သွားရော...အခုမှ အဝတ်အစားတွေ ကမန်းကတန်းကောက်ထည့်နေရတယ်"
                              "အမေ့ကားက ဘယ်နှစ်နာရီလဲ"
                              "ညရှစ်နာရီသားရေ၊ ဒါနဲ့ သားစားဖို့အတွက်က ဘာအခြောက်အခြမ်းမှ မဝယ်လာတော့ဘူး...အမေပိုက်ဆံပဲ ပေးခဲ့တော့မယ် သိလား"
                              "ဟုတ်...ရတယ်အမေ"
                              "အေးအေး မင်းလဲ မင်းသူငယ်ချင်းအိမ်သွားနေမှာမလား...အဲ့တာသိလို့ဘာမှ မဝယ်ခဲ့တာ"
                              "ဟုတ်ကဲ့အမေ ဒါနဲ့ရလား သားဘာကူညီပေးရဦးမလဲ"
                              "ရတယ်သား နယ်အတွက် ပစ္စည်းတွေကထည့်ပြီးပြီ...အမေ့အဝတ်စားတွေပဲ ကျန်တော့တာ အဲ့တာတွေကလဲ စီထားပြီးသားဆိုတော့ သွားခံနီးမှပဲ ကောက်ထည့်လိုက်တော့မယ်၊ ကဲ...အမေလဲမနက်ကတည်းကဘာမှမချက်ထားရဘူး သားအတွက် ကြက်သားတော့ကြော်ထားတာရှိတယ်၊ အဲ့တာနဲ့ပဲစားတော့ ဒါမှမဟုတ် ခေါက်ဆွဲပြုတ်စားချင်စား...ကဲကဲ သားလဲ သွားနားတော့"
                              "ရတယ်အမေ သားခေါက်ဆွဲပဲ ပြုတ်စားလိုက်တော့မယ်...အမေသာ အမေ့ဘာသာပြင်စရာရှိတာ ပြင်ထား သွားခံနီးကျရင်သားကိုလှမ်းခေါ်လိုက် သားအထုပ်တွေလိုက်ပို့ပေးမယ်" ဟုပြောပြီး တိမ်ညိုအပေါ်ထပ်သို့ တက်ခဲ့လိုက်လေသည်။
                              အပျော်လုံးစို့နေသည်မှာ တိမ်ညိုမှ ဟုတ်ပါရဲ့လား၊ သူမိုးစက်ထံသို့ သွားမည်မှာ အသေအချာပင်။
ထို့နောက် ရေမိုးချိုး ခဏနားပြီး အောက်ထပ်သို့ ဆင်းလာလိုက်သည်။
                              "သား...ညစာစားတော့မလို့လား"
                              "မစားသေးဘူး စောသေးတယ်လေအမေ၊အမေ့ကို ဘာကူရဦးမလဲလို့"
                                      
                                  
                                              
                                          
                                          