♡︎(13)♡︎[U+Z]

937 70 12
                                    

ဒီဇင်ဘာလ၏ နံနက်ခင်းက ရွာကလေးကို ပိုမိုအေးမြနေစေ၏။
ပျဥ်ထောင်အိမ်ကြီး၏ အပေါ်ထပ်တွင် လူငယ်ကလေးများအိပ်မောကျနေကြသည်။
အေးစိမ့်သောရာသီဥတုကြောင့် ခိုင်ခံ့မောင်သည် အိပ်နေရာမှ နိုးလာခဲ့လေ၏။
မရင်းနှီးသော မျက်နှာကျက်ကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်သွားသော်လည်း သူရွာကိုရောက်နေမှန်းသတိရသွား၏။သူ၏ ဘေးတွင် ခွန်မြဲဟိန်က တိတ်ဆိတ်စွာ အိပ်မောကျနေဆဲဖြစ်၏။

ခြင်ထောင်ကိုမတင်၍ အပြင်သို့ထွက်လိုက်သော်လည်း ပြူတင်းပေါက်များနှင့် အခန်းမီး အား ပိတ်ထားသောကြောင့်အနည်းငယ် မှောင်နေ၏။လွယ်အိတ်ထဲရှိ သွားတိုက်တံနှင့် မျက်နှာသုတ်ပဝါအား ထုတ်ယူ၍ အခန်းတံခါးကို ညင်သာစွာတွန်းဖွင့်လိုက်ပြီး အခန်းအပြင်ဘက်သို့ သူ ထွက်လာခဲ့လေသည်။ဘုရားခန်းရှိ ရေစက်ကလေးများတွဲခိုနေသည့် လန်းဆန်းသည့် မေမြို့ပန်းတို့ကိုမြင်လိုက်ရသည်နှင့် အဖိုးနှင့်အဖွား ဘုရားဝတ်ပြုပြီးမှန်း
သူသိလိုက်၏။
ခိုင်ခံ့မောင်သည် ဝရံတာနှင့်ဆက်ထားသည့်တံခါးကြီးကို ဦးစွာဖွင့်လိုက်သည်။
မြူနှင်းမှုန်များကြောင့် ဆောင်းမနက်ခင်းက မလင်းချင်လင်းချင်အနေအထားတွင်ရှိနေပြီး အေးစိမ့်စိမ့်ဆောင်းလေတို့ကချင်းနင်းဝင်ရောက်လာပြန်သေး၏။ခိုင်ခံ့မောင်သည် ယမန်နေ့ညကပင် သူ၏ကိုယ်ပေါ်တွင်ဝတ်ဆင်၍ အိပ်စက်ခဲ့သည့် အနွေးထည်ဇစ်အား အပေါ်အထိဆွဲချလိုက်ပြီး ပြူတင်းပေါက်များကို လိုက်ဖွင့်သည်။
သူသည် အအေးဒဏ်နှင့် မြူနှင်းမှုန်များဆုံသည့် ဆောင်းနံနက်ခင်းအား အလွန်အမင်းနှစ်ခြိုက်၏။

လက်ရမ်းကိုကိုင်၍ လှေကားပေါ်မှ ခပ်သွက်သွက်ဆင်းလိုက်သည့်အခါ အိမ်အောက်ထပ်မှ တံခါးမကြီးက ဖွင့်နှင့်ပြီးသားဖြစ်နေ၏။
အလင်းတို့ဝင်ရောက်နေသည့် ရေနံချေးဝနေသော အိမ်ကြီး၏ အတွင်းပိုင်းက တစ်မျိုးကြည့်ကောင်းနေပြန်သည်။

အိမ်၏အပြင်ဘက်ရှိ ရေတွင်းရှေ့တွင် သူ၏ ခြေလှမ်းတို့ကိုရပ်တန့်လိုက်ပြီး အေးလွန်း၍ အငွေ့ပင်ပျံနေသည့် ရေတို့အားရေခွက်ဖြင့် ခပ်ယူလိုက်လေသည်။ရေခွက်ရှိရေအား လက်ဖြင့်ထိလိုက်သည်နှင့် အေးလွန်း၍ ခိုင်ခံ့မောင် တွန့်ခနဲဖြစ်သွားရ၏။

ခိုင်မြဲစေလို...Where stories live. Discover now