အချိန်ကား ချမ်းအေးသော ဆောင်းရာသီ ဖြစ်၏။ ဆယ်တန်းစာမေးပွဲကြီး သည် တဖြည်းဖြည်း နီးကပ်လာနေသည်။သူမ မြို့ပေါ်က အဆောင်မှာ နေဖြစ်ခဲ့သော တစ်ခုတည်းသော အကြောင်းရာကို သူမကလွဲ၍ မေကြီးတို့ သိလိမ့်မည်မဟုတ်။ စာကို ပုံမှန်လုပ်ဖြစ်သည့် အကြောင်းကိုလည်း သိမှာမဟုတ်ကြပါ။ သူမကဖြင့် တစ်စုံတစ်ယောက် ကို သတိရတိုင်း စာကြည့်ဖြစ်နေပါသည်။
ကိုးတန်းနှစ်မှာတည်းက အဆောင်နေဖြစ်ကြောင်းကို အကြောင်းကြားလိုပါသော်လည်း ကိုယ့်ကိုယ်ပိုင် ဖုန်းဟူသည်က မရှိခဲ့။ သတိတရ ဆက်လာမည်ကို မျှော်လင့်ခဲ့မိပါသည်။အမှန်အတိုင်း ၀န်ခံရလျှင် မမေ့ဘူးလို့ မျှော်လင့်နေမိပါတယ် အကို ။ ရောင်စုံပန်းတွေကြားထဲ ရောက်နေတဲ့ လိပ်ပြာလေးကို ပန်းဝါဝါလေးက ပြန်လည်နားခိုလာမလားဆိုပြီး စောင့်မျှော်နေသလိုပေါ့ အကိုရယ်။
ဤနေ့ကား မြင်းခြံမြို့၏ အစည်ဆုံးဟုဆိုရလောက်အောင် စည်ကားသော
နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ဖြစ်ပါ၏။ မြို့ပေါ်သာမက ရွာများမှပါ လာရောက် ဖူးမျှော် ပါ၀င် ကြသဖြင့် အထူး စည်ကားလှပါသည်။ ဘုရားပွဲသို့ အဆောင်မှ ဂိုက်ဆရာမများနှင့်အတူ သွားရောက် လည်ပတ်ခွင့် ရသဖြင့် သူမတို့ အဆောင်သူများ ပျှော်ရွှင်မြူးလျှက်ရှိကြသည်။မပျော်ပဲနေမလား။ ကိုးတန်းတုန်းကလို ပုဂံကို ဘုရားဖူးလည်း မသွားရ။ စာတွေကလည်းများ။ အခုမှပဲ လည်ပတ်ခွင့် ရတော့တာမလား။ ဆယ်တန်းဆယ်တန်း ။ နင်က ငါ့ဦးရဲ ဆီသွားဖို့ တံတားဖြစ်နေလို့ပေါ့။ နို့မို့သာဆို တက်ကို မတက်ဘူး။ ဟင်း။
ပွဲဈေးတန်းကား ကာလကြာဈေးတန်းကြီးဖြစ်သော်ငြား ဤနေ့သည် ဘုရားပွဲနေ့ဖြစ်၍ ကြိတ်ကြိတ်တိုး စည်ကားလှ၏။ သူမတို့ကဲ့သို့ နှစ်ယောက်အတွဲ အခြားအဆောင်သူ၊သားများကိုလည်း တွေ့ရသည်။
သူငယ်ချင်းများသည် ရိုးရာ လက်လုပ်မုန့်မျိုးစုံ ၀ယ်စားနေကြလေသည်။ သူမသာ ဘာတစ်ခုမှ မ၀ယ်ရသေး ။ ဟိုဟို ဒီဒီ ဝေ့ကြည့်ကာ ရေခဲမုန့်သည် ကို ရှာနေမိ၏။ အကြော်အလှော် အနံ့များကြောင့် ခေါင်းနောက်လာ၍ ဆောင်းပင်ဖြစ်လင့်ကစား အေးသော အစာကိုသာ စားချင်နေမိတော့၏။
ဟော ဟိုမှာပဲ ရေခဲမုန့်အသည်။
"ရတီ ငါ ဟိုဟာ သွား၀ယ်မလို့နော်"
"အေးအေး ငါလိုက်ခဲ့ပေးမယ်"
ဆရာမကို ခွင့်တောင်းပြီး သူမတို့နှစ်ယောက် ခပ်လှမ်းလှမ်းက ထိုအသည်ဆီ လျှောက်လာခဲ့သည်။ ဆိုင်နှစ်ဆိုင်ကြားမှ လမ်းကျဉ်းလေးသို့ ဖြတ်အသွား
"အမေ့ "
ခြေဖျားမှာ ပူထူသွားသည်။ သရေဖိနပ်အမာနင့် နှင်းခံရသောကြောင့်ပေတည်း။
သူမ၏ ထွက်ချင်နေသော ဒေါသတို့ကား ထို့ဖိနပ်ကြောင့် ဝုန်းခနဲ စောင့်တက်လာ၏။ သကောင့်သားက နောက်ပြန်တက်နင်းထားပြီး ပြန်လှည့် မတောင်းပန်ပါလား။"ဒီမှာ"
ထိုလူ သူမဘက်သို့ လှည့်ကြည့်လာ၏။
"ဗျာ"
"ဟင် ဦးရဲ "
ဟုတ်ပါတယ်။ မြသက်ငယ်ရဲ့ ဦးရဲပါ။
ဦးရဲ ခင်ဗျား တော်တော် ရက်စက်တာပဲ ။ဟမ်။ မြင်းခြံရောက်နေတာတောင် အကြောင်းမကြားနိုင်ဘူးတဲ့ လား ။အံ့ဩ ၀မ်းသာဟန် ပြနေတဲ့ ဦးရဲကို သူမ မမြင်ချင်တော့ပါ။ ချက်ချင်း ပြန်လှည့်လိုက်သည်။ ရတီသည်လည်း
အူကြောင်ကြောင်ကလေး ဆွဲခေါ်ရာ လိုက်လာခဲ့ရ၏။
YOU ARE READING
အချစ်လေးကနုနုငယ်ငယ်
Romanceရောင်စုံပန်းတွေကြားထဲ ရောက်နေတဲ့ လိပ်ပြာလေးကို ပန်းဝါဝါလေးက ပြန်လည်နားခိုလာမလားဆိုပြီး စောင့်မျှော်နေသလိုပေါ့ အကိုရယ်။