အပိုင်း−၃
“ဘုန်းဘုန်းကတော့ တည့်တည့်ရှုရှုနဲ့ဒီပွဲလေးအောင်အောင်မြင်မြင်ပြီးသွားတာကိုဝမ်းသာမဆုံးပဲဟေ။ဒါကြောင့် ဒကာတို့နှစ်ယောက်ကို သက်သက်အခေါ်ရှိလိုက်လေရတာ။ကျေးဇူးတင်စကားဆိုမလို့။”
“တင်ပါ့ဘုရား။”
ကတုန်းကတော့ဘယ်လိုပဲ အဆင်မပြေဘဲကတောက်ကဆဖြစ်ခဲ့စေကာမူ ဘုန်းဘုန်းဘုရားက ဒီလိုမျိုး ပြောလာလေတော့ ထင်စေ အားတုံ့အားနာဖြစ်သွားရသည်။ဘေးမှာခပ်ကုပ်ကုပ်ထိုင်ရင်းလက်အုပ်ချီနေတဲ့ ကျွန်းညိုကို အမြင်မကြည်သည့်စိတ်ကြောင့် ခပ်စွေစွေစောင်းကြည့်လိုက်မိသေးသည်။ဘုန်းဘုန်းဘုရားရှေ့တွင်တော့ ဒင်းက အပိုကျိုးငြိမ်ကုပ်နေသည်။မျက်နှာအနေအထားကအစ။
“ဒကာကျွန်းညို…”
“တင်ပါ့ဘုရား”
“ဒကာလည်းရန်ဖြစ်တာတွေလည်း လျှော့နော်။ပွဲဆိုတာနဲ့ ကျွန်းညိုဆိုတာမဖြစ်စေနဲ့။”
ဘုန်းဘုန်းဘုရားက ထိုသို့မိန့်လေတော့ ကျွန်းညိုမျက်နှာ ဆူပုတ်ပုတ်ဖြစ်သွားရတော့သည်။လက်အုပ်ချီရင်းကနေဖြင့် အနည်းငယ်လေတော့ အတွန့်တက်လိုက်ရလေမှ.
“တင်ပါ့ဘုရား။ဒါပေမဲ့ တပည့်တော်တို့က တုံးတိုက်တိုက်ကျားကိုက်ကိုက်နဲ့ လုပ်စရာရှိတာဆိုလုပ်လိုက်ရမှပါ ဘုရား။ တခြားသူတွေလို မခုတ်တတ်တဲ့ကြောင်သူတော်ပုံစံမျိူးနဲ့ ငြိမ်ဝပ်ပိပြားပြီးမနေနိုင်ရုံလေးပါဘုရား။”
အကြည့်က ဘေးက ထင်စေထံတွင်ဖြစ်လေတော့ ငြိမ်မခံတတ်သည့် ထင်စေခမျာလည်း ရှုးရှုးရှားရှားဖြင့် ထပြောလေတော့သည်။
“သောက်မျက်လုံးက ဘာလို့ငါ့ဘက်လာကြည့်နေတာလဲ။”
“ငါကလား မင်းကိုကြည့်တာ။အိုးမလုံအုံပွင့်ဆိုတဲ့စကားပုံက အလကားထားတာ မဟုတ်ဘူးပဲ။ခက်ရပြီ။ငါ့မျက်ဆံလေး မင်းဘက်နည်းနည်းရွေ့သွားတာနဲ့ မင်းကိုကြည့်ရတယ်ဖြစ်ရောလား။”
“တောက်.. ဗြောင်လိမ်ဗြောင်စားကောင်..’
“ကဲ ခုပဲ ပြောနေတယ်။”
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့