အပိုင်း-၁

341K 13K 1.5K
                                    

အပိုင်း−၁

“ဟက် ဟက် ဟက်”

ထိုနားတစ်ဝိုက်တစ်ခုလုံး သူ့ရယ်သံကြီးကသာလွှမ်းမိုးနေသည်။အလိုတူအလိုပါဖြစ်သည့် သူ့သူငယ်ချင်းနှစ်ယောက်၏ ရယ်သံကလည်းထပ်ရပ်။ပြောရပါလျှင် တမင်ကိုမူပိုလွန်းသည့်အသံ။တစ်ဖက်ကိုလှောင်သည့်အသံ။

“အစကတည်းကငါပြောပါတယ် ရွှေဘရာ။ မနိုင်ရင်မလုပ်စမ်းပါနဲ့ဆိုတာ။ ကြည့်.. ခု ငါ့ကောင်ကပဲနိုင်တာမလား။”

လက်ထဲတွင် အမောက်တထောင်ထောင်နှင့်ကြက်ဖကြီးကို တသသဖြင့် သူက မျက်နှာမှိုရသကဲ့သို့ဆိုသည်။တစ်ဖက်က ရွှေဘကလည်း သူ့ကြက်ဖ သူပွေ့ထားရင်း အခဲမကြေ။

“သောက်ပိုတွေပြောမနေနဲ့ ကျွန်းညို။ မင်း ကောင်က ဘယ်နေ့ထိခံမှာလဲ။မင်းကိုသောက်မြင်ကတ်လို့ ခိုးချက်စားတဲ့သူတွေသာ ပေါလာမှာ”

“ဟေ့ ငါတို့ကြက်အချက်စားခံရရင် မင်းကိုအရင်ဆုံးသံသယဝင်မှာနော် ဟေ့ကောင်။”

ဒါက ကျွန်းညိုဆိုသည့် သူပြောတာမဟုတ်။ သူ့သူငယ်ချင်း အောင်လွင်ကဆိုခြင်းဖြစ်သည်။ဒီအပင်ကြီးအောက်မှာ ရွှေဘတို့ဘက်ကသုံးလေးယောက်နှင့် ကျွန်းညိုတို့သုံးယောက်သာရှိသည်။ ရွှေဘတို့ဘက်က ရွှေဘသာလျှင် ဇမနည်းပေမယ့် ကျန်သူတွေက ခပ်ကြောက်ကြောက်ရယ်။ကြောက်ဆို ကျွန်းညိုဆိုသည်က ရွာမျက်နှာဖုံးလူကြီးသားဖြစ်သလို ခပ်ရဲရဲ ခပ်ကဲကဲ မလား။တုံးတိုက်တိုက်ကျားကိုက်ကိုက်ဖြင့် လက်ရဲဇက်ရဲနိုင်တာမို့ အနည်းငယ်တော့ကြောက်တတ်ကြသေးသည်။

“အံမာ ဒီကြက်ကိုလိုချင်တာငါတစ်ယောက်တည်းရှိတာမှမဟုတ်တာ။မင်း ကြက်ကဆောင့်ကြွားကြွားနဲ့ သောက်မြင်ကတ်စရာကောင်းတာ။လူအတိုင်းပဲ”

“ဟေ့ကောင် ဘာစကားပြောတာလဲ။”

ကျွန်းညိုက ထောင်းခနဲစိတ်တိုသွားရကာ ရွှေဘအနားကိုတိုးကပ်သွားသည်။ကျွန်းညို၏သူငယ်ချင်းနှစ်ယောက်က ရန်မဖြစ်ပါနဲ့.. လွန်မယ် စသဖြင့်ထိန်းမည်မထင်ပါနှင့်။သူတို့ပါ ရှေ့တက်လာကြသည်။

“လာလေ. မင်းကချချင်တာလား လာစမ်းပါ။ရော့ ဟေ့ကောင်တွေ ကြက်ကိုချီထားစမ်း။”

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now