Chapter 2 (Z)

1.2K 233 12
                                    

ငါ အင်္ကျီလက်ထဲကို ကြက်သွန်နီထည့်၊ တံတိုင်းပေါ်တက်ပြီး ဆယ့်ငါးရက်မြောက်နေ့အဆုံးမှာတော့ နဂါးကြီး ရောက်လာခဲ့တယ်။

သူက တလက်လက်​တောက်​​နေတဲ့ ကြေးခွံတွေနဲ့အရမ်းလှတဲ့ ရွှေရောင်နဂါးကြီး။ သူလည်း ကောင်းကင်ပေါ်ကနေ ပျံပြီးဆင်းလာရာ မြို့သူမြို့သားတွေအားလုံး အော်ဟစ်ပြီး ကြောက်လန့်တကြားပြေးကြပါလေရော။

ငါတစ်ယောက်ထဲပဲ သူ့ကို မျှော်လင့်တကြီး စောင့်ကြည့်နေရဲတယ်။

နဂါးကြီးလာနေပြီ။
သူ ငါဆီပျံပြီးလာနေပြီ။

ငါလည်း အရမ်းတွေစိတ်လှုပ်ရှားသွားရတယ်လေ။ အင်္ကျီလက်ထဲက ကြက်သွန်နီဥကို ထုတ်၊ မျက်နှာကိုလက်နှင့်ဖုံးလိုက်ပြီး မျက်ရည်တွေဖျစ်ညှစ်ပြီး ငိုချင်ယောင်ဆောင်ပစ်လိုက်တယ်။

သူဆင်းလာပြီ !

ရုတ်တရက်ကြီး နဂါးကြီးကနေ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပုံ ပြောင်းသွားတယ် !

ကောင်လေးက အရမ်းချောတာပဲ။ မျက်ဝန်းလေးတွေက ကြီးပြီးဝိုင်းဝိုင်းစက်စက်နဲ့ တောက်ပနေတာပဲ။ မျက်တောင်လေးတွေကလည်း ရှည်လျှားပြီး ကော့တပ်နေကာ ယပ်တောင်လေးတွေလိုပဲ တဖျပ်ဖျပ်ခတ်နေရော။ နှုတ်ခမ်းလေးတွေကလည်း နှင်းဆီပွင့်ဖတ်လေးတွေလို နီပြီး ရဲရဲလေး။ သူရဲ့ ရွေရောင်ဆံပင်တွေကလည်း နေရောင်အောက်မှာ လုံးဝတောက်ပနေတယ်။

သူက နဂါးနဲ့မတူဘဲ မင်းသားတစ်ပါးနဲ့တောင် ပိုတူနေသေးတယ်။

ဒါပေမယ့် သူ့လောက်လှတဲ့ မင်းသားမျိုး ငါလည်းတစ်ခါမှ မမြင်ဖူးဘူး။

သူ့ကိုအကဲခတ်ရင်း ဒီလောက်လှတဲ့ နဂါးလေးဖမ်းတာကိုသာ ခံရရင် ငါ့ဂုဏ်သတင်း​တွေတော့ အတော်လေးတက်လာမှာပဲလို့ တွေးနေမိတယ်။

ငါနန်းတော်ပြန်ရောက်ရင်တော့ သေချာပေါက် ကြေညာချက်တစ်စောင် ထုတ်ရမယ်။

ဘုရားရေ !

သူ ငါ့ဆီလာနေပြီ !!

အကြိမ်သုံးရာလောက် မော့ပြီးသာ ရယ်လိုက်ချင်တော့တယ်။ နောက်ဆုံးတော့ ငါအဖမ်းခံဖို့စောင့်နေတဲ့ နဂါးကြီးက ဒီမှာရောက်နေပြီ !!!!!

သူက ငါ့ရှေ့မှာရပ်လိုက်တယ်။

ငါလည်း သူ့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေလိုက်တယ်။

သူကလည်း နည်းနည်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ။ သူမျက်နှာလေးက နီမြန်းနေပြီး ရတနာလို မျက်လုံးလေးတစ်စုံကလည်း အရေကြည်လေးတွေ လဲ့နေလေရဲ့။

အချိန်နဲ့ နေရာသာ အဆင်ပြေရင် သူ့ကိုငါ့လက်မောင်းတွေကြားမှာထည့်ပြီး နှစ်သိမ့်ပေးလိုက်ချင်တယ်။

ဒါပေမယ့် မဖြစ်သေးဘူး .... ငါ သူဖမ်းတာကို အရင်ခံရဦးမယ်။

သူက သူ့အင်္ကျီလက်ကို မြှောက်လိုက်တယ်။

သူက ကြိုးကိုထုတ် ငါ့ကိုချည်ပြီး ဖမ်းသွားဖို့ စီစဉ်ထားတဲ့ပုံပဲ။

ငါလေး မစောင့်နိုင်တော့ပါဘူးနော် !

ငါလည်း ကြည့်လိုက်​ရော နဂါးလေးက ရေတစ်ဘူးထုတ်ပြီး ငါ့ကိုပေးလာတယ်။ ပြီးတော့ အသံချိုချိုလေးနဲ့ နုနုညံ့ညံ့လေး ပြောလာတယ်။

" အစ်မ... အစ်မကြီး... ကျွန်တော့်ကို ဒီရေဘူးအဖုံးလေးကူဖွင့်ပေးပါ့လား။ "

???

??????

ငါ ကြက်သွန်နီဥကို ချေမွပစ်လိုက်တယ်။

“ နင် ဘာပြောလိုက်တယ် ”

ငါ့အပြုအမူက အရမ်းကြမ်းတမ်းသွားတယ်ထင်တယ်။ နဂါး​လေးက အနိုင်ကျင့်ခံလိုက်ရသလို မျက်ရည်လေးတွေ ဝဲလာပါလေရော။ သူက အထိတ်တလန့်နဲ့ ထပ်မေးလာပြန်တယ်။

" မ... မဖွင့်ပေးနိုင်ဘူးလား။ "


အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now