လိပ်ပြာ ( ၃ )

1.6K 35 4
                                    

လိပ်ပြာ ( ၃ )
          ထိုနေ့ညက သူတို့မိသားစုထဲကို ဝင်လာတဲ့ အလင်းရောင်ဆိုသော သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ကြောင့် သူအတွေးများစွာနဲ့  အိပ်မပျော်နိုင်ဖြစ်ခဲ့သေးသည်။ နောက်တစ်နေ့ နံနက်စောစော သူ့အခန်းတံခါးကိုလာခေါက်သူမှာ အလင်းဖြစ်နေပြန်သည်။ မနေ့ကလိုတော့ ဝမ်းနည်းရိပ်တွေ မျက်နှာမှာသိပ်မတွေ့ရ။
          "ဘာလဲကွာ"
          "ငါရေချိုးချင်လို့ အဲ့တာ ......"
          "အေးကွာ လာချိုး ငါတော့ပြန်အိပ်ဦးမယ် မင်းညက အမေကိုသတိရပြီးငိုနေသေးလား"
          "နည်းနည်းပေါ့  မင်းအခန်းကြီးက ပြည့်စုံနေတာပဲ မိုက်တယ်"ဟု သူက ရေခဲသေတ္တာကြီးကိုကြည့်ရင်းပြောသည်။
          "မင်းလည်းတော်တော်ကြာ ရလာမှာပေါ့"
          "ငါက မလိုပါဘူးကွာ ကလောမှာဒီလိုပဲဖြစ်သလိုနေလာတာ"
          "ဒါကရန်ကုန်ကွ မင်းနေတဲ့နေရာနဲ့တော့ဘယ်တူမလဲ ငါပြန်အိပ်လိုက်ဦးမယ် ဪ toilet room ထဲကပုဝါအပိုတွေခေါက်ထားတဲ့စင်မှာ သွားတိုက်တံအသစ်တွေရှိတယ် ယူတိုက်လိုက်" ဟု သူကပြောကာ ကုတင်ပေါ်ပြန်တက်ပြီး စောင်ပါခြုံလိုက်သည်။
          "ဟိုလေ မင်းရေချိုးခန်းထဲမှာ အပေါ်ကငါ့ရေချိုးခန်းမှာလို bathtub ရှိတယ်မဟုတ်လား"
          "အင်း ရှိတယ်လေ"
          "အဲ့တာလေ ငါသုံးလို့ရမလား"
          "သုံးလေ bathtub သုံးသုံး shower သုံးသုံး"
          "ပြီးတော့ မင်းမှာ နုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးရိတ်တဲ့ shaver ကောရှိလား"
          "ငါ့မှာမှ နုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးမရှိတာ အဲ့တာတော့မရှိဘူး"
          "အေးအေး ကျေးဇူးပဲ မင်းပြန်အိပ်တော့"ဟုပြောကာ toilet room ခန်းထဲဝင်သွားသည်။
          "မင်းလုပ်တာနဲ့ ငါအိပ်လို့မရတော့ပါဘူးကွာ"
          သူစားပွဲပေါ်က ဖုန်းယူလိုက်ပြီး  ဩဂတ်စတာဆီကို ဒီနေ့ညပါတီကို စုထားနဲ့ အတူဧည့်သည်တစ်ယောက်ခေါ်လာမည်ဟု fb messenger ကနေ စာတိုလှမ်းပို့လိုက်သည်။ ဩဂတ်စတာက online မှာရှိသဖြင့် Ok ဟု စာတိုပြန်ပို့သည်။ အိပ်မရသဖြင့် Facebook သုံးနေတုန်း အလင်းရေချိုးပြီးပြန်ထွက်လာသည်။ ပုဆိုးခပ်တိုတိုဝတ်ထားပြီး အပေါ်ပိုင်းဗလာနှင့် ရေစိုဆံပင်ကို ပုဝါနဲ့သုတ်နေပုံက ကြည့်ကောင်းနေသည်။
          "မင်း toilet room ထဲမှာလည်း ရေချိုးခန်းသုံးပစ္စည်းတွေကစုံနေတာပဲ ဘာတွေမှန်းလည်းမသိဘူး"
          "မင်းလည်းဝယ်လေ"
          "ငါက မင်းလိုအများကြီးမလိုဘူး ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်ဆိုရပြီ"
          "အဲ့ဒါဆို shaving cream နဲ့ shaver မလိုဘူးလား"
          "အဲ့တာတော့လိုတယ်"
          "မျက်နှာသစ်ဆေးကော"
           "အဲ့တာလည်းလိုတယ်"
          "Roll on ချိုင်းလိမ်းဆီကော"
          "အဲ့တာလည်းလိုတယ် ဟေ့ရောင် ငါပြောတာ သံလွင်ဆီတို့ ရေမွှေးတို့ Vaseline ခရင်မ်တို့  body lotion တို့ကိုပြောနေတာ  ပြီးတော့ ခေါင်းလျှော်ရည်ဆိုလည်းနှစ်မျိုးသုံးမျိုး ဆပ်ပြာရည်ဆိုလည်းနှစ်မျိုးသုံးမျိုး"
          "အေးပါ နောက်မှ မင်းလည်းလိုအပ်မှန်းသိလိမ့်မယ်  အခု မင်းအောက်ဆင်းတော့မှာလား"
          "အင်း အဝတ်လဲပြီးဆင်းတော့မှာ ငါဗိုက်စာနေပြီ"
          "အဲ့တာဆိုငါ့ကိုခဏစောင့် ငါမျက်နှာသစ်ပြီးတူတူဆင်းမယ်"
          "ငါ အပေါ်တက်ပြီး အဝတ်လဲဦးမယ်လေ  မင်းမျက်နှာသစ်ထားလိုက် ငါပြန်ဆင်းလာခဲ့မယ်"
          "အေး မင်းအောက်ပြန်ဆင်းလာရင်ဝင်ခေါ်   မင်းဆံပင်ကို dryer နဲ့ မှုတ်သွားဦးလေ"
          " မမှုတ်တော့ဘူး ခဏနေခြောက်တော့မှာ"
           ပြောရင်းဆိုရင်း အလင်း အခန်းအပြင်ပြန်ထွက်သွားသည်။ အလင်းပြန်ဆင်းလာတော့ သူလည်းအောက်ဆင်းဖို့ စောင့်နေပြီ။  အလင်းသည် အနက်ရောင်ပုဆိုးကွက်စိပ်ကလေးနှင့် တီရှပ်လက်ရှည်အဖြူဝတ်ထားပြီး တော်တော်လေးကြည့်ကောင်းနေသည်။ အလင်း၏ ချောမောပြီး စွဲဆောင်မှုရှိတဲ့ရုပ်ကလေးကိုကြည့်ကာ မနာလိုစိတ်တွေဝင်လာပြန်သည်။ သူက အိမ်နေရင်းဝတ်နေကျ ဒူးခေါင်းပေါ် အနက်ရောင် ကွာတားနှင့် အဝါရောင် ခေါင်းစွပ် ဟူဒီလေးဝတ်ထားည်။ အလင်းကသူ့ကိုသေချာကြည့်ပြီး "ညဏ်သာ မင်းကချောတယ်" ဟုပြောတော့ သူကြိတ်ပြီးသဘောကျနေသည်။
          "အလင်း မင်းမှာ ရည်စားရှိလား"
          "ဟင့်အင်း ကြိုက်တဲ့သူတော့ရှိတယ် ဖွင့်မပြောရသေးဘူး အမေကဆယ်တန်းအောင်မှရည်းစားထားရမယ်ဆိုလို့ "
          "သူ့ ဖုန်းနံပါတ် မင်းမှာမရှိဘူးလား"
          "ငါ့မှာမှဖုန်းမရှိတာ အမေက ဖုန်းပေးမကိုင်ဘူး ဝယ်လည်းမဝယ်ပေးဘူး တစ်ခါတစ်လေ YouTube လေးကြည့်ချင်တာတောင် အမေ့ဖုန်းကိုမနည်းတောင်းကြည့်ရတယ်  မနေ့ကငါပြတဲ့ဖုန်းအစုတ်လေးပေါ့"
            "ကောင်းကွာ အဲ့ဒါဆို Facebook အကောင့်လည်းမရှိဘူးပေါ့"
          "မင်းကလည်းကွာ ဖုန်းတောင်မရှိပါဘူးဆို ဒါနဲ့ မင်းမှာကာ ချစ်သူရည်းစားမရှိဘူးလား"
          "မင်းလိုပဲ မထားသေးတာပေါ့ကွာ ဒါပေမယ့်ငါ့ကိုကြိုက်တဲ့သူတွေအများကြီးပဲ ကျောင်းရောက်ရင်မင်းသိလိမ့်မယ်။ breakfast စားပြီးရင် ဒီနားက သူငယ်ချင်းအိမ်သွားမယ် မင်းကိုမိတ်ဆက်ပေးမယ် စုထားဆိုတဲ့ကောင်မလးနဲ့ အဲ့ဒီကောင်မလေးကငါ့ကိုတစ်ဖက်သတ်ကြိတ်ကြွေနေတာ"
          "အင်းလေ မင်းကချောတာကို"
            သူတို့နှစ်ယောက်အောက်ရောက်တော့ မေမေနှင့်ဖေဖေ ထမင်းစားခန်းမှာ breakfast ထိုင်စားနေပြီ။ မေမေနဲ့ဖေဖေက မောနင်းဟုပြောတော့ သူကမောနင်းပြန်ပြောသည်။ အလင်းကလည်းခပ်တိုးတိုးမောနင်းဟုပြောသည်။
          ဖေဖေက "လာထိုင်ကြ"ဟုခေါ်သည်။ မေမေက သူ့ကိုကြည့်ပြီး "သားလေးအိပ်ရေးဝပြီလား"ဟုမေးသည်။ သူက "ဟုတ် မေမေဝပြီ"ဟု ပြောရင်း ဖေဖေ့ဘေးဝင်ထိုင်သည် ။ အလင်းကသူ့ဘေးဝင်ထိုင်သည်။ စားပွဲပေါ်တွင် ထမင်းကြော်ရှိသည် ပေါင်မုန့်ချပ် ထောပတ်နှင့် စတော်ဘယ်ရီယိုဗူးရှိသည်  အသင့်စား မယောနိစ်ဗူးရှိသည်။ ပန်ကိတ်နှင့် သစ်သီးအချို့လည်းရှိသည်။ နှပ်ကော်ဖီအိုးရှိပြီး နွားနို့လည်းရှိသည်။
          "အလင်း ကြိုက်တာထည့်စား"ဟုဖေဖေကပြောသည်။ မေမေက အလင်းကို တစ်ချက်လှမ်းကြည့်ပြီးဘာမှမပြောပါ။ ဒီအိမ်မှာ အလင်းကို စကားအနည်းဆုံးသည်  မေမေဖြစ်သည်။ စကားပြောတာကို မတွေ့ရပါ။ အလင်းရောက်လာတာကိုမေမေကြည်ဖြူပါရဲ့လားဟု သူတွေးမိသေးသည်။ မေမေက သူ့အကြိုက် ပေါင်မုန့်ကို ထောပတ်သုတ်ပေးသည်။ ကော်ဖီထဲနို့ရောပေးပြီး သူ့ဘက်တိုးပေးသည်။ အလင်းက ပန်းကန်ထဲ ပဲပြုတ်ထမင်းကြော်ခပ်ထည့်ပြီး စားနေသည်။ 
          "သား ဒီနေ့ည ဩဂတ်စတာတို့အိမ်သွားမလို့ဆို"
          "ဟုတ်တယ်မေမေ သူတို့မိသားစု ခရစ်စမတ်ပါတီ သားတို့သူငယ်ချင်းတွေကိုပဲဖိတ်တာ"
          "အင်း အကြာကြီးမနေနဲ့ ဘာနဲ့သွားမှာလဲ"
          "စုထားအစ်ကိုလိုက်ပို့မလားမသိဘူး မပို့ရင်တက္ကစီပဲသွားမယ်"
            "အလင်းရော ခေါ်သွားလေ ဖေဖေလိုက်ပို့ပေးရမလား"ဟု ဖေဖေက ဝင်ပြောသည်။
          "ဖေဖေ မလိုက်ပို့ပါနဲ့ အိမ်မှာပဲနားပါ  ဟိုမှာကလူငယ်တွေလောက်ပဲရှိမှာ ဖေဖေဟိုရောက်ရင်မနေတတ်ဖြစ်နေမှာစိုးလို့  အလင်းကိုခေါ်သွားမှာ"
           "အပြန် အခက်အခဲရှိရင်ဖုန်းဆက်လေ"
          "ဟုတ်ကဲ့ဖေဖေ"
           "ဟိုရောက်ရင် အရက်တွေအများကြီးသောက်မနေနဲ့ဦး"မေမေကပြောသည်။
          "ဟုတ်ကဲ့မေမေ ဘီယာပဲနည်းနည်းသောက်မှာ"
           "အလင်းကော အရက်သောက်တတ်လား"
          "နည်းနည်းတော့ သောက်တတ်ပါတယ်အန်တီ ကလောက အေးတော့ နွေးအောင်သောက်တဲ့သဘောပါ"
          "အေး အများကြီးမသောက်နဲ့ဦး ညဏ်သာကိုလည်းဂရုစိုက်"
          "ဟာ မေမေကလည်းသားကလေးမှ မဟုတ်တာ"
          "မေမေတို့မျက်လုံးထဲမှာတော့ကလေးပဲ"
          "ဟုတ်ကဲ့ပါအန်တီ သားညဏ်သာကိုကရုစိုက်ပါ့မယ်"
          အလင်းက သူ့ထက်ငယ်တာ မေမေ မသိလေရော့သလား။ အလင်းက မေမေကြီးကိုမတွေ့၍ ဖေဖေ့ကိုမေးသည်။ ဖေဖေက "ဒေါ်လေးမိချိုနဲ့ ဆယ်မိုင်စျေး ဈေးသွားဝယ်တယ်"ဟု ပြန်ဖြေသည်။
          "အလင်း ပေါင်မုန့်တို့ ပန်ကိတ်တို့ စားလေ ကော်ဖီကောသောက်လေ ကော်ဖီဖျော်တတ်တယ် မဟုတ်လား ကော်ဖီထဲနို့ရောရုံပဲ သကြားကြိုက်ရင်သကြားထည့်"ဟု ဖေဖေက အလင်းကိုထပ်ပြောသည်။
          "ဟုတ်ကဲ့ အန်ကယ်"ဟု အလင်းပြန်ဖြေသည်။ ဒေါ်လေးမိချိုမရှိလို့ ရှိရင် ကော်ဖီကအစဖျော်ပေးလို့ ဘာမှမလိုရအောင် ဘေးကနေလုပ်ပေးနေကျ။ အလင်းသည် သူတို့မိသားစုနဲ့  စိမ်းနေသေးသည် မဟုတ်လား။
          Breakfast စားပြီး စုထားတို့အိမ်ဘက်လျှောက်လာတော့ အလင်းက "မင်းအမေက ငါ့ကို စကားသိပ်မပြောဘူးနော် "ဟု ပြောသည်။
          "မေမေက အားလုံးထဲကစကားအနည်းဆုံးကွ ဒါပေမယ့် စိတ်ထားအကောင်းဆုံး အခုဟာကမင်းရောက်ခါစမို့ စိတ်ထင်နေတာပါ"
           အလင်းခေါင်းငြိမ့်သည်။ စုထားတို့ ခြံရှေ့ရောက်တော့ သူစုထားဆီကိုဖုန်းခေါ်လိုက်သည်။ စုထားတို့ ခြံကလည်းသူတို့လောက်နီးပါးကိုကျယ်ပါသည်။ ငါးမိနစ်လောက်စောင့်လိုက်ရပြီး စုထားခြံစည်းရိုးတံခါး လူဝင်ပေါက်ကို လာဖွင့်ပေးသည်။ ပန်းဆီရောင် အပွင့်သေးသေးလေးတွေပါတဲ့ အဖြူရောင် ဂါဝန်အတိုလေးနှင့် ချစ်စရာကောင်မလေးစုထား။ ဂုတ်ပေါ်ဝဲကျနေတဲ့ဆံပင်တွေကို သားရေကြိုးနဲ့ အနောက်နားမှာစုစည်းထားသည်။ အိပ်ယာထတာသိပ်မကြာသေး မျက်နှာမှာဘာမှလိမ်းခြယ်ထားခြင်းမရှိဘဲ ပကတိဖြူဖြူစင်စင်နဲ့  ချစ်စရာကောင်မလေး။
             "နင်လေ လာမယ်လို့လည်းကြိုမပြောထားဘဲနဲ့ လာဝင်လာခဲ့"
          "နင့်ကို ငါ့ညီနဲ့မိတ်ဆက်ပေးမလို့"
          စုထားသည် သူ့နောက်က အလင်းကိုမြင်တဲ့ခဏ အံ့အားသင့်သွားသလို ဖြစ်သွားသည်။ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့  ညဏ်သာ့လို ခပ်ချောချောကောင်လေးတွေ့လိုက်ရလို့ ဖြစ်သည်။ "လာ"ဟု စုထားက အလင်းကိုခေါင်းငြိမ့်ပြကာခေါ်သည်။ စုထားကတံခါးပြန်ပိတ်ကာ အိမ်ဆီသို့ခေါ်လာသည်။
          "သူက ငါ့ညီလေ အလင်းရောင်တဲ့ ငါနဲ့ သုံးလေးဝမ်းကွဲတော်တယ်"
         စုထားက ရှေ့ကနေသွားနေရာမှ နောက်လှ့ည့်ကြည့်ပြီး "ငါနင်နဲ့ ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းပါ နင့်မှာ ဒီလိုညီလေးရှိတာတစ်ခါမှမကြားဖူးပါဘူး နင့်အမေဘက်ကလား အဖေဘက်ကလား"ဟုမေးသည်။
          "ဖေဖေတို့ဘက်က"ဟု သူပြောဖြစ်သည်။
          "ငါလည်းထင်ပါတယ် နင့်အဖေဘက်ကလို့ နင်နဲ့နင့်အဖေနဲ့တောင်ရုပ်တွေချင်းဆင်သေးတယ်  သူကနင့်ထက်အရပ်နည်းနည်းပိုမြင့်တယ်နော်"
          "ငါက ပုတာမဟုတ်ပါဘူးနော် သူကိုကအရပ်ရှည်တာပါ"
          ပြီးတော့ အလင်းဘက်လှည့်ကာ "အလင်း သူက ငါပြောထားတဲ့စုထားလေ"ဟု မိတ်ဆက်ပေးပြန်သည်။ အလင်းကခေါင်းငြမ့်ပြသည်။
          အိမ်ရဲ့ဆင်ဝင်အောက်ကနေ ဧည့်ခန်းဆီရောက်လာကြသည်။ ဧည့်ခန်းသည် ကျယ်ဝန်း၍ခေတ်မီခမ်းနားပြီး သက်တောင့်သက်သာရှိသည့် ဧည့်ခန်းမျိုးဖြစ်သည်။ ဧည့်ခန်းတွင် သူတို့အိမ်လိုတီဗွီမရှိပါ။ ထောင့်တစ်နေရာတွင် ပြောင်လက်တောက်ပနေသော အနက်ရောင်စန္ဒယားကြီးတစ်လုံးရှိသည်။ စုထားရဲ့အဖေက professional မဟုတ်ပေမယ့် စန္ဒယားတီးကျွမ်းကျင်သည်။ စုထားရဲ့အမေက ဧည့်ခန်းမှာ ရှိနေသည်။ ဆိုဖာဆက်တီမှာဝင်ထိုင်တော့ "စာမေးပွဲဖြေနိုင်လားညဏ်သာ"ဟု နုတ်ဆက်သည်။
          "ဟုတ်ကဲ့ ဖြေနိုင်ပါတယ်အန်တီ"
          "ညဏ်သာကစာတော်ပြီသားပဲ "ဟုပြောသည်။
          ပြီးမှ အလင်းကို ဦးတည်ပြီး "သူကဘယ်သူလေးလဲချောလိုက်တာ"ဟု မေးသည်။
          "သူက သားရဲ့ သုံးဝမ်းကွဲလောက်တော်တဲ့ညီပါအန်တီ ရန်ကုန်မှာကျောင်းလာတက်တာ သူလည်းဆယ်တန်းပဲ သားတို့ကျောင်းမှာပဲ တက်မှာ"
          "ချောလိုက်တာကွယ် ကိုရီးယားမင်းသားလေးကျနေတာပဲ  sweet spy ဇတ်ကားထဲက မင်းသားDennis ရဲ့ ငယ်ရုပ်ကလေး"
          အလင်းရှက်လို့လားမသိ ခေါင်းငုံ့ထားသည်။
          စုထားရဲ့ မျက်လုံးတွေကစူးစမ်းလိုစိတ်တွေနဲ့ ပြည့်နေသည်။ "နင်တို့  breakfast စားပြီးပြီလား နင်ကြိုက်တဲ့ချောကလက်ကိတ်ရှိတယ်"ဟုပြောသည်။ အလင်းပေါ်မှာကြည့်နေသော အကြည့်တွေကတော့ မလွှဲနိုင်သေး။
          "အခုပဲစားပြီးနင့်ဆီထွက်လာတာ မစားတော့ပါဘူး ခဏနေပြန်မှာ ငါ့ညီနဲ့မိတ်ဆက်ပေးဖို့သက်သက်လာတာပဲ  ဪ နင် ဩဂတ်စတာကို ခရစ်စမတ်လက်ဆောင်ဘာပေးမှာလဲ"
          "မသိသေးပါဘူး နင်ရောဘာပေးမှာလဲ"
          "Bluetooth EarPud လေး  charging လုပ်ပြီးသုံးတဲ့ဟာ မေမေနဲ့ ဗိုလ်ချုပ်စျေးကမှာလိုက်တာ  နှစ်သောင်းခွဲပေးရတယ်"
          " ကောင်းလိုက်တာ ငါ့ကောဝယ်ပေး"
          "အယ် ဒီကလေးမ အနိုင်ကျင့်ပြန်ပြီ "ဟု စုထားအမေက ဝင်ပြောသည်။
          "ရတယ်လေ လမ်းကြုံရင်ဝယ်ပေးတာပေါ့  ဟဟ"
          "နင်တကယ်ဝယ်ပေးရမှာနော်"
           "အေးပါဟ ညကျရင် နင့်အစ်ကိုလိုက်ပို့မှာလား"
          "မပို့တော့ဘူး သူလည်း သူ့သူငယ်ချင်းတွေဆီသွားမလို့တဲ့ ငါတို့တက္ကစီပဲစီးတာပေါ့"
           နာရီဝက်လောက်နေပြီး စုထားတို့ခြံထဲကပြန်ထွက်လာကြသည်။ အလင်းက "စုထားက ချစ်စရာလေးနော်"ဟု ပြောသည်။ တကယ်လည်း စုထားကချစ်စရာကောင်မလေးဖြစ်သည်။ လူကချစ်ဖို့ကောင်းသလို စိတ်ထားလေးကလည်းချစ်ဖို့ကောင်းသည်။
          " ဟုတ်တယ်ကွ တကယ်ချစ်ဖို့ကောင်းတယ် သူ့ကိုကြိုက်နေတဲ့သူတွေအများကြီးပဲ ဒါပေမယ့်သူကပြန်မကြိုက်ဘူး သူကငါ့ကိုပဲကြိုက်တာ ကျောင်းကငါ့စာရေးစားပွဲခုံထဲမှာ စားစရာတွေ ဝယ်ထည့်ပေးထားတာ ငါကြိုက်တတ်တဲ့ ကိတ်တို့ ပဲနို့တို့ဆိုပြတ်သွားတယ်ဆိုတာမရှိဘူး ဆီးသီးထုတ်တို့ နေကြာစေ့တို့ကအစရှိတယ်။ ငါ့ကိုအလိုလည်းလိုက်တယ် အလိုက်လည်းသိတယ်ကွာ"
          "မင်ကဘာလို့ ဖွင့်မပြောသေးတာလဲ"
           "အေးကွာ ငါလည်းဆယ်တန်းဖြေပြီးရင် ဖွင့်ပြောမလားလို့ "
           "မင်းတို့တွေ ဒီလောက်ရင်းနှီးနေတာအကြာကြီးရှိနေပြီကို"
           "အေး"
           သူတို့ အိမ်ပြန်ရောက်တော့ မေမေကြီးနဲ့ ဒေါ်လေးမိချိုစျေးကပြန်ရောက်ပြီး kitchen ထဲမှာသိမ်းဆည်းနေကြသည်။ "ကလေးတွေ ခုမှထတာလား"ဟု မေမေကြီးကမေးသည်။ "မဟုတ်ဘူးမေမေကြီး ထတာကြာပြီး breakfast စားပြီးလို့ စုထားတို့အိမ်ကိုတောင်ခဏသွားပြီးပြီ"ဟု သူပြန်ဖြေသည်။
           "မေမေကြီး သားဘာလုပ်ပေးရမလဲ"ဟု အလင်းကမေးသည်။ "ရပါတယ် အလင်းရယ် သားအေးအေးဆေးဆေးနေပါ သားကိုတစ်ရက် ရွှေတိဂုံဘုရားလိုက်ပို့ဦးမယ်"ဟု မေမေကြီးပြန်ပြောသည်။
          "ဒေါ်လေးရော သားဘာလုပ်ပေးရမလဲ"ဟု အလင်းက ဒေါ်လေးမိချိုကိုမေးပြန်သည်။ "ရပါတယ်အလင်းရဲ့ ဒေါ်လေးတို့သိမ်းဆည်းရုံပဲ စျေးသွားမယ့်နေ့ဆို မနက်အစောတည်းကချက်ထားတာ အားလုံးကျက်နေပြီ သားကချက်တတ်လို့လား"ဟု ဒေါ်လေးကပြန်မေးသည်။
          "အများကြီးတော့ မဟုတ်ဘူးဒေါ်လေးရ နည်းနည်းပါးပါးတော့ချက်တတ်ပါတယ် ကျောင်းပိတ်ရက်ဆို အမေ့ကိုကူလုပ်ပေးနေကျဆိုတော့"
          "ဟယ် လိမ္မာလိုက်တဲ့အလင်းလေးနော်"
          မေမေကြီးက ကျေနပ်စွာပြုံးနေသည်။ သူကတော့ kitchen ထဲကအလုပ်ကို ဝင်လုပ်ဖို့စိတ်တောင်မကူးမိ။ အင်းလေ နေရတဲ့ဘဝတွေကကွာတာပဲ။ kitchen ထဲကအလုပ်မှမဟုတ်ပါဘူး ကျန်တာဘာကိုမှ သူလုပ်စရာမလိုတာ။ သူအလုပ်က ဆယ်တန်းအမှတ်ကောင်းကောင်းနဲ့အောင်ဖို့တစ်ခုတည်းသာ။
          "အလင်းအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ မေမေကြီးဝယ်လာတယ် ကျောင်းဝတ်စုံအဖြူနဲ့အစိမ်း ဖိနပ်ကောပဲ အဲ့မှာတစ်ချက်ကြည့်လိုက်ဦး အခြားလိုအပ်တာတွေကိုလည်း ညဏ်သာနဲ့အပြင်သွားရင်ဝယ် အဲ့မှာ ဝတ်ပြီးသားအဝတ်တွေထည့်ဖို့ ခြင်း သားအခန်းထဲမှာ အဝတ်ခြင်းမရှိသေးဘူးဆို မိချိုပြောတာ "
          " ဝတ်ပြီးသားအဝတ်တွေလျှော်ဖို့ အဲ့ခြင်းထဲထည့်ထားပေး နှစ်ရက်တစ်ခါလောက် မိချိုလျှော်ဖို့လာယူလိမ့်မယ် မီးပူတိုက်ပြီးသားအဝတ်တွေကို ပြန်လာထားလိမ်မယ် အခုမေမေကြီးဝယ်လာတာတွေကို အဲ့ခြင်းထဲထည့်ပြီး အပေါ်ကို တစ်ခါတည်သယ်သွားလိုက်"
          မေမေကြီးဝယ်လာတာတွေကမနည်းပါ။ ရေချိုးခန်းသုံးပစ္စည်းအစုံ သွားတိုက်ဆေးသွားတိုက်တံကအစ wet tissue အဆုံးလိုလေသေးမရှိ။
          "သားအဝတ်တွေကို shower ခန်းထဲမှာ သားဘာသာသားလျှော်ပါမယ်"
            "ဒေါ်လေးမပင်ပန်းပါဘူး အလင်းရာ အောက်မှာ စက်နဲ့လျှော်ပြီး စက်နဲ့အခြောက်ခံတာပါ သားအပေါ်မှာလျှော်ရင် လက်တွေဆပ်ပြာပေါက်ကုန်ပါမယ် ပြီးတော့လှန်းဖို့ အတွက်ပါလုပ်နေရဦးမယ် အောက်မှာ ခဏလေးလုပ်ရပါတယ်"
            "သားက ကလောမှာ ရေချိုးရင်းနဲ့ဝတ်ထားတာတွေလျှော်လိုက်တာပဲ"
           "သားကဒီအိမ်သားဖြစ်သွားပြီဆိုတော့ မေမေကြီးတို့ပြောတဲ့အတိုင်းပဲနေ ကလောကိုလဲမေ့လိုက်တော့" ဟုမေမေကြီးဝင်ပြောတော့ အလင်းမျက်နှာမကောင်းပေ။
          "သားတို့အပေါ်တက်လိုက်ဦးမယ်"ဟု သူကပြောရင်း အလင်းအတွက်ဝယ်လာတဲ့ပစ္စည်းတွေကို အဝတ်ခြင်းထဲကောက်ထည့်သည်။ အလင်းကပါ ကောက်ထည့်သည်။ "အလင်း မေမေကြီးရဲ့ ပန်းခြံရောက်ပြီးသွားပြီလားလား မရောက်ရသေးရင် ညဏ်သာခေါ်သွားပြလိုက်ဦး" ဟု မေမေကြီးကြပြောသည်။
          "မပြရသေးဘူး မေမေကြီး ခဏနေသွားလိုက်မယ်"ဟုသူပြန်ဖြေသည်။ ပစ္စည်းထည့်ထားတဲ့ခြင်းကို အလင်းက မပြီး သူတို့နှစ်ယောက် အပေါ်တက်လာခဲ့ကြသည်။
          "ဘာပန်းခြံကိုပြောတာလဲဲ"
          "မင်းရဲ့အပေါ် ထပ်မှာလေသာဆောင်ရှိသေးတယ် အဲ့မှာ  ပန်းခြံက"
          "ဪ"
          "ငါ online game ဆော့မို့ မင်းဆော့ချင်ရင်  ပစ္စည်းတွေထားပြီးပြန်ဆင်းလာခဲ့လေ"
          "အေး ငါပြန်ဆင်းလာခဲ့မယ် ငါတစ်ယောက်တည်းဆို စိတ်တွေက ဟိုတွေးဒီတွေးနဲ့ အမေ့ကိုသတိရလို့"
          အလင်းရောက်လာတာတော့ သူ့အတွက်အဖော်ရပါသည်။ ဖေဖေက အိမ်မှာ မရှိတာကများသည်။ တစ်ပတ်ကို နှစ်ရက်လောက်ပဲ နားရက်ရသည်။ မေမေကဆို သူ့ဆိုင်အတွက်နဲ့ပဲ အချိန်ကုန်နေတတ်သည်။ မေမေကြီးကလည်း ဘုရားဝေရာဝစ္စနဲ့  ကလောကအလုပ်သမားတွေနဲ့ဖုန်းပြောရတာနဲ့  ကိုရီးယားဇတ်လမ်းတွေနဲ့ အလုပ်ရှုပ်နေတတ်သည်။ သူကလည်း ကျောင်းသွား စာလုပ်နဲ့ မအားရတာမို့ဖြစ်သည်။
           သူ့ အခန်းထဲမှာ laptop နဲ့  ဂိမ်းအတူတူ ကစားပြီးသောအခါ  သူနဲ့အလင်း ပိုမိုရင်းနှီးသွားကြသည်။ နေ့လည်စာ အတူဆင်းစားကြသည်။ နေ့လည်စာစားပြီးသောအခါ သူတစ်ရေးအိပ်မှာမို့  အလင်းကအပေါ်ထပ်ပြန်တက်သွားသည်။ 
          ညဘက်ပါတီသွားခါနီး စုထားလာမခေါ်ခင် အလင်းရှိရာ အပေါ်ထပ်သို့ တက်သွားလိုက်ပါသည်။ အလင်းရဲ့အဝတ်အစာတွေ အဆင်မပြေရင် သူ့အဝတ်အစားပေးဝတ်ရအောင်ဖြစ်သည်။ သူရောက်သွားတော့ အလင်းကရေချိုးအဝတ်စားလဲပြီး သွားဖို့အဆင်သင့်ဖြစ်နေပြီ။ သန့်ပြန့်ချောမောနေပြီး မင်းသားတစ်ယောက်လို စွဲဆောင်မှုရှိတာဝန်ခံရမည်။ အဖြူရောင်ရှပ်လက်ရှည်ပေါ်မှာ အပေါ်က လည်သာဂျက်ကတ်အနက်ထပ်ဝတ်ထားပြီး အောက်ကအနက်ရောင် ဂျင်န်းဘောင်းဘီဝတ်ထားသည်။ ညာဘက်လက်မှာ နာရီပတ်ထားသည်။ ရိုးရိုးလေးဝတ်ထားပေမယ့် တော်တော်ကြည့်ကောင်းနေသည်။
          "ရှူးက ဘာစီးမှာလဲ"
          "FILA နှစ်ရံပဲပါတာ အဖြူတစ်ရံ အနက်တစ်ရံ ဘာစီးရမလဲ"
          "အဲ့တာဆို အဖြူလေးစီးလိုက် မင်းဟာကအတုလားအစစ်လား"
           " မသိဘူး အမေဝယ်ပေးတာ နှစ်သောင်းကျော်လို့တော့ပြောတာပဲ"
          "အဲ့တာဆို မစီးနဲ့တော့ ငါ တစ်ရံထုတ်ပေးမယ် အဖြူလေးပဲ adidas တံဆိပ်"
          စုထားရောက်လာတော့ သူတို့သုံးဦးပြည်လမ်းထိပ်ကိုလျှောက်လာပြီး တက္ကစီငှါးကြသည်။ စုထားက မိုးပြာရောင် ဘလောက်အတိုလေးဝတ်ထားပြီး အပေါ်ကအဖြူရောင်ကုတ်လေးနဲ့ ပေါ့ပေါ့ပါးပါးပဲဖြစ်သည်။ ရှူးအဖြူလေးစီးထားပြီး ဆံပင်ကလည်း ပုခုံးပေါ်မကျတကျကပိုကရိုလေးနဲ့ မျက်နှာမှာတော့ မိတ်ကပ်နည်းနည်းလူးထားသည်။ မျက်နှာမှာအပြုံးချိုချိုလေးနှင့် ချစ်စရာကောင်မလေးဖြစ်သည်။ သူနဲ့တွေ့ရင် စုထားကပို၍ပြုံးပြတတ်ကာ စွဲဆောင်နေပြန်သည်။သူကတော့ တီရှပ်လက်တိုအဖြူပေါ်မှာ အဖြူရောင်ခေါင်းစွပ် ဟူဒီနှင့် အောက်က အနက်ရောင်ဂျင်းန်ပန်ပဲ ဝတ်ထားသည်။ ရှူးအနက်ကလေးစီးထားပြီး လမ်းလျှောက်လိုက်တိုင်း ပေါ့ပါးလွတ်လပ်နေသည်။ စိတ်ကလည်း ပျော်ရွှင်လို့။
          ရန်ကုန်မြို့ ခရစ်စမတ်ညကလေးသည် LED ရောင်စုံမီးအလှဆင်ထားသောခရစ်စမတ်သစ်ပင်များ ၊အိမ်နှင့် အဆောက်အဦးများနှင့် လှပလျှက်ရှိပြီး လမ်းပေါ်မှာလည်းလူတွေ ကားတွေ ရှုပ်နေကြသည်။ ဩဂတ်စတာ၏အိမ်က အင်းယားလမ်းပေါ်မှာရှိပြီး သူတို့ အထက ( ၂ ) ကမာရွတ်နဲ့သိပ်မဝေးပေ။ အင်းယားလမ်းဘေးတစ်ဖက်တစ်ချက်တွင်ရှိသောဘုရားကျောင်း ခြံ အိမ်နဲ့ အဆောက်အဦးတွေမှာ LED ရောင်စုံမီးများထွန်းထားပြီး ခရစ်စမတ်ကို ဆင်နွှဲနေကြသည်။ 
          ဩဂတ်စတာတို့အိမ်ရှေ့ခြံ မြက်ခင်းပြင်တွင် ပါတီအတွက်ပြင်ဆင်ထားကြသည်။ မီးရောင်စုံနဲ့ ခရစ်စမတ်သစ်ပင်များကို လှပစွာပြင်ဆင်ထားသည်။ စားသောက်စရာများကို Buffet ပုံစံခင်းကျင်းထားသော စားပွဲခုံတန်းရှည်ရှည်များနှင့် ထိုင်စားစရာ စားပွဲနှင့်ခုံများပြင်ဆင်ထားသည်။ ဝိုင်ပုလင်းများ ၊ ဘီယာ stand နှင့် ခွက်တွေချထားတာလည်းတွေ့ရသည်။ လူကြီးဆို၍ ဩဂတ်စတာမိဘတွေသာရှိပြီး အားလုံးလူငယ်လေးတွေသာဖြစ်သည်။ ကျောင်းထဲက သူငယ်ချင်းအချို့နှင့် အော်ကြီးရဲ့ အစ်ကိုသူငယ်ချင်းအချို့ကိုတွေ့ရသည်။ အော်ကြီးနဲ့ သူ့အစ်ကို ဩဂတ်ချူး ကအမွှာတွေ။ ဩဂတ်ချူးက ဆယ့်ငါးမိနစ်ခန့်သာပိုကြီးတာ။ ဩဂတ်ချူးကလည်း သူတို့နဲ့ အခန်း တူကျောင်းသား။ဩဂတ်ချူးက အပေါင်းအသင်းများကာ အခြားအခန်းက သူငယ်ချင်းတွေနဲ့ပါပေါင်းသည်။ သူက ဩဂတ်စတာကို EarPud လေးလက်ဆောင်ပေးလိုက်သည်။ စုထားက လည်း အလှစက္ကူကပ်ထားသောဗူးသေးလေးတစ်ခုလက်ဆောင်ပေးသည်။ ပုလဲ လက်ပတ်ကလေးဟုပြောသည်။ ဩဂတ်စတာက ကျေးဇူးတင်ကြောင်းပြောသည်။ ကျန်တဲ့သူငယ်ချင်းတွေလည်း သူမကိုလက်ဆောင်ကိုယ်စီပေးကြသည်။ ကရင်မလေး ဩဂတ်စတာအပါအဝင်   လူငယ်အားလုံး အဝတ်အကောင်းစားတွေ ဝတ်စားထားကြသည်။ အားလုံးရဲ့မျက်နှာမှာလည်းအပြုံးကိုယ်စီနဲ့  ချစ်စရာညကလေးပေါ့။
          သူက အလင်းကို သူငယ်ချင်းအားလုံးနဲ့မိတ်ဆက်ပေးပြီးတဲ့အခါမှာတော့ ဒီညရဲ့king ဟာ အလင်းဖြစ်သွားတော့သည်။ တကယ်ဆို အလင်းက သူ့ထက်အရပ်ပိုရှည်တာလေးတစ်ခုတည်းပါ။ ဒါပေမယ့် အလင်းစကားပြောလိုက်တဲ့အခါ ယောက်ျားပီသသည့်အသံဩဩလေးက အရမ်းကိုစွဲဆောင်မှုရှိတာဝန်ခံရမည်။ သူငယ်ချင်းတွေက သူတို့ကျောင်းကို ချောမောလှပတဲ့ ကောင်လေးတစ်ယောက်ကျောင်းပြောင်းလာမှာမို့ ဝမ်းသာနေကြသည်။ အလင်းကိုကြည့်ပြီး တိုးတိုးတိတ်တိတ်လည်းပြောနေကြသည်။ သူ့ထက်ကို အလင်းက စန်းပွင့်လွန်းသဖြင့် မနာလိုစွာ အာကျမိတော့သည်။ ကောင်မလေးတွေဟာ တော်တော်ပဲ အပြောင်းလဲနိုင်ကြတာလား။
          ပထမဆုံး အိမ်ထဲမှာ ဘုရားရှိခိုးဆုတောင်းကာ ဘုရားသီချင်းများဆိုကြသည်။ ဘုရာရှိခိုးအပြီး အိမ်ရှေ့မြက်ခင်းစားပွဲမှာ ဘူဖေးစားကြတာ ပျော်စရာကြီးဖြစ်သည်။ ဘီယာသောက်သူကသောက် ဝိုင်သောက်သူကသောက် လူငယ်တို့၏အသံတွေက တိတ်ဆိတ်သောညမှာ လွင့်ပျံနေသည်။ သူက စားလိုက် သောက်လိုက်လုပ်နေချိန် စုထားက ဘေးနားကမခွါပဲ သူမအိမ်မှာပဲပါတီကျင်းပနေသလိုလို သူ့ကိုဂရုတစိုက် လုပ်ပေးနေသည်။ အလင်းနဲ့ စုထားက ဝိုင်နည်းနည်းသာ သောက်သော်လည်း သူက ဝိုင်ကောဘီယာကောနှစ်ပင်လိမ်သွားသည်။ အလင်းက ထပ်မသောက်ရန်သတိပေးသည်။ ညဏ်သာ့မေမေက ညဏ်သာ့ကိုဂရုစိုက်ရန် အလင်းကိုမှာလိုက်သည်မဟုတ်လား။ စုထားက  သူနှစ်ခွက်လောက်သောက်ပြီးကတည်းက  ထပ်မသောက်ရန်ပြောသော်လည်းမရသဖြင့် ဘေးနားကနေပြီး သူ့ကို အမြည်းတွေခွံ့ကျွေးလိုက်  လိုအပ်တာတွေသွားယူပေးလိုက်နဲ့ ဂရုစိုက်နေတာ မသိရင် သူ့ကောင်မလေးလိုလို ။ တကယ်က သူအရမ်းပျော်ပြီး စိတ်လွတ်ကိုယ်လွတ်သောက်နေမိတာ ။ ဘာကြောင့်ပျော်နေမှန်း သူ့ကိုယ်သူ မသိပါ ။ ရင်ထဲမှာ အရမ်းကိုပျော်နေခဲ့တာ။ 
          ကိုးနာရီထိုးပြီး ပါဆယ်ဂိမ်းကစားမယ်လုပ်တော့ သူဘယ်လိုမှ ခေါင်းမထောင်နိုင်တော့ချေ။ အလင်းက လူနည်းနည်းရှင်းတဲ့ ခြံထောင့်တစ်နေရာမှာ ဆေးလိပ်သွားသောက်နေသည်။ စုထားက သူမူးနေသဖြင့်မဆော့တော့ဘဲ အိမ်ပြန်ရန် အလင်းကိုသွားပြောနေသည်ဟု ထင်ပါသည်။ အိမ်ပြန်ရန် အော်ကြီးကိုနုတ်ဆက်သောအခါ အစောကြီးရှိသေးကြောင်းနဲ့ မပြန်စေချင်သေးကြောင်းပြောသည်။ အလင်းက သူအရမ်းမူးနေကြောင်းနဲ့ သူ့မေမေကစောစောပြန်လာရန်မှာလိုက်ကြောင်း ပြောသံကြားရသည်။ အော်ကြီးကလည်း နားလည်းစွာနုတ်ဆက်သည်။  ခြံရှေ့လမ်းမဆီ  တက္ကစီထွက်တားဖို့ ထွက်တော့ သူကကိုယ့်ခြေထောက် ကိုယ်မနိုင်တော့ ။ နောက်ဆုံးဖေဖေ့ဆီ လာကြိုရန်ဖုန်းဆက်ရတော့သည်။
           သူအိမ်ရောက်တော့ ဖိနပ်ခန်းထဲမှာ ဖိနပ်မချွတ်နိုင် အိန္ဒြေမဆည်နိုင်စွာ ဧည့်ခန်းဆိုဖာပေါ်လဲကျလို့။မျက်လုံးတို့ ဖွင့်ရန်ပင် လေးလံနေခဲ့သည်။ အလင်းက သူ့ဖိနပ်ကို ကြိုးဖြေပြီးချွတ်ပေးကာ  ဖိနပ်ခန်းထဲသွားပြန်ထားသည်။ မေမေက သူ့ကို အများကြီးသောက်လို့ဆူသည်။ အလင်းကိုလည်း သူအများကြီးသောက်တာ မတားလို့ပြောသေးသည်။ ဖေဖေက ယောက်ျားချင်းနားလည်စွာ "တစ်ခါတစ်လေပဲကွာ"ဟု ပြောသည်။ မေမေကြီးက ဘာမှမပြောပါ။ ဒေါ်လေးမိချိုက သူနဲ့အလင်းအတွက် သံပုရာရည်ဖျော်ပေးသည်။ မေမေက သူနားထဲကို သံပုရာရည်တွေညှစ်ထည့်သည်။ မေမေရဲ့ပွစိပွစိစကားသံတွေ နားထဲမဝင်တော့။ မေမေကြီးက "မသောက်စေချင်ရင် အစကတည်းက ကလေးကိုပေးမသွာနဲ့"ဟု မေမေ့ကိုပြန် အပြစ်တင်သည်။ "အခုမှ ပြောနေလို့ လဲအပိုပဲ"ဟု ဆက်ပြောသည်။ ဖေဖေက အပေါ်တက်နားရန်ပြောပြီး သူ့ကိုအလင်းနဲ့ လက်တစ်ဖက်စီကကိုင်ပြီး တွဲထူသည်။
          "သားကျော်ပေါ်တင်ပြီး  သွားလိုက်မယ်အန်ကယ်"
          "အလင်း သူ့ကိုကျောပိုးလို့နိုင်ပါ့မလား "
          "ရတယ် အန်ကယ် သားနိုင်တယ်"
          သူ့ ကိုယ်လေး အလင်းကျောပေါ် ရောက်သွားသည်။
           "အဲ့တာဆို စောင်သေသေချာချာခြုံပေးလိုက်တော့နော် အန်ကယ်တို့မလိုက်တော့ဘူး"
           "ရတယ် အန်ကယ်"
          "ဒီနေ့ည မင်းညဏ်သာကို စောင့်ပြီးသူ့အခန်းထဲမှာပဲ အိပ်လိုက်တော့"ဟု မေမေကပြောသည်။
           "ဟုတ်ကဲ့အန်တီ"
          အလင်းကသူ့ကိုကျောပိုးပြီး အပေါ်တက်လာတော့ မေမေကြီး ကစိတ်မချစွာ အနောက်က လိုက်တက်လာသည်။ သူက သူ့ကိုကျောပိုးထားသော အလင်းကို စနောက်လိုစိတ်ဖြင့် ခေါင်းကိုသူ့ ပုခုံးနားမှီကပ်ပြီး နားကိုလေနဲ့မှုတ်လိုက်သည်။ ရုတ်တရက် အလင်းပုခုံးတွန့်သွားသည်။ လည်ပင်းဆီမှတဆင့် မော့ကြည့်တော့ချောမော၍ယောက်ျားပီပသော ကောင်လေးတစ်ယောက်ကို သူတွေ့ရသည်။ ထိုခဏမှာပင် ရင်ဘတ်ထဲမှ ပျို့တက်လာသော တစ်စုံတစ်ရာကို သူဘယ်လိုမှ တားနိုင်စွမ်းမရှိတော့။
          "ဝေါ့"ခနဲ သူ အလင်းရဲ့ကျောပေါ် အံချလိုက်ပါသည်။ "ဟာ ဟေ့ရောင်"ဟု အလင်းက အလန့်တကြားထအော်သည်။ အနောက်ဘက်ဆီက မေမေကြီးရဲ့ မသဲမကွဲအော်သံကိုပါ သူ ဆက်ကြားလိုက်ရသည်။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now