Chapter 5 (U)

4.9K 1.1K 95
                                    


အချိန်ခဏတာလောက် ငါ အိပ်မွေ့ချခံလိုက်ရသလိုပဲ။ ပြန်ပြီးအသိဝင်လာတဲ့အချိန်မှာ အချိန်​ကာလတစ်​​လျှောက်လုံး ပြောခဲ့​ကြတဲ့ ပုံပြင်ကိုပြောင်းလဲမိသွားပြီထင်တယ်။

မင်းသမီးက နဂါးကိုပြန်ခိုးတယ်ဆိုပြီး ပြောင်းသွားပြီလေ။

အတော်လေးခရီးရောက်ပြီးချိန်မှာ ငါ နှေးကွေးတဲ့နဂါးကို လှည့်ကြည့်လိုက်မိတယ်။ အဆုံးမှာတော့ သည်းမခံနိုင်တော့ဘူး။

“ နင် ဒီနားလာခဲ့ ! ”

နဂါးလေးက သူပြေးနိုင်သမျှ အားကုန်သုံးပြီး ငါ့ဆီပြေးလာတယ်။

“ အစ်မ …… အစ်မကြီး ”

ငါလည်း ကြမ်းတမ်းစွာ ဆောင့်ဆွဲပြီး ကြိုးကိုဖြတ်ကာ နဂါးလေးရဲ့ခါးကို ငါ့လက်မောင်းတွေကြားသွင်းပြီး ကောက်မလိုက်တယ်။

တကယ်ပါပဲ !

သူက အရမ်းပေါ့တာပဲ !

ပြီးတော့ နုလည်း နုညံ့သေးတယ် !

အိုကေ... သူ ငါ့ကိုမသယ်နိုင်ဘူးလို့ပြောတာကို မေ့ထားလိုက်ပါတော့မယ်။

နဂါးလေးက အံ့သြတကြီးဖြင့် သူ့ပါးစပ်ကို လက်​လေးနဲ့အုပ်ကာ နားရွက်လေးတွေကလည်း နီရဲလာပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ပြောတယ်။

“ အစ် …… မ …… အစ်မကြီး ခင်ဗျား ဘာလုပ်တာလဲ။ ”

ငါ သူ့ကိုချီရင်း ခြေလှမ်းကျဲကြီးနှင့် လွှားခနဲခုန်ကာ အရှိန်မြှင့်လိုက်ရင်း ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။ 

“ နင်က အရမ်းနှေးတာပဲ။ အဲ့ဒီတော့ နင့်ကိုချီပြီး လျှောက်ရတော့မှာပေါ့။ မင်းသားက ဘယ်မှာရှိနေလဲဆိုတာ နင်သိလား။ ”

နဂါးလေးက လမ်း​ကြောင်းတစ်ခုကို လက်ညှိုးထိုးပြတယ်။

ဆန့်တန့်ထားတဲ့ သူ့လက်ချောင်းလေးတွေကို ငါကြည့်လိုက်မိတယ်။

လက်ချောင်းလေးကတောင် နှင်းလိုဖြူဖွေးနုညံ့ပြီး သွယ်လျကာ ဖြောင့်တန်းနေတယ်။

သူ့ကိုသယ်ထားတဲ့ ငါ့လက်ကိုငါ ပြန်ငုံ့ကြည့်လိုက်မိတယ်။

……

ထားလိုက်ပါ... ကြည့်မနေနဲ့တော့။

နဂါးနဲ့ လူသားတွေ​ကြားမှာ ကိုယ်ပိုင်အားသာချက်တွေရှိကြတာပဲ။ မတူတာကိုယှဉ်နေရင် စိတ်ပျက်စရာတွေပဲ ရှိလာမှာပေါ့။

နဂါးလေးက တီးတိုပြောတယ်။

“ ငါတိုင်းပြည်တစ်ခုသိတယ်။ သူတို့ဆီမှာ မင်းသားတစ်ပါးရှိတယ်လို့လည်း  ကြားဖူးတယ်။ ”

ငါ စိတ်ကိုအသင့်ပြင်လိုက်တယ်။

“ ဒါဆိုလည်း အဲ့ဒီတစ်ယောက်ပေါ့။ ”

နဂါးလေးကိုသယ်လျှက် ခြေလှမ်းကျယ်ကျယ်လှမ်းကာ လမ်းအခြေအနေကို စုံစမ်းလိုက်တယ်။ 

“ နင် မင်းသားနဲ့သိလား။ ”

နဂါးလေးက ခေါင်းခါတယ်။

“ မသိဘူး ”

“ ဒါဆို သူ့ကချောရဲ့လား။ ”

“ ချောမှာပါ ”

နဂါးလေးက ဒီစကားပြောရင်း နည်းနည်းရှက်ရွံ့ရွံ့ဖြစ်သွားတာကြောင့် ငါမေးလိုက်တယ်။

“ ဘာဖြစ်လို့လဲ။ ”

“ မင်းသားလေးက ဝတ်စုံလှလှလေးတွေဝတ်ရတာကိုကြိုက်ပြီး ဆံပင်ကလည်း အရှည်ကြီးပဲတဲ့။ တစ်ခါတစ်လေ ပန်းပွင့်လေးတွေကိုကြည့်ပြီး ငိုတတ်သလို နုညံ့လွန်းလို့ ပဲစေ့လေးပေါ်မှာ အိပ်မိရင်တောင် မသက်မသာခံစားရတယ်တဲ့။ ”

သူက ဆက်ပြောတယ်။
“ အစက ကျွန်တော် အဲ့ဒီတိုင်းပြည်ကိုသွားပြီး သူ့ကိုဖမ်းဖို့ စီစဥ်ထားခဲ့တာ။ ”

……

ငါ့မျက်နှာက ခံစားချက်မဲ့သွားပြီး နောက်ပြန်လှည့်ကာ ဦးတည်ရာကိုပြောင်းလိုက်တယ်။

နဂါးလေးက ငါ့ကို အံ့သြတကြီးနှင့် မေးတယ်။

“ ဘာလို့ဆက်မသွားတော့တာလဲ။ ”

“ ဘာမှမဖြစ်ဘူး... တခြားမင်းသားတစ်ပါးရှိတဲ့နေရာကို သိသေးလား။ ”



အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now