ပထမတစ်ခါ သူ့နောက်ကျောကို ဆိုင်ကယ်ဦးထုပ်လာဆောင့်သည်။ ဆိုင်ကယ် ချောက်ကျလို့ဖြစ်မှာပါ။ ဒုတိယအခါ။ တတိယအခါ။ မဟုတ်တော့ဘူး ဒီကောင်မလေး အိပ်ငိုက်နေပြီထင်တယ်။
"မီးငယ်"
"..."
"မီးငယ်ရေ!"
"ဟင် ! ရှင် ! "
"ဟော ငိုက်နေတာမလား"
"ငိုက်ပါဘူး ဘယ်တုန်းကငိုက်လို့လဲ"
"လာလိမ်မနေနဲ့ ။ အစားတွေ နင်းကန်စားပြီး ဗိုက်တင်းပြီး အိပ်ချင်နေပြီမလား "
"ဟီး နည်းနည်းတင်ပါ။ ဒါပေမဲ့ ငိုက်ပါဘူး"
"ရွာရောက်ဖို့က တော်တော်လိုသေးတယ် သေချာဖက်ထားနော်၊ ငိုက်လို့ ပြုတ်ကျသွားမယ်"
"ဟုတ်"
......
"မီးငယ် !"
"ဟာ ကိုယ့်ကိုကိုယ် ထိမ်းဦးလေ ဇွတ်ကို အိပ်ငိုက်နေတော့တာပဲ"
"ငိုက်ပါဘူးဆို"
"ဘာလို့ မငိုက်ရမှာ ။ မင်းခန္ဓာကိုယ်ကပါ ယိမ်းသွားတာ ထိုးမကျတာ ကံကောင်း ။ မဖြစ်တော့ဘူး ဒီလိုဆို"
"ဟင် ဦးရဲ ဆိုင်ကယ် ဘာလို့ရပ်"
"မင်း အိပ်ချင်ပြေမှ ပြန်မယ် လာ ဟိုထနောင်းပင်အောက်"
လမ်းထက်၌ ကားများနှင့် ဆိုင်ကယ် တစ်ချို့ ဖြတ်သွား နေကြသည်။
မြသက်ငယ်ဟူသော ကောင်မလေးမှာ,
သစ်ပင်ကိုမှီလျှက်လည်း အိပ်ပျော်နိုင်သော ဂြိုလ်သူမ ပါတကား။သူကတော့ ဘယ်လိုနေနေ အိပ်ပျော်တယ်။ မနေနိုင်သူက ကျွန်တော်။ ငုတ်တုတ်ကြီးအိပ်ရင် ဇတ်နာနေမှာပေါ့။ခြေဆင်းထားသော ကျွန်တော့်ပေါင်ပေါ် အသာအယာ ပြောင်းရွှေ့ပေးတော့လည်း သူ့အိပ်ခြင်းကို မပျက်စီးစေနိုင်။ အိပ်မက်ကောင်းကောင်းတွေများ မက်နေသည် ထင်ပါရဲ့။ နှုတ်ခမ်းပါးလေးတွေကို ပြုံးယောင်သမ်းလို့ရယ်။ နုစင်ကြည်ရွှင်သော မျက်နှာ၀င်းပပလေးကို ကိုယ့်ကိုကိုယ်တောင် သတိမထားမိပဲ အတန်ကြာအောင် စိုက်ငေးကြည့်မိတော့သည်။
ဖြောင့်သွယ်သော နှာတံလေးထက်မှာ မျက်ခုံးမွှေးတန်းတန်းလေးများကဆက်၍ပင် နေချင်သည်။ ဘယ်ဘက်မျက်လုံးထောင့်နားက မှည့်သေးသေးလေးကို ခုလို သေချာကြည့်မှ မြင်ဖူးတော့တယ် ။
"အား အင်း အူဝါး"
"အဟင်း အဟမ်း ။နိုးပြီလား မီးငယ်။ ပြန်ကြစို့"
"အူး.... အိပ်လို့ကောင်းလိုက်တာ "
"ကဲ အပျင်းပိုးတွေ ထုတ်နေတာ တော်တော့ ။ ဒီပုံစံကို ကောင်လေးတွေမြင်ရင် မီးငယ်ကိုကြိုက်ကြမှာမဟုတ်ဘူး"
"အို့ မကြိုက်တော့ ဘာဖြစ်လဲ။ မီးငယ်လဲ မကြိုက်ပေါင်"
"ဟင် မီးငယ်က ယောကျာ်းတွေကို မကြိုက်ဘူးလား"
ဆိုင်ကယ် ကို ဖြေးဖြေးချင်းသာ မောင်းထွက်ခဲ့သည်။
"မကြိုက်ဘူး။ ယောကျာ်းတွေက မကောင်းဘူး ဦးရဲရဲ့"
"ဟင် ဒါဆို အကိုက မကောင်းဘူးပေါ့"
"ဦးရဲ မပါပါဘူး ။ လေးကျော်လည်း မပါဘူး"
"တော်သေးတာပေါ့ "
"ဦးရဲက မီးငယ်ကို ဒီလောက် မုန့်တွေ ၀ယ်ကျွေးတာ မကောင်းပဲနေပါ့မလား"
"ဟင် ဒါဆို မုန့်၀ယ်မကျွေးရင် မကောင်းဘူးပေါ့ "
"အင်း ဟုတ်"
"ဟားဟား နောက်ဆို အကိုအလည်လာရင် မုန့်တွေ ၀ယ်လာမယ် ဟုတ်ပြီလား"
"အင်း ..."
"ဦးရဲ ""ဟင် ဘာလဲ"
"ပြောလေ"
"ဘာမှ မဟုတ်တော့ဘူး"
ဟင် အသံက စွာကျယ်ကျယ်မဟုတ်တော့ပဲ တိုးညင်းသွားလိုက်တာ။ ဒါက ဘာဖြစ်ရပြန်တာတုန်း။ မေးတော့လည်း မဖြေ။ ဒီကောင်မလေးက တော့ ခက်ပါတယ်။
YOU ARE READING
အချစ်လေးကနုနုငယ်ငယ်
Romanceရောင်စုံပန်းတွေကြားထဲ ရောက်နေတဲ့ လိပ်ပြာလေးကို ပန်းဝါဝါလေးက ပြန်လည်နားခိုလာမလားဆိုပြီး စောင့်မျှော်နေသလိုပေါ့ အကိုရယ်။