အပိုင်း−၂၁
အိမ်ရှေ့တွင် အသံကြားတာမို့ ရေကန်နားမှာ အဝတ်လျှော်နေရာကနေ ကျွန်းညို အပြေးထွက်လာခဲ့လိုက်သည်။ထင်စေက မနက်ကတည်းက လယ်ထဲဆင်းသွားပြီဖြစ်ပြီး ကျွန်းညိုကတော့ မနေ့က မီးဟပ်ထားသည်ဟုဆိုကာ သူက မနက်ပိုင်း ဆေးခန်းပြပေးပြီး အိမ်မှာနေခိုင်းထားခြင်းဖြစ်သည်။
နွားလှည်းပေါ်ကနေ ဦးလေးကြီးတစ်ယောက်၏အကူအညီဖြင့် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ဖို့ ကြိုးစားနေရသည့် မော်ဦးကို မြင်သည့်အခါ ကျွန်းညို အမြန်ပြေးသွားရင်း ကူတွဲပေးမိသည်။ဘေးတွင်က ဒေါ်စံပယ်ပါ ရှိနေလေသည်။
“လာလည်တာလားဟင်.. အိမ်ထဲဝင်ပါခင်ဗျ. လာပါ”
မော်ဦး၏ဘီးတပ်ကုလားထိုင်ကို ကျွန်းညိုက တွန်းရင်း အိမ်ရှေ့က အရိပ်ရသည့် နေရာသို့ လာခဲ့လိုက်သည်။မြေနေရာက မညီတာမို့ အနည်းငယ်တော့ အားစိုက်ကာ တွန်းရလေသည်။ဒေါ်စံပယ်က သူ ကိုင်ထာသည့် သုံးဆင့်ချိုင့်ကို ကျွန်းညို လက်ထဲ ပေး၏။
“နေမကောင်းဘူးကြားလို့။ ဒါ ကြက်သားကိုမှ အရသာရှိအောင် ပြုတ်ထားတာလည်းပါတယ်။ စပ်စပ်လေးကြော်ထားတာလည်း ပါတယ်။ မင်းတို့အတွက်။”
‘ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ”
ကျွန်းညိုက တရိုတသေပင် လှမ်းယူရင်း စားပွဲလေးပေါ်တင်လိုက်သည်။ သူတို့က အိမ်ထဲထိမဝင်ကြဘဲ အိမ်ရှေ့က သစ်သားစားပွဲ တစ်လုံးနှင့် ဝါးထိုင်ခုံလေး နှစ်ခုံချထားသည့် အရိပ်အောက်တွင် ထိုင်နေကြခြင်းဖြစ်သည်။
“ထင်စေက ပြောလို့။ မင်း သက်သာရဲ့လား။”
‘သက်သာပါတယ် ဒေါ်ဒေါ်။ဘာမှ ထွေထွေထူးထူးမဟုတ်ပါဘူး။”
ဝတ်ထားသည့် ရှပ်၏အောက်ပိုင်းနားတွင်လည်း စိုစွတ်နေလျက် ပုဆိုးတိုတိုကလည်းရေတွေရွှဲနေသည့် ကျွန်းညိုကို ကြည့်ရင်း ဒေါ်စံပယ်က အကဲခတ်နေသည်။
“အဝတ်လျှော်နေတာ ဟီး”
‘နေမကောင်းတာကို ထင်စေက ခိုင်းခဲ့တာလား။”
‘အယ် မဟုတ်ပါဘူးဗျာ။ သူက အိပ်နေခဲ့ခိုင်းပေမယ့် ကျွန်တော်က အဲ့လိုကြီးကျတော့ မနေတတ်လို့ပါ။”
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့