♡︎(16)♡︎[U+Z]

902 54 2
                                    

"သားငယ်လေး မေမေနဲ့စကား ခဏလောက်ပြောရအောင်"

"ဗျာ...ဟုတ်ကဲ့မေမေ"

မေမေ့ခေါ်သံကြောင့် ခွန်မြဲ တွက်လက်စ physics စာအုပ်ကိုပိတ်လိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။

ဧည့်ခန်းတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည့် မေမေကြောင့် သူ့စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။

"သားငယ်လေး"

"ဟုတ်ကဲ့မေမေ"

"သားကို ဖေဖေဆုံးသွားတဲ့အချိန်ကစပြီး မေမေဟာ အဖေတာဝန်ရော၊အမေတာဝန်ကိုပါ မလစ်ဟင်းရအောင် ထမ်းဆောင်ခဲ့တယ်လို့ ထင်ခဲ့မိတယ်။"

"..."

"ဒါပေမယ့် အမေနဲ့သားဟာ အဖေနဲ့လိုမျိုး ယောကျ်ားသားအချင်းချင်းမဟုတ်တော့ လိုအပ်ချက်တွေရှိခဲ့မှာ မေမေသိပါတယ်။"

"မေမေ ကျွန်တော့်ကို အုပ်ထိန်းခဲ့တာမှာ လိုအပ်ချက်မရှိခဲ့ပါဘူးမေမေ"

"အင်း...သားငယ်လေးဟာ လိမ္မာခဲ့ပါတယ်။မွေးလာတည်းက မေမေ့ကို တစ်ခါမှ စိတ်ပျက်အောင်မလုပ်ခဲ့ဖူးတဲ့ တကယ့်သားလိမ္မာလေးဖြစ်ခဲ့တာ မေမေသိပါတယ် သား။အဲ့အတွက် သားအမှားတစ်ခုခုလုပ်မိမယ်ဆိုရင်တောင် မေမေက သားအမြဲ မှန်ခဲ့ဖူးတဲ့ အရာတွေကိုပြန်အမှတ်ရပြီး သားကိုခွင့်လွှတ်ပေးမှာပါ။"

"မေမေ ဘာကိုများ"

"သားငယ်လေးက gay လား"

"..."

"လွန်ခဲ့တဲ့တစ်ပတ်က ခိုင်တို့အိမ်ကိုသွားရင်း လမ်းမှာ ကောင်မလေး၂​ယောက်က သားအကြောင်းပြောနေကြတယ်။
သိသိချင်းတုန်းက မေမေ သိပ်စိတ်ဆိုးတာပေါ့။
မေမေ့ အဖိုးတန်သားလေးကို အဲ့လိုပြောရမလားဆိုပြီး။ဒါပေမယ့် နောက်သွေးအေးသွားတော့မှ မေမေစဥ်းစားမိတယ်။"

တစ်ခွန်းချင်း ပြောနေသော မေမေ့ မျက်နှာက တည်ငြိမ်လွန်းလှသည်။စိုးရိမ်စိတ်တို့က သူ့နှလုံးအိမ်ထဲ အလုံးအရင်းဝင်ရောက်စပြုနေပြီဖြစ်သည်။အသက်ရှူသံတွေမြန်လာသည်။
သူ့လက်ဖျားတို့ အေးစက်နေသည်။

"အဲ့အဖြစ်အပျက်က မေမေ့ဘဝမှာ ပထမဆုံးတွေ့ကြုံခဲ့ဖူးတဲ့အဖြစ်အပျက်မဟုတ်ခဲ့ဘူး။
မေမေ့ရဲ့အစ်ကိုကြီးဟာ သူနဲ့လိင်တူ ယောကျ်ားလေးတွေကိုပဲစိတ်ဝင်စားခဲ့တယ်။
ဖေဖေသိသွားတော့ အရမ်းစိတ်ဆိုးပြီး နိုင်ငံခြားကို ပို့ပစ်ဖို့လုပ်ခဲ့တယ်။အဲ့အချိန်တွေက မေမေတို့ မိသားစုအတွက် ငရဲခန်းပေါ့သားရယ်။
အစ်ကိုကြီးဟာ သူ နိုင်ငံခြားကို ထွက်မသွားရခင် ညမှာပဲ ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တယ်။
အဲ့အဖြစ်အပျက်ဟာ မေမေ့တစ်ဘဝလုံးမှာ စွဲထင်ကျန်ရစ်နေခဲ့တယ်။မေမေ့သားလေးသာဆိုရင် မေမေ ဘယ်လိုအသက်ဆက်ရှင်ရမလဲ"

ခိုင်မြဲစေလို...Where stories live. Discover now