အပိုင်း−(၇)
ဦးဖိုးလုံး စီစဉ်တာကမြန်သည်။သိပ်မကြာသည့်ရက်ပိုင်းအတွင်းမှာပင် ကြူပင်ရွာက မြတ်မောင်က လူကြီးစုံရာနှင့် လာတောင်းတော့သည်။မြတ်မောင်ဆိုသည်မှာလည်း လူရိုးလူအေးလူကောင်းလေးဖြစ်သည်။မြို့မှာတက္ကသိုလ်တက်ကြတုန်းက ပိုးလုံးကိုသဘောကျပြီး အားတိုင်းစကားလာပြောလေ့ရှိသူဖြစ်သည်။ဦးဖိုးလုံးထံတွင်လည်း မကြာခဏဆိုသလို တောင်းရမ်းတတ်သူဖြစ်ပြီး ခုမီးစိမ်းပြလိုက်သည့်အခါ အပျော်ရဆုံးလူသည် မြတ်မောင်မှလွဲတခြားမရှိနိုင်။
“ကျွန်မတို့ကတော့ အစကတည်းက ပိုးလုံးလေးကို လိုချင်နေတာပါရှင်။သားဖြစ်သူကလည်း အတော်လေးစုံမက်နေတော့လေ။”
သားရှင်မိခင်က စကားစသည်။အားလုံးက ပိုးလုံးကိုလိုလိုချင်ချင်ရှိကြသည်။ပြုံးရွှင်နေကြသူများထဲ ခပ်စူစူဖြစ်နေသည်မှာ ပိုးလုံး တစ်ယောက်တည်း။ပိုးရောင်ဝမ်းဆက်ဖြင့်ပိုးလုံးသည် ဆံထုံးခွေခွေလေးဖြင့် တော်တော်လေးတော့လှသည်။ မြို့မှာ ကျောင်းတက်လာသူလည်းဖြစ်သည်မို့ ပြင်တတ်ဆင်တတ်တာကတော့ နဂိုကတည်းက။ရောက်လာကတည်းကလည်း မြတ်မောင်၏အကြည့်တွေကပိုးလုံးထံမှ မခွါတော့။ပိုးလုံးကတော့ မျက်စောင်းတွေချည်းသာ လှိမ့်ထိုးလေသည်။
“ကျွန်တော်ကလည်း မောင်မြတ်မောင်နဲ့ဆို စိတ်မချရစရာမရှိပါဘူးဗျာ။”
ဦးဖိုးလုံး၏သဘောကျနှစ်ခြိုက်နေသံကို ကျွန်းညိုတို့အပြင်ကနေတောင်ကြားရသည်။ဟင်းရည်ပန်းကန်လုံးကြီးသယ်လာသည့် ကျွန်းညိုက အိမ်ထဲကိုစောင်းငဲ့ခိုးကြည့်လိုက်သည်။
ဘယ်လိုလုပ် ထင်စေက ပါလာရတာလဲ။သူကလည်းနေရာတကာ။
ဒါပေမဲ့လည်းမတတ်နိုင်။ကျွန်းညိုကတော့ လုပ်စရာရှိတာလုပ်ရမှာပင်။အိမ်ထောင့်နားကနေ အောင်လွင်က ခေါင်းညိတ်ပြတော့ ကျွန်းညိုလည်းပြန်ခေါင်းညိတ်ပြလိုက်သည်။ပန်းကန်လုံးကြီးကိုဖြည်းဖြည်းချင်းအထဲကိုသယ်လာခဲ့လိုက်သည်။မျက်လုံးကလည်း အငြိမ်မနေ။ဘယ်သူမှ မခိုင်းပါဘဲနှင့် ထင်စေကိုလှမ်းကြည့်မိလိုက်သေးသည်။သူက မျက်မှောင်တွေတွန့်ချိူးလျက်ပြန်ကြည့်၏။ ကျွန်းညို အရင်အကြည့်လွှဲလိုက်ရင်း ပန်းကန်လုံးကြီးကို မြတ်မောင်အနားကနေ စားပွဲပေါ်ဝင်ချသည်။တောင်းရမ်းတာဆိုပေမယ့် တစ်ဖက်ရွာကလူတွေကို ဦးဖိုးလုံးက နေ့လည်စာထမင်းကျွေးတာဖြစ်သည်။
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့