လိပ်ပြာ ( ၁၄ )

855 18 0
                                    

လိပ်ပြာ ( ၁၄ )
မေမေကြီး၏ပန်းခြံလေးနှင့်အတူ ရေတံခွန်အသေးလေးနဲ့ ရေကူးကန်လေးက ခေတ်ပေါ်ဒီဇိုင်းမို့ မြင်တာနှင့် ဆင်းကူးချင်စရာဖြစ်နေသည်။ sunbathing ကုတင်နှစ်လုံး ထပ်ဖြည့်လိုက်သောအခါ ရေကူးကန်လေးက ပြည့်စုံသွားတော့သည်။ အလင်းမွေးနေ့တွင် ရေကူးကန်ဘေးမှာပဲကိတ်ခွဲကြသည်။ အလင်းက စုထားနှင့် အော်ကြီးတို့မောင်နှမကို ဖိတ်ထားသဖြင့် သူတို့သုံးယောက်လည်းရောက်နေကြသည်။ မေမေကြီးက စားသောက်စရာများကို food panda 🐼 နေမှာပေးသည်။ ဖေဖေက ဝိုင်တစ်လုံးဖောက်ပေးသည်။ မေမေကတော့ ဗိုလ်ချုပ်စျေးက ပြန်မရောက်သေးပါ။ မေမေကြီးက အလင်းကို စိန်လက်စွပ်တစ်ကွင်းပေးသည်။ ဖေဖေက အလင်းအတွက် ATM ကတ်အသစ်တစ်ခုကို ပိုက်ဆံပါထည့်ပေးသည်။ သူကတော့ မွေးနေ့ကိတ်ပဲမှာပေးဖြစ်သည်။ စုထားက မွေးနေ့လက်ဆောင်ဗူးကလေးနဲ့ အော်ကြီးတို့မောင်နှမကလည်း ပါဆယ်ထုပ်ကိုယ်စီနဲ့။ မွေးနေ့ကိတ်ခွဲပြီး အလင်းက တစ်ဇွန်းစီလိုက်ခွန့် သည်။ ပြီးတော့ ဖေဖေရဲ့ ဝိုင်နဲ့အတူ foods panda ကလာပို့တဲ့စားသောက်စရာတွေစားကြသည်။ မေမေကြီးနဲ့ဖေဖေကလည်း သူတို့ လူငယ်လေးတွေနဲ့အတူ ပြုံးပျော်လို့ ။ အမှတ်တရ ဓါတ်ပုံတွေတွဲရိုက်ကြသည်။ စားသောက်ကြပြီး သူတို့လူငယ်ငါးယောက် ရေကူးဝတ်စုံမလဲကြတော့ဘဲ ရေကူးကန်ထဲဆင်းဆော့ကြသည်။ အလင်းရဲ့မွေးနေ့ပွဲလေးဟာ မထင်မှတ်ပဲပျော်စရာကောင်းခဲ့ပါသည်။ အလင်းကတော့ သူ့အမေနူးနူးမရှိဘဲ ဖြတ်သန်းရတဲ့ပထမဆုံးမွေးနေ့မို့ မျက်နှာသိပ်မကောင်းပေ။ ဝမ်းနည်းရိပ်စွန်းနေတဲ့မျက်ဝန်းတွေက ပြိုတော့မယ့်မိုးတွေလိုပါပဲ။ အလင်းဝမ်းနည်းနေတာတွေပျောက်သွားအောင် ရေထဲမှာသူ့ကိုလိုက်စနေလိုက်သည်။ အလင်းကိုရေစက်တွေစင်အောင် သူ့ဘေးနားမှာ လက်သီးနဲ့ရေတွေ လိုက်ထိုးခွဲသည်။ ထိုညက အလင်းသည် ညဏ်သာ့ရင်ခွင်ထဲ ငိုကြွေးနေခဲ့သေးသည်။
ရေကူးကန်လေးပြီးသွားတော့ ညနေတိုင်းလိုလို အလင်းနဲ့ညဏ်သာ ရေကူးဖြစ်ကြသည်။ ရေမကူးတတ်တဲ့အလင်းကို သူကရေကူးနည်းတွေသင်ပေးဖြစ်သည်။ ဘဝရဲ့ပျော်စရာ ကြည်နူးစရာ အချိန်လေးများဖြစ်ပါသည်။ နောက်ပိုင်းရက်များတွင် ညနေရေကူးကန်ထဲဆင်းခါနီး အချိန်တိုင်း စုထားကရောက်လာပြီး ရေကူးသည်။ သူလာတဲ့နေ့တွေဆို ပျော်စရာမကောင်းတော့ပါ။ ငယ်သူငယ်ချင်းမို့ မလာနဲ့ဟုလည်းပြောမထွက်ခဲ့။ အော်ကြီးတို့မောင်နှမကတစ်ခါတစ်လေမှ ရေလာကူးပေမယ့် သူမက ညနေတိုင်းရောက်လာသည်။ အခြားအချိန်တွေပြောင်းကူးလို့ရပေမယ့် ညနေဆည်းဆာအချိန်က ရေကူးတာအကောင်းဆုံးမို့ စုထားနှင့်အတူ မကူးချင်ပဲကူးနေရတော့သည်။ စုထားက အလင်းကိုကြိုက်နေတာ သူ့စိတ်ထဲမှာလုံးဝသေချာနေခဲ့သည်။ နောက်ဆုံး လုံးဝသည်းမခံနိုင်တော့ပဲ ညနေပိုင်းတွေမှာ ရေမကူးပဲ ရှောင်နေခဲ့သည်။
"မင်းမပါပဲ ငါနဲ့စုထားနှစ်ယောက်တည်းကူးလို့ကောင်းမလားကွ"
"ဘာလို့မကောင်းရမှာလဲ သူငယ်ချင်းတွေပဲ "
ညဏ်သာ စုထားလာရင် သိသိသာသာရှောင်နေတော့သည်။ အလင်းက ညဏ်သာ့စိတ်ကိုသိသဖြင့် အတင်းအကြပ်ကြီး မပြောတော့ပါ။ သုံးလေးရက် လောက် အလင်းနဲ့စုထားနှစ်ယောက်တည်း ရေအတူတူကူးပြီး နောက်ပိုင်းရက်တွေ စုထားမလာတော့ပါ။ စုထားက ညဏ်သာ့ကို စိတ်မဝင်စားတော့ပဲ အလင်းကို စိတ်ဝင်စားတာလည်း ပိုသိသာလာခဲ့ပြီ။ စုထားအိမ် တစ်ခုခုလုပ်စားပြီဆို သူ့ဆီကို ဖုန်းမဆက်တော့ပဲ့ အလင်းဆီဆက်တတ်ပြီ။ စုထားအမေကတောင် အလင်းကိုသဘောတကျ အိမ်ကိုမကြာခဏဖိတ်တတ်တာ။ နောက်ပိုင်း သူက စုထားကို သိပ်မခေါ်သလို စုထားခေါ်ရင်လည်း သူလိုက်မသွားဖြစ်တော့ပေ။ အလင်းကတော့ အားနာတဲ့စိတ်နဲ့ သွားသည်ပေါ့လေ။
မေလ၏နှောင်းပိုင်းရက်များတွင် ရန်ကုန်မြို့ မိုးကောင်းကင်သည် တိမ်မည်းညိုများဖြင့်ပြည့်နေပြီး တစ်ခါတရံမိုးသက်လေပြင်းများကျကာ မိုးရသီကိုကြိုဆိုပေးနေသလိုထင်ရသည်။ တစ်ခါတစ်ရံတွင်လည်း ကြည်ပြာရောင်ကောင်းကင်နှင့်အတူ တိမ်ဆိုင်အဖြူတွေက အဆုပ်လိုက်အဆုပ်လိုက်ရှိနေပြန်သည်။ ဖေဖေသည် မေလကုန်ရက်သတ္တပတ်ခွင့်ရပြီး ဖူးခက်ကမ်းခြေရှိ AVISTA GRANDE PHUKET KARON MGALLERY မှာ မိသားစုဖြင့် VIP တည်းခွင့်ရသည်။ ဖေဖေ၏ Bangkok Airways က ကမ်းခြေတစ်ခုခုရှိ five stars ✨ hotel တစ်ခုခုမှာ VIP တစ်ယောက်အဖြစ် နှစ်စဉ် နားဖို့စီစဉ်ပေးသော်လည်း ဖေဖေတစ်ခါမှမသွားခဲ့ပါ။ အခုတစ်ခါတော့ မိသားစုလိုက် ဖူးခက်ကမ်းခြေသွားမည်ဟုပြောသည်။ မေမေကရော မေမေကြီးရော အားလုံးလိုက်မည်ဖြစ်သောကြောင့် သူအပျော်ကြီးပျော်နေသည်။ အိမ်မှာ မစံပယ်ရယ် ဒေါ်လေးမိချိုရယ် Mixer လေးရယ် အိမ်စောင့် ကျန်နေတော့သည်။
AVISTA GRANDE PHUKET KERON MGALLERY သည် ဖူးခက်ရှိအကောင်းဆုံးဟိုတယ်တစ်ခုတွင်အပါအဝင်ဖြစ်သည်။ five stars ✨ အဆင့်ရှိပြီး အလွန်ပင်ခန်းနားလှပါသည်။ spa , bar , pool, gym, restaurant, library များပါရှိပြီး sea view အခန်းများသည် အလွန်စိတ်လှုပ်ရှားစရာကောင်းလောက်အောင် စွဲဆောင်မှုရှိကြသည်။ မေမေကြီးက တစ်ခန်း ဖေဖေနဲ့မေမေကတစ်ခန်း သူနဲ့အလင်းကတစ်ခန်း။ သူတို့VIP တွေအတွက်superior အခန်းတွေမှာနေရသည်။ superior အခန်းများသည် ပေါ်တူဂီနိုင်ငံ၏ အခန်းပြင်ဆင်မှုအတိုင်းဖွဲ့စည်းတည်ဆောက်ထားပြီး ထိုင်းနိုင်ငံ၏ ခေတ်သစ်ယဉ်ကျေးမှု တွေကိုပါထည့်သွင်းတည်ဆောက်ထာသည်။
          ပင်လယ်မရောက်ဖူးသော အလင်းမှာ ပိုပြီးပျော်နေသည်။ အလင်းရော သူရော ပင်လယ်စာကြိုက်သဖြင့် ဖူးခက် စရောက်သောနေ့ကတည်းက ပင်လယ်စာ စစားကြသည်။ ပင်လယ်ထဲ လှိုင်းစီးစကိတ်ဘုတ်ပြားတွေနဲ့ ဆော့ကြသည်။ အလင်းကရေမကူးတတ်တော့ သူ့ကိုရေကူးနည်းသင်ပေးရင်း နှစ်ယောက်သားဆော့နေကြသည်။ ရေကူးဘောင်းဘီသာဝတ်ထားကြပြီး အပေါ်အင်္ကျီမဝတ်ထားသောကြောင့် အသားဖြူဖြူနှင့် ချစ်စရာလူငယ် ကောင်ကလေးနှစ်ယောက်သည် ရေပြင်ပြာပြာ ရေလှိုင်းဖြူဖြူတွေနှင့်ကြားမှာဆော့နေတာ ပတ်ဝန်းကျင်လောကကြီးကိုတောင်မေ့နေကြသည်။ မေမေကြီးတို့ လူကြီးတွေက ရောက်ရောက်ချင်းတစ်ရက် ရေထဲဆင်းပြီး နောက်ရက်တွေရေထဲမဆင်းတော့ပါ။ ထိုရက်များတွင် ဖူးခက်ကမ်းခြေကနေ speed boat 🚤 စီးပြီး ဘေးနားကကျွန်းတွေဆီ သွားကြသည်။ snorkelling 🤿 လုပ်ကြသည်။ဟိုတယ်ပြန်ရောက်ပြီး ညဘက်တွင် ကမ်းစပ်ကသဲသောင်ပြင်မှာ အလင်းနှင့် နှစ်ယောက်တည်း သွားထိုင်ကြသည်။ မဟူရာကောင်းကင်နှင့် မဟူရာပင်လယ်ကြီးက သူနဲ့အလင်းလိုပဲပေါ့။ နီးစပ်နေသလို ထိတွေ့နေသလိုနဲ့ တကယ်တော့ဝေးနေကြတာမဟုတ်လား။
           မနက်ပိုင်း breakfast စားပြီး ရေကူးကန်က sunbathing လုပ်တဲ့ အပြာရောင် ကုတင်တွေမှာ လဲလျောင်းကာပင်လယ်ကြီးငေးမောကြသည်။ ဟိုတယ်တွင် မီတာ၂၀၀ခန့်ရှည်သောခေတ်မီရေကူးကန်နှစ်ခုရှိပြီး ဘေးပတ်ပတ်လည်က ကုတင်အပြာတွေမှာ သူတို့လိုပဲလှဲနေသော foreigners လည်း အမြောက်အများရှိသည်။ ညနေ ပင်လယ်ထဲဆင်းပြီးပြန်တက်လာရင် ဒီရေကူးကန်ထဲ ခဏဆင်းဖြစ်ကြသေးသည်။ ရေကူးကန်ကပြန်တက်ပြီး အခန်းထဲရောက်လာရင် ရေချိုးခန်းထဲက bathtub အဝိုင်းထဲမှာ နှစ်ယောက်အတူဝင်ပြီး ရေနွေးနဲ့စိမ်သေးတာ။ bathtub အဝိုင်းကြီးက အကြီးကြီးမို့ နှစ်ယောက်သား အေးအေးဆေးဆေး ရေနွေးစိမ်ကြသည်။ ရေနွေးစိမ်ရင်း အနမ်းတွေပေးရင်း ရေချိုးလို့ပေါ့။ ဖူးခက်ခရီးသည် မိသားစုပါသော်လည်း သူတို့နှစ်ယောက်အတွက် ကလောခရီးလိုပဲ လွတ်လပ်၍ပျော်စရာကောင်းလှပါသည်။ ဖူးခက်ကမ်းခြေ၏အလှတရားများသည် အလင်းကိုချစ်သော ချစ်ခြင်းတရာများနှင့်အတူ ထာဝရမမေ့နိုင်လောက်အောင် ရင်ထဲစွဲကျန်နေတော့မည်ထင်ပါသည်။ ဘဝမှာ ထာဝရထင်ကျန်နေမယ့် အမှတ်တရတွေဖြစ်ပြီး ဒီပျော်ရွှင်ခြင်း လှိုက်ဖိုရင်ခုန်ခြင်းတွေကို မပျောက်ပျက်အောင် အပိုင်သိမ်းထားလိုက်ချင်သည်။ သို့သော် ကံကြမ္မာဆိုတာ အကောင်းအဆိုး ဒွန်တွဲနေတာ မဟုတ်လား။ သူ့အတွက် စိတ်တထင့်ထင့်နဲ့ စိုးရိမ်နေသာရက်သည် သိပ်မကြာခင်အချိန်အတွင်း ရောက်ရှိလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါ။
ဖူးခက်က ပြန်ရောက်ပြီး မကြာခင် တစ်ရက်မှာဖြစ်သည်။ ဇွန်လ၏ အစောပိုင်း ရက်တစ်ရက်ဖြစ်ပြီး မိုးများခပ်သည်းသည်းရွာနေသည်။ ထိုနေ့ညနေတွင် သူသည် Mixer လေးကိုပွေ့ပြီး ဂိမ်းဆော့နေသည်။ ထိုအချိန်တွင် သူဆီကို အလင်းဖုန်းဆက်ကာ ရေကူးကန်ထဲရေဆင်းချိုးမလားဟု မေးသည်။ မိုးများရွာနေသောကြောင့် နောက်နေ့မှ ချိုးမယ်ဟုဖြေကာ ဂိမ်းဆက်ဆော့နေသည်။ ဖူးခက်က ပြန်ရောက်ပြီးကတည်းက ရေကူးကန်လေးထဲမဆင်းဖြစ်သေးပေ။ ဂိမ်းဆော့နေရင်းတော်တော်ကြာမှ မိုးစက်တွေအောက်မှာ ရေကူးရရင်ကောင်းမှာပဲဟု တွေးမိသည်။ ထို့ကြောင့်ပင် Mixer လေးကို ပွေ့ချီကာ အပေါ်ထပ်တက်လာခဲ့သည်။ အလင်းသည် အခန်းထဲမှာ ရှိမနေပါ။ ဝရန်တာဘက်ဆေးလိပ်ထွက်သောက်နေမလားဟု သွားကြည်သော်လည်း မရှိပါ။ ဒေါ်လေးမိချိုနဲ့ ဟင်းကူချက်နေမလား ဒါမှမဟုတ် မေမေကြီးကိုနှိပ်ပေးနေမလားဟု တွေမိပြီး အောက်ဆုံးထပ်ကို ပြန်ဆင်းလာခဲ့သည်။ မေမေကြီးက ဘုရားခန်းမှာ ဘုရားပန်းရေလဲနေသည်။ ဒေါ်လေးမိချိုက မီးဖိုချောင် တံပြက်စည်းလှည်းနေသည်။
"ဒေါ်လေး အလင်းမတွေ့ဘူးလား"
"အပေါ်မှာ ရှိမာပေါ့သားရဲ့"
"သား အပေါ်သွားကြည့်ပြီးပြီ မရှိဘူး"
"ရှိမှာပါသားရဲ့ စုထားလည်းရောက်နေတာသားသိတယ်မဟုတ်လား"
"ဗျာ"
ရင်ထဲ ဒိန်းကနဲ ခုန်ဆောင့်သွားသည်။
"စုထားရောက်တာပဲနာရီဝက်လောက်ရှိနေပြီထင်တယ် ဒေါ်လေးပဲတံခါးဖွင့်ပေးလိုပ်တာ သားတို့ဆီသွားမယ်လို့ပြောပြီး အပေါ်တက်သွားတာပဲလေ"
တဒုန်းဒုန်းခုန်လာသော နှလုံးသားသည် တဖြည်းဖြည်းမြန်လာခဲ့သည်။ စိတ်တွေ ချက်ချင်းမွန်းကြပ်သွားသလိုခံစားရသည်။
"Mixer လေး ခဏကြည့်ထားပေးဦး သား ခဏအပေါ်တက်လိုက်ဦးမယ်"
"ကြည့်မှာပေါ့ ဒေါ်လေးရဲ့ အသည်းလေးကို"
ဒေါ်လေးက တံပြက်စည်းကိုချလိုက်ပြီး သူ့ဆီကMixer လေးကို ယုယုယယပွေ့ချီလိုက်သည်။ သူ ချက်ချင်းအပေါ်ပြေးတက်ခဲ့သည်။ မထင်မှတ်ထားဘူး အလင်းနဲ့ စုထား နှစ်ယောက်တည် မိုးရွာထဲမှာ ရေဆင်းကူးနေလိမ့်မယ်လို့။ ပြေးတက်လာသောကြောင့် အပေါ်ဆုံးကို ဘယ်လိုရောက်လာမှန်းမသိ။ ပြေးတက်လာသောကြောင့် လူကမောပြီး နှလုံးသားကလည်းတဒုန်းဒုန်းခုန်နေသည်။အပေါ်ရောက်တော့ ရေကူးကန်ထဲမှာ ဘယ်သူမှမရှိပါ။ မိုးရေစက်တွေက ရေကူးကန်ထဲမှာ လွှင့်ကနဲ လွင့်ကနဲ ။ မိုးရေထဲ ဖြည်းဖြည်းချင်းလျှောက်လာပြီး မေမေကြီးရဲ့ နားနေဆောင် penthouse ဘက်အလှည့်မှာ မြင်လိုက်ရသောမြင်ကွင်းသည် လူကိုရူးမတတ်ဖြစ်သွားစေပါသည်။ ရူးမတတ်ဖြစ်တာ မဟုတ်ဘူး သူ အသက်ရှူရပ်သွားတာလား။ ရင်ထဲက စူးကနဲနာကျင်မှုနှင့်အတူ ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားလိုပ်ရသည်။ သူ မြင်လိုက်ရသည်က စုထားနှင့်အလင်းရောင်သည် မိုးသည်းတွေအောက်က နားနေဆောင် penthouse ထဲမှာ နုတ်ခမ်းချင်းထိပြီးနမ်းနေကြခြင်းပဲဖြစ်သည်။
ဝမ်းနည်းခြင်း နာကျင်ခြင်းနှင့်အတူ မြတ်နိုးတန်ဖိုးထားအရဆုံးအရာတစ်ခု ဆုံးရှုံသွားရသလို မိုးရေတွေနဲ့အတူ မျက်ဝန်းမှာ မျက်ရည်ဥတို့ တွဲခိုလာသည်။ ခဏလေးအတွင်းမှာပင် သူ့ကိုယ်ကို မိုးတွေစိုကုန်သည်။ မြင်ကွင်းက ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတာမို့ ပြန်လှည့်ပြေးခဲ့ပြီး အောက်ကိုပြန်ဆင်းလာခဲ့သည်။ သူ့အောက်ဆင်းလာတော့ သူ့နောက်က လိုက်ဆင်းလာတဲ့ ခြေသံတွေကိုကြားရသည် ။ သူ့ခြေသံကြောင့် နှစ်ယောက်သား အလန့်တကြားဖြစ်သွားပြီး နောက်ကလိုက်ပြေးဆင်းလာကြတာ။
"ညဏ်သာ"
အလင်းရဲ့ အော်ခေါ်သံ ။သူ လှည့်မကြည့်တော့ပါ။
"ညဏ်သာ"
သူ လုံးဝလှည့်မကြည့်ပဲ အခန်းထဲပြေးဝင်လာပြီး တံခါးလော့ချလိုက်သည်။
ရက်စက်လိုက်တာ ရက်စက်လိုက်တာအလင်းရာ။ မျက်ရည်တို့ အတားအဆီးမရှိ ကျလာကြသည်။ စုထားကို အလင်းပြန်ကြိုက်လိမ့်မယ် မထင်မှတ်ထားခဲ့ဘူး။ နုနယ်တဲ့ နှလုံးသားမှာ ပထမဦးဆုံး နှစ်နှစ်ကာကာ ချစ်မိခြင်းရဲ့ ရလဒ်ကနာကျင်တဲ့လား။ သူမြတ်နိုးတဲ့အလင်းရဲ့ နုတ်ခမ်းကို တစ်စုံတစ်ယောက်ကနမ်းနေတာတဲ့လား ။ အဲ့ဒီတစ်စုံတစ်ယောက်ဟာ သူ့သူငယ်ချင်း အရင်းကြီးတဲ့လား။ ရင်အစုံသည် တဆတ်ဆတ်တုန်နေသည်။ မျက်ရည်တွေက အတားအဆီးမဲ့စွာ။ လုပ်ရက်လိုက်တာ သူ့ရဲ့ ဖြူဖြူစင်စင်နဲ့တန်ဖိုးထားတဲ့ ချစ်ခြင်းမေတ္တာကို လုပ်ရက်လိုက်တာ။ အဲ့တာ စော်ကားလိုက်တာပဲ မဟုတ်လား။
"ညဏ်သာ ဒုန်း .. ဒုန်း.. ဒုန်း.. တံခါးဖွင့်ဦး"
သူ နားနှစ်ဖက်ကိုအုပ်ထားလိုက်သည်။ မကြားချင်ဘူး မင်းခေါ်သံကို မကြားချင်ဘူး မင်းငါ့အချစ်ကို စော်ကားတယ် မင်းရက်စက်တယ် မင်းအရမ်းရက်စက်တယ်။ သူ့ အော်သံတွေက နုတ်ခမ်းဝမှာ ပျောက်ကွယ်သွားသည်။
"ညဏ်သာ တံခါးဖွင့်ဦး ငါမင်းကိုပြောစရာရှိတယ်"
နားနှစ်ဖက်ကို ပိတ်ထားပြီး ခေါင်းရမ်းမိသည်။ ရှက်ရွှံ့သိမ်ငယ်စွာ မျက်ရည်တွေကျနေဆဲ။ သူ့ရဲ့ဘဝမှာ မျက်ရည်ဆိုတာ အလင်းနဲ့တွေ့မှ ကျလာဖူးတာတဲ့ ။ သူဟာ ယောက်ျားလေးတစ်ယောက်အတွက်ကြောင့် မျက်ရည်ကျရတာတဲ့။ ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲ။ အလင်းကို နာကျည်းသလို ကိုယ်ဘဝကို လည်း ကိုယ်နာကျည်းနေမိပြီ။ နာကျင်ခြင်းဒဏ်ကို ပထမဦးဆုံးအဖြစ် နှလုံးသားက ခံစားမိသောအခါ အလွန်အမင်း စိတ်ထိခိုက်မိသည်။ ချစ်မိခဲ့ခြင်းကြောင့် တန်ပြန်ရလာတဲ့ခံသားချက်က အဲ့လောက်တောင်ဆိုးရွားတာလား။ သူ အချိန်ကြာမြင့်စွာ ငိုနေမိခဲ့သည်။ အလင်းသည်လည်း အချိန်ကြာမြင့်သည့်တိုင်အောင် သူ့အခန်းရှေ့မှာ ရပ်ပြီးခေါ်နေခဲ့သေးသည်။ နောက်ဆုံး သူ့ဆီက ဘာတုန့်ပြန်မှုမှ မရသောအခါ ပြန်လှည့်ထွက်သွားသော ခြေသံကို သူကြားလိုက်ရသည်။ မင်းထွက်သွားပါ အလင်းရာ ............

ကျွန်တော်၏လိပ်ပြာOpowieści tętniące życiem. Odkryj je teraz