လိပ်ပြာ ( ၁ )

7.8K 89 3
                                    

                                   
                       ကျွန်တော်၏လိပ်ပြာ

                                 ကဗျာဦး

Base on true story
သူငယ်ချင်းတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ကို ဝတ္ထုတိုအဖြစ် ဖန်ဆင်းပြီး အမည်များကိုမူ လွှဲပြောင်းရေးထားပါသည်။ ဝတ္ထုတိုဟု ဆိုပေမယ့်လည်း စာဖက်သူတွေအတွက် ပျော်ရွှင်ကြည်နူးခြင်း ဝမ်းနည်းကြေကွဲခြင်း ရသများပေါ်လွင်အောင် ရေးထားသဖြင့် အနည်းငယ်ရှည်သွားသည်ကို တောင်းပန်အပ်ပါသည် ။

                                 လိပ်ပြာ ( ၁ )

           ပထမဆုံးကြားရသောအသံမှာ ဟိုးအဝေးကလွင့်လာသောခွေးဟောင်သံမျိုးဖြစ်သည်။သေသေချာချာနားစိုက်ထောင်သောအခါ ခွေးဟောင်သံမဟုတ်ဘဲ မိုးစက်မိုးပေါက်များအိမ်ခေါင်မိုးပေါ်သို့ ပြိုကျလာသောအသံဖြစ်သည်။ တဖြည်းဖြည်းနှင့် မိုးစက်မိုးပေါက်တွေက သူ့ဘေးနားကျလာသလိုခံစားရသည်။ ပထမတော့ ခပ်ကျဲကျဲဖြစ်သည်။ နောက်တော့ ခပ်စိပ်စိပ်
"ဒေါက် ဒေါက် ဒေါက်" "ဒေါက် ဒေါက် ဒေါက်"
          နောက်ဆုံးမှာတော့ ကျယ်လောင်သောတံခါးခေါက်သံကြောင့် သူအိပ်နေရာမှလန့်နိုးလာရသည်။
            "ဒေါက် ဒေါက် ဒေါက်" "ဒေါက် ဒေါက် ဒေါက်"
          "လာပြီလာပြီ"ဟု သူအိပ်ချင်မူးတူးလှမ်းအော်သည်။ မနေ့ကမှ ဒီဇင်ဘာလပတ် စာမေးပွဲဖြေပြီးထားတာ။ ဒီနေ့ အိပ်ရေးဝအောင်အိပ်မလို့ အိပ်ယာမနှိုးပါနဲ့လို့ မေမေ့ကိုသေသေချာချာမှာထားတာ။ မေမေ သေသေချာချာလာနှိုးနေပြီ။
          "ဒေါက် ဒေါက် ဒေါက်"
          "လာပြီမေမေ"
          လူက အိပ်ချင်မူးတူးနဲ့ကုတင်ပေါ်ကဆင်းကာ အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။
          "ဟာ မေမေကြီး "
           တံခါးလာခေါက်တာ မေမေမဟုတ်ပဲ မေမေကြီး( ဖေဖေရဲ့ အမေ )ဖြစ်နေသည်။မေမေကြီးသည် တံခါးဝတွင်ပြုံးပြုံးကြီးရပ်နေသည်။
          "ဘယ်နှစ်နာရီထိုးပြီလဲ"
          သူ ကုတင်ဘေးစားပွဲပေါ်က နာရီကိုလှမ်းကြည့်ပြီး "ဟာ မေမေကြီးကလည်း သားမနေ့ကမှ စာမေးပွဲပြီးထားတာလေ ခုမှရှစ်နာရီကျော်ပဲရှိသေးတာ သားအိပ်ရေးမဝသေးဘူး"
          "သိပါတယ် သားကြိုက်တဲ့ ဝက်သားချဉ်ပါလာတယ် အဲ့တာကြောင့်စားရအောင်လာနှိုးတာ မိချိုတောင် ပြန်နွှေးထားပြီ" ဟု မေမေကြီးက သူ့ဆံပင်လေးတွေကိုချစ်စနိုးပုတ်ရင်းပြောသည်။
           "ဟေး ပျော်စရာကြီး မေမေကြီး ဘယ်အချိန်ကတည်းကပြန်ရောက်နေတာလဲ"
          "မနက် ငါးနာရီလေယာဉ်နဲ့ပြန်လာတာလေ အိမ်ရောက်တာတော့ တစ်နာရီကျော်လောက်ရှိပြီ သွားသွား မျက်နှာသစ်သန့်ရှင်းရေးလုပ်ပြီး အောက်ဆင်းလာခဲ့ အောက်မှာပဲစားဖို့စောင့်မယ်"
          "ဟုတ်ကဲ့မေမေကြီး"
          ကလောကမေမေကြီးပါလာတဲ့ ဝက်သားချဉ်တွေက ရန်ကုန်ကဝက်သားချဉ်တွေနဲ့ တခြားစီ။ ရန်ကုန်က ဝက်သားချဉ်တွေက ဘယ်လိုမှ စားမကောင်း။
          " ဪ နေဦး သားအောက်ဆင်းလာရင် အပေါ်ထပ်တက်သွားပြီး ဧည့်သည်ပါခေါ်ဆင်းလာခဲ့ တစ်ခါတည်းနံနက်စာစားရအောင်"
          "ဟင်  မေမေကြီးကဧည့်သည်ပါလာတာလား"
           "အင်း တစ်ယောက်ပါလာတာ"
           "ဧည့်သည်ကယောက်ျားလားမိန်းမလား"
          "ယောက်ျားလေးပါဟဲ့  မိန်းမဆို အပေါ်ဆုံးထပ်ပို့ပါ့မလား အောက်ကဧည့်သည်ခန်းမှာပဲထားမှာပေါ့"
          "အပေါ်မှာ အိပ်ခန်းကသုံးခန်းတောင်ရှိတာ သူကဘယ်အခန်းမှာလဲ"
            "မိချို master bed room ပြင်ပေးထားတယ် ပြောတယ် တစ်ချက်ကြည့်လိုက် ပြီးရင်နံနက်စာစားဖို့ခေါ်လာခဲ့ မေမေကြီးထမင်းစားခန်းကစောင့်နေမယ် မြန်မြန်လုပ်"ဟု ပြောကာ မေမေကြီး အောက်ကိုပြန်ဆင်းသွားသည်။ မေမေကြီး ဒီတစ်ခေါက် ကလောသွားတာသိပ်မကြာလိုက်သလိုပဲ။  အရင်က ကလောတစ်ခေါက်သွားရင် အနည်းဆုံးတစ်လလောက်ကြာတတ်တာ။ ဒီတစ်ခေါက်တစ်ပတ်လောက်ပဲကြာမည်ထင်ပါသည်။
သူ အခန်းတံခါးပြန်ပိတ်ကာ toilet room ထဲဝင်ခဲ့သည်။ အပေါ့အလေးကိစ္စရှင်း မျက်နှာသစ်သွားတိုက်သည်။ ဘေစင် ပေါ်ကမှန်ထဲမှာ အိပ်ရေးသိပ်မဝသော အရပ်ငါးပေခုနှစ်လက်မခန့် အသားဖြူဖြူချောမောလှပသောကောင်လေးတစ်ယောက်ကို သူတွေ့ရသည်။ နက်ပြာပေါ်မှာ အဖြူစင်းအကွက်ကျဲကြီးတွေပါသော ညအိပ်ဝတ်စုံဝတ်ထားသည့် ဆံပင်ပျော့ပျော့တွေကပိုကရိုနဲ့ချစ်စရာကောင်ကလေးမှာ အသက်ဆယ်ခြောက်နှစ်အရွယ် ဆယ်တန်းကျောင်းသားကလေးဖြစ်သည်။ သူသည် မိမိချောမောလှပမှုကို သဘောကျစွာပြုံးလိုက်ပြီး အပေါ်ထပ်သွားကာဧည့်သည်ခေါ်ရမှာမို့  ကပိုကရိုဖြစ်နေသောဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင်လက်နဲ့လုပ်လိုက်သည်။ မျက်နှာကိုtowel နဲ့ အသာအယာသုတ်ပြီး toilet room ထဲကထွက်လာခဲ့သည်။
အခန်းအဲကွန်းကိုပိတ်ပြီး ကုတင်စားပွဲဘေးပြတင်းပေါက်ကိုဖွင့်တော့ အပြင်မှာမြူတွေကျနေတာတွေ့ရသည်။ ရန်ကုန်ဆောင်းသည် အေးမှမအေးတာ။ အစောကတော့ မိုးတွေရွာနေတာကို အိပ်မက် မက်ခဲ့တာသတိရသည်။ မနက်ဖြန် ခရစ်စမတ်နေ့မှာ သူ့အတန်းဖော်ကောင်မလေး ဩဂတ်စတာက ညပါတီဖိတ်ထားသည်။ ဩဂတ်စတာကို သူတို့သူငယ်ချင်းအားလုံးက အော်ကြီး ဟုခေါ်ကြသည်။ အော်ကြီးက သူနဲ့စုထားကို အတူတူလာခဲ့တဲ့။ စုထားဆိုတာက သူနဲ့ ငယ်ငယ်ကတည်းကကျောင်းအတူတူတက်လာတဲ့ အတန်းဖော် အိမ်နီးချင်းကောင်မလေး။ စုထားအိမ်နဲ့ သူ့အိမ်နဲ့ ကြားထဲမှာ အိမ်နှစ်အိမ်သာခြားသည်။ တကယ့်အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေ။ ပြီးတော့ စုထားဆိုတဲ့ကောင်မလေးက သူ့ကိုအသေအလဲကြိုက်နေတာ။ စုထားတင်မဟုတ်ဘူး ကမာရွတ် အထက ( ၂ ) ကကောင်မလေးတော်တော်များများသူ့ကိုကြိုက်နေကြတာ။ သူက စာလည်းတော် ရုပ်ကလေးကလည်းချော မိဘတွေကလည်းချမ်းသာတဲ့ တစ်ဦးတည်းသောသားလေး။ ဒါကြောင့် ညဏ်သာလင်း ဆိုတဲ့သူဟာ ကျောင်းသားတွေကြားထဲမှာနာမည်ကြီးနေတာ။
           သူ့အိမ်က  ခုနှစ်မိုင်ခွဲ ကုန်မြင့်သာထဲမှာ ခြံအကျယ်ကြီးနှင့် သုံးထပ်တိုက်အိမ်အကြီးကြီးဖြစ်သည်။ ပြည်လမ်းကနေ ကိုယ်ပိုင်လမ်းသွယ်လေးထဲဝင်ရတာဖြစ်သည်။ အိမ်ကြီးက ဖေဖေ့ရဲ့မိဘဘိုးဘွားပိုင်အိမ်ကြီးပေါ့ ။ အိမ်ကြီးရဲ့ အထပ်တိုင်းမှာ အိပ်ခန်းသုံးခန်းစီပါရှိပြီး အခန်းတိုင်းမှာ ရေချိုးခန်းအိမ်သာပါသည်။ မြေညီထပ်မှာ မေမေနဲ့ဖေဖေကတစ်ခန်း မေမေကြီးကတစ်ခန်း နဲ့ အခြားတစ်ခန်းက ဧည့်သည်လာရင်တည်းဖို့အတွက် ဖြစ်သည်။ အလယ်ထပ်မှာ သူတစ်ယောက်တည်းနေသည်။ အပေါ်ဆုံးထပ်က လူမနေပါ။ အိမ်အကူ ဒေါ်လေးမိချိုနဲ့ မေမေ့အဖော် မစံပယ်က ခြံထောင့် သရက်ပင်အောက်က အိမ်ကလေးမှာနေကြသည်။
ဖေဖေဦးနေလထွန်းလင်းက ဘန်ကောက်အဲဝေး မှာpilot လေယာဉ်မှူးဖြစ်ပြီး မေမေဒေါ်ခက်ခက်ဝေက ဗိုလ်ချုပ်စျေးထဲမှာ စိန်ရွှေရတနာဆိုင်ဖွင့်ထားပြီး ရတနာကုန်သည်ဖြစ်သည်။ ဖေဖေ့အမေ မေမေကြီးက ကလောတွင်စိုက်ပျိုးရေးခြံတော်တော်များများပိုင်ပြီး အာလူး လဖက်နှင့်လီလီပန်းများစိုက်သည်။ မေမေကြီးက ကလောမှာဟိုတယ်တစ်လုံးလည်းပိုင်သည်။ မေမေကြီးက အလုပ်တွေအားလုံးကို ဆွေမျိုးတစ်ချို့နဲ့ စိတ်ချရတဲ့ အလုပ်သမားတွေနဲ့ ပစ်ထားသည်။ မေမေကြီးရဲ့အမျိုးတွေက ကလောမြို့ဇာတိဖြစ်ကြသည်။ ဖေဖေရဲ့အဖေ သူ့အဘိုးကိုတော့ သူမမြင်ဘူးလိုက်ပါ။ သူ မမွေးခင်ကတည်းက ဆုံးခဲ့တာဖြစ်သည်။ ဖေဖေ့မှာ အစ်မတစ်ယောက်ရှိပြီး ဩစတေးလျမှာ ဆေးကျောင်းသွားတက်ရင်း အဲ့ဒီနိုင်ငံသားနှင့်အိမ်ထောင်ကျကာ ကလေးနှစ်ယောက်ရပြီးအခုတော့ ဩစတေးလျနိုင်ငံသားဖြစ်နေပြီ။ မေမေဘက်ကမျိုးတွေက သီပေါဘက်မှာနေကြသည်။ မေမေတို့ကဖေဖေတို့လို ချမ်းသာသောမိသားစုအသိုင်းဝိုင်းဖြစ်ပေမယ့် မောင်နှမတွေအများကြီးဖြစ်သည်။ များတာမှ ကိုးယောက်အထိဖြစ်သည်။ ဖေဖေနဲ့ မေမေကို လူကြီးချင်းသဘောတူ ပေးတွေ့ကြပြီး လူငယ်ချင်းလည်းသဘောကျသောကြောင့် လက်ထပ်ခဲ့ကြတာဖြစ်သည်။
                သူသည် ညအိပ်ဝတ်စုံမလဲတော့ဘဲ ဧည့်သည်ခေါ်ရန် အပေါ်ထပ်သို့တက်လာခဲ့ပါသည်။ မေမေကြီးတို့ ဧည့်သည်ကိုဘာလို့ အောက်ဆုံးထပ်က ဧည့်သည်ခန်းမှာမထားတာပါလိမ့်။ ပြီးတော့ ဧည့်သည်ကို ဖုန်းဆက်ခေါ်လို့ရရဲ့သားနဲ့ သူ့ကိုဘာလို့ ခေါ်ခိုင်းတာလဲ။ အပေါ်ထပ်ညာဘက်အစွန်ဆုံး သူ့အခန်းရဲ့အပေါ်တည့်တည့်မှာရှိသောmaster bed room ဆီသွားကာတံခါးခေါက်လိုက်သည်။
          "ဒေါက်  ဒေါက်  ဒေါက်"
         အထဲမှ ပြန်ထူးသံမကြားရ။ သူ တံခါးထပ်ခေါက်လိုက်သည်။ "ဒေါက်  ဒေါက်  ဒေါက်" ။ ပြန်ထူးသံမကြားရ၍ သူအခန်းတံခါးလော့ကိုလှည့်ဖွင့်ကြည့်လိုက်သည်။ တံခါးလော့မချထားပါ။ သည်အခန်းသည် သူ့အခန်းလိုပဲ နှစ်ယောက်အိပ်ကုတင်နဲ့ တော်တော်ကျယ်ဝန်းသောအခန်းဖြစ်သည်။ သူဝင်သွားလိုက်သောအခါ ဧည့်သည်သည် ကုတင်ပေါ်မှာ ခြေအိတ်လည်းမချွတ်ဘဲ ခြေကားလက်ကား မှောက်လျှက်အိပ်နေသည်။ ကုတင်ဘေး စားပွဲပေါ်တွင် Red Ruby တံဆိပ် ဖောက်ပြီးသားစီးကရက်တစ်ဗူးနှင့် ဂစ်တ်မီးခြစ်တစ်လုံးရှိသည်။ အနက်ရောင် luggage အကြီးတစ်လုံးနဲ့ အပြာရောင်ပလပ်စတစ်box အကြီးတစ်လုံးကို ကုတင်ဘေးနားမှာချထားသည်ကိုတွေ့ရသည်။ ဧည့်သည်သည် မိုးပြာရောင်ဂျင်းဘောင်းဘီအရှည်နဲ့ အနက်ရောင် လယ်သာဂျက်ကတ်ဝတ်ထားသည်။ ညာဘက်လက်မှာ အနက်ရောင်နာရီဝတ်ထားပြီး ခြေအိတ်အဖြူက ခြေဖဝါးဘက်မှာညစ်ပတ်နေသည်။  သူသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး "ဟလို"ဟု အသံခပ်ကျယ်ကျယ်ပေးလိုက်သည်။
         " ဟလို"သံအဆုံး ကုတင်ပေါ်ကလူရုတ်တရက်ထထိုင်ပြီး သူ့ဘက်လှည့်ကြည့်သည်။ ဘုရားရေ ~~သူ့မျက်နှာမှာမျက်ရည်တွေနဲ့ပါလား။ သူငိုနေတာလား။ ခေါင်းအုံးကိုကြည့်လိုက်တာ့ သေချာတာပေါ့  မီးခိုးရောင်ခေါင်းအုံးအစွပ်လေးမှာ ရေစိုရွှဲနေတဲ့အကွက်ကိုတွေ့ရသည်။ ပြီးတော့ သူထင်သလို လူကြီတစ်ယောက်မဟုတ်ဘဲ သူနဲ့အသက်ရွယ်တူ ကောင်လေးတစ်ယောက်သာဖြစ်သည်။ ပို၍အံ့ဩစရာကောင်းသည်မှာ သူ့မျက်နှာသည် ချောမောလှပပြီး ဆွဲဆောင်မှုရှိကာ တစ်ခါမြင်ဖူးရုံနှင့် မမေ့လွယ်သော မျက်နှာမျိုးဖြစ်သည်။ နှာတံစင်းစင်း  မျက်ခုံးမွှေးထူထူအောက်က မျက်လုံးတွေကစူးရှပြီး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးရေးရေးလေးတွေနှင့် ယောက်ျားပီသသောမျက်နှာဖြစ်သည်။ ဆံပင်ခပ်တိုတိုကို ဆီလူးထားပြီးသပ်သပ်ရပ်ရပ် ဘေးခွဲထားပုံက သူ့မျက်နှာနှင့်လိုက်ဖက်ပါသညိ။
          "ဆောရီး မေမေကြီးနံနက်စာစားဖို့ခေါ်ခိုင်းလိုက်လို့ ငါတံခါးခေါက်သေးတယ်"
          "ရပါတယ် ငါ လေယာဉ်မူးလာလို့  တံခါးခေါက်တာသိတယ် မင်းကညဏ်သာလား"
          "အင်း ငါကညဏ်သာ မင်းကကော"
          "ငါ့နာမည်က အလင်း အပြည့်အစုံက အလင်းရောင်"
          သူ့မျက်နှာမှာ ဝမ်းနည်းပူဆွေးရိပ်တွေနဲ့ ညှိုးငယ်နေပေမယ့် သူ့အသံတွေကကြည်လင်ပြတ်သားသည်။
           "မင်းလေယာဉ်မူးလာလို့ ခဏနားချင်နားဦးလေ ငါမေမေကြီးကို ပြောလိုက်မယ် ပြီးမှ မင်းဆင်လာခဲ့ပေါ့"
          "ရတယ် မင်းခဏပဲစောင့် ငါအဝတ်လဲချင်လို့"
           သူခေါင်းငြိမ့်ပြလိုက်သည်။ အလင်းသည် ကုတင်ပေါ်မှဆင်းကာ toilet room ထဲဝင်ပြီးဘေစင်မှာ မျက်နှာသစ်သည်။ သူ့ထက်အရပ်ပိုရှည်ကို သတိထားမိသည်။ အလင်းမျက်နှာသစ်ပြီး ပြန်ထွက်လာကာ luggage ထဲက ရေချိုးခန်းသုံးပုဝါအကြီးကြီးကိုထုတ်ပြီး မျက်နှာရေသုတ်သည်။ ပုဝါကို ကုတင်ပေါ်အသာတင်လိုက်ပြီး luggage ထဲက အနက်ရောင်ယောပုဆိုးတစ်ထည်ထုတ်သည်။ ဝတ်ထားသော ဂျင်န်းဘောင်းဘီနဲ့ ပုဆိုးကိုလဲဝတ်သည်။ သူက ပုဆိုးကိုပုံမှန်အတိုင်းအသာလေးဝတ်လိုက်ပေမယ့် ပုဆိုးကသူ့ခါးမှာ ညီညီညာညာသပ်သပ်ရပ်ရပ်ဖြစ်နေသည်။ အမှန်ပြောရရင် ညဏ်သာကပုဆိုးကို အလင်းလိုသေသေချာချာ လှလှပပမဝတ်တတ်ပါ။ အလင်းသည် အပေါ်ကဝတ်ထားသော အနက်ရောင်လယ်သာဂျက်ကတ်ကိုချွတ်ပြီး ကုတင်ပေါ်တင်လိုက်သောအခါ အောက်ခံအနက်ရောင် ချိုင်းပြတ်စွပ်ကျယ်နှင့် ဖြစ်သွားသည်။ စွပ်ကျယ်နှင့်ပုဆိုးဝတ်ထားသောအလင်း၏ body မှာ မပိန်လွန်းမဝလွန်းပဲ လူငယ်တစ်ယောက်အနေနဲ့အတော်ပင်ကြည့်ကောင်းပါသည်။
          "ပြီးပြီ ဆင်းရအောင်"ဟု အလင်းပြောတော့ သူခေါင်းငြိမ့်သည်။ နှစ်ယောက်သား အလယ်ထပ်ကိုဖြတ်ကာအောက်ဆုံးထပ်သို့ဆင်းလာပြီး ထမင်းစားခန်းဆီသို့ လျှောက်လာခဲ့ကြသည်။ အတူတူလျှောက်လာတော့ အလင်းက အရပ်ပိုရှည်တာသိသာနေသည်။ သူက ငါးပေခုနှစ်လက်မဆိုတော့ အလင်းက ငါးပေတစ်ဆယ်လက်မလောက်များရှိမလား။ မေမေကြီးက ထမင်းစားပွဲမှာထိုင်နှင့်နေပြီး "လာကြ လာကြ"ဟုခေါ်သည်။ ဒေါ်လေးမိချို  ပန်းကန်ပြင်ချထားပေးသောအသင့်နေရာတွေမှာဝင်ထိုင်သည်။ စားပွဲက ဆုံလည်စားပွဲဝိုင်းမို့  သူတို့နှစ်ယောက်မေမေကြီးရဲ့ တစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင်လိုဖြစ်နေသည်။ အလင်းက ဝမ်းနည်းနေတဲ့မျက်နှာနှင့် ခေါင်းကိုငုံ့ကာ ထိုင်နေသည်။ ဒေါ်လေးမိချိုက ဝက်သားချဉ်ပူပူလေးတွေယူလာပြီး ပြင်ထားသောပန်းကန်ထဲလိုက်ထည့်ပေးသည်။
           "မိချို ညည်းကောတစ်ခါတည်းဝင်စားလေ"
          "မစားသေးဘူးမေမေကြီး မီးဖိုပေါ်ဟင်းအိုးတင်ထားလို့ ပြီးမှပဲစားတော့မယ်"
         "အဲ့ဒါဆိုခဏထိုင်ဦး ဒီကလေးနဲ့မိတ်ဆက်ပေးမလို့"
          ဒေါ်လေးမိချိုသည် သူတို့နဲ့ခပ်ကွာကွာထိုင်ခုံတစ်ခုမှာဝင်ထိုင်သည်။
          "ဒေါ်လေး မေမေရောစျေးသွားပြီလား"ဟုဒေါ်လေးမိချိုကို သူမေးလိုက်သည်။
          "သွားပြီသားလေး မနက်ဖြန်ခရစ်စမတ်ပိတ်ရက်မို့ဒီနေ့စောစောဆိုင်ဖွင့်မယ်ဆိုပြီးထွက်သွားတာ"
          "ကဲ သားတို့စားကြ စားရင်းမိတ်ဆက်ပေးမယ်"ဟုမေမေကြီးကပြောသည်။ မေမေကြီးက ဝက်သားချဉ်ကိုခပ်စားရင်း ဒေါ်လေးမိချိုနဲ့ သူ့ကိုကြည့်ကာ" မိချို နဲ့ သားလေး ညဏ်သာ သူကအလင်းရောင်တဲ့ အားလုံးကအလင်းလို့ပဲခေါ်ကြတယ် အလင်းလို့ပဲခေါ်ကြပေါ့"
          သူနဲ့ဒေါ်လေးမိချို မေမေကြီးကိုခေါင်းငြိမ့်ပြကြသည်။ တစ်ခါမေမေကြီးသည် အလင်းဘက်သို့လှည့်ကာ " အလင်း သူကညဏ်သာ မေမေကြီးပြောပြထားတဲ့ မေမေကြီးရဲ့မြေး ဆယ်တန်းကျောင်းသားလေး ပြီးတော့ သူကဒေါ်လေးမိချိုတဲ့ ဒေါ်လေးမိချိုကဒီအိမ်ရဲ့ ထမင်းဟင်း  ဝေရာဝစ္စအကုန်လုံးတာဝန်ယူထားတာ"
          အလင်း မေမေကြီးကိုခေါင်းငြိမ့်ပြသည်။
          "ကလောက မေမေကြီးစိတ်ချရတဲ့အလုပ်သမားတွေအများကြီးထဲမှာ သားလေးအလင်းရဲ့အမေကတစ်ယောက်ပေါ့ အလင်းမှာအဖေမရှိဘူး  အလင်းဗိုက်ထဲမှာကတည်းက အလင်းရဲ့ဖေဖေကဆုံးသွားတာ၊ အလင်းက အဖေကိုမြင်တောင်မမြင်ဖူးခဲ့ဘူး၊ အခု ပြီးခဲ့တဲ့ရှစ်ရက်လောက်က အလင်းရဲ့အမေက အဆုတ်ရောင်ရောဂါနဲ့ဆုံးတယ် မနေ့ကရက်လည်ဆွမ်းကျွေးတယ်"
          သူနဲ့ဒေါ်လေးမိချိုအကြည့်တွေ အလင်းဆီမှာ။
           "အလင်းက သားလေးညဏ်သာလိုဆယ်တန်းတက်နေတုန်းပဲ အသက်လည်းအတူတူပဲ ပြီးတော့ အလင်းကစာတော်တယ် အတန်းတိုင်းပထမ ဒုတိယချည်းပဲရတယ် ဆွေမျိုးမိတ်ဆွေတွေလည်းမရှိဘူး  အဲ့တာ အလင်းကိုကျောင်းဆက်ထားပေးမို့ မေမေကြီးခေါ်လာတာ မွေးစားဖို့ မေမေကြီးခေါ်လာတာလို့ပြောရင်ပိုမှန်မယ်။
          "မေမေကြီးကမွေးစားမှာ" ဟု သူအံ့အားသင့်စွာမေးမိသည်။
          "ဟုတ်တယ်သားလေး စာချုပ်နဲ့ အပြီးမွေးစားမှာ  သားဖေဖေရော သားမေမေရာပြောပြီးပြီ အားလုံးသဘောတူတယ် ဒါကြောင့်ခေါ်လာတာ"
          ဒါဆိုသူငိုနေတာ သူ့အမေဆုံးတာမကြာသေးလို့ သတိရလို့ငိုနေတာပေါ့။ သူ အလင်းအတွက်စိတ်မကောင်းသလိုဖြစ်သွားသည်။ သူဘဝမှာတော့ သူသိတတ်စအရွယ်ကတည်းက အခုချိန်ထိ တစ်ခါမျှမငိုဖူးခဲ့ပါ။ မငိုရအောင်လည်း မိသားစုအားလုံးက အလိုလိုက်ထားကြသည်မဟုတ်လား။
          "သားလေးညဏ်သာလည်းအဖော်ရတာပေါ့ အလင်းကို သားလေးတက်တဲ့ အထက ( ၂ ) ကမာရွတ်မှာပဲကျောင်းထားမှာ သားတို့နှစ်ယောက်ကညီအစ်ကိုလိုချစ်ချစ်ခင်ခင်နေ တစ်ယောက်မသိနားမလည်တဲ့စာ တစ်ယောက်ရှင်းပြပေး အခုအလင်းမှာအဖေမရှိ အမေလည်းမရှိတော့ဘူး မေမေကြီးတို့မိသားစုကို အားကိုးလို့လိုက်လာတာ သားလေးညဏ်သာကနားလည်ပေး ဟုတ်ပီလား"
          "မွေးစားတာဆိုတော့ သူကဒီအိမ်မှာ အပြီးနေမှာပေါ့နော် မေမေကြီး "
          "အပြီးနေမှာပေါ့  အဲ့ဒါကြောင့် အောက်ကဧည့်သည်ခန်းမှာမထားပဲ  အပေါ်ထပ်ကိုအပိုင်ပေးလိုက်တာ လောလောဆယ်  သားလေးဒီဇင်ဘာကျောင်းပိတ်ရက် ရထားတာမဟုတ်လား ဒီကြားထဲ အလင်းကို ရန်ကုန်နဲ့ရင်းနှီးအောင်လုပ်ပေးလိုက်ဦး အလင်းကအခုမှ ရန်ကုန်ရောက်ဖူးတာ"
          "မေမေကြီးမွေးစားတာတော့ ဟုတ်ပါတယ် အခုမှစတွေ့ဖူးတဲ့သူနဲ့ သားတို့မိသားစုနဲ့တစ်အိမ်ထဲအတူတူနေရမှာတော့ စိတ်ထဲမှာတစ်မျိုးပဲ "
          "အလင်းက အရမ်းလိမ္မာတဲ့သားလေးဆိုတာ မေမေကြီးသိတယ် မကြာခင် အလင်းကို သားခင်သွားမှာပါ ပြီးတော့ အလင်းအတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အဝတ်အစားတွေကို သားကူညီပြီးလိုက်ဝယ်ပေးလိုက်ဦး လိုအပ်တဲ့ပိုက်ဆံအတွက် မေမေကြီးATM  card ထုတ်ပေးထားမယ် ဟုတ်ပြီလား"
            သူ မေမေကြီးကို ဘာမှပြန်မပြောပဲ ဝက်သားချဉ်ခပ်စားလိုက် ဝက်ခေါက်ကျော်ယူစားလိုက်လုပ်နေသည်။ အလင်းကိုခင်သွားမှာလား ဒါမှမဟုတ် အလင်းကိုမုန်းသွားမှာလား  သူမသိပါ။ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေသည်။
          "မိချိုလည်း အလင်းလိုအပ်တာတွေကူညီလိုက်ဦး"
           "ဟုတ်ကဲ့ မေမေကြီး အလင်းလည်းတစ်ခုခုစားချင်တာရှိရင် ဒါမှမဟုတ်တစ်ခုခုလိုအပ်တာရှိရင် ဒေါ်လေးကိုပြောလေနော်"
          အလင်းက ဘာမှပြန်မပြောဘဲခေါင်းသာငုံ့ထားသည်။
             "အလင်းက လာမယ့်ဧပရယ်သင်္ကြန်မှာ ၁၇နှစ်ပြည့်မှာ သားလေးညဏ်သာက လာမယ့်ဖေဖော်ဝါရီမှာ ၁၇ပြည့်မှာဆိုတော့ သားလေးညဏ်သာကနှစ်လလောက်ပိုကြီးတာပေါ့ အစ်ကိုဆိုတော့ ညီကိုဂရုစိုက်လိုက်ဦးနော်"
           မေမေကြီးကို သူဘာမှပြန်မဖြေပဲ ဝက်သားချဉ်သာစားနေလိုက်သည်။ သူကအကြီးတဲ့လား ဒါဆို အငယ်ဖြစ်သူအလင်းက အကြီးထက်အရပ်ပိုရှည်ပြီးပိုထွားနေတာပေါ့ ။ သူအလင်းအပေါ် မနာလိုမှုတွေ ဖြစ်လာသည်။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now